ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး အတွက် ကချင် စစ်ရှောင်ဒုက္ခသည် စခန်းများသို့ အစိုးရက ကမ်းလှမ်းထားခြင်း မရှိသေးကြောင်း သိရသည်။
“ကျနော်တို့ အဖွဲ့ကို သန်းခေါင်စာရင်းကောက်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေ အထိ ဘယ်အဖွဲ့မှ လာ မကမ်းလှမ်းဘူး၊ ကောက်ဖို့ကလည်း အခက်အခဲတွေ များတယ်”ဟု ကချင်လွတ်လပ်ရေး အဖွဲ့(KIO) ဗဟိုကော်မတီ ဒုတိယ အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောသည်။
လက်ရှိ အချိန်၌ ဒုက္ခသည် စခန်း အတွင်း လူဦးရေစာရင်း အတိအကျ ကောက်ယူထားသော်လည်း၊ စစ်ပြေး ဒုက္ခ သည် များတွင် မှတ်ပုံတင်နှင့် စာရွက်စာတမ်းများ မရှိသဖြင့် သန်းခေါင်စာရင်း ကောက်ယူရေး ခက်ခဲမည် ဖြစ်ကြောင်း ဦးလနန်က ဧရာဝတီသို့ ပြောသည်။
နေပြည်တော်တွင် ကျင်းပမည့် သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်သည့် အစိုးရ၏ ဆွေးနွေးပွဲ အကြောင်း ကြားစာ ရောက်လာသော်လည်း ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသည့် လက်နက်ကိုင် အဖွဲ့အစည်းများ ဆို သည့် အသုံးအနှုန်း ပါရှိသည်ကို သဘောမတွေ့သည့် အတွက် မတက်ရောက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး ကချင်စစ်ရှောင် ဒုက္ခသည် စခန်း ကော်မတီ ဥက္ကဌ ဦးဒွဲပီဆာကလည်း“သန်းခေါင်စာရင်း ကိစ္စကတော့ သူတို့ ဘာမှလည်း မပြောဘူး၊ ကျနော်တို့လည်း ဘာမှ မသိသေး ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ကချင်စစ်ရှောင် ဒုက္ခသည် စခန်း ကော်မတီက တာဝန်ယူသည့် စခန်း စုစုပေါင်း ၂၂ ခု ရှိပြီး ဒုက္ခသည် စခန်း ၄ ခုနှင့် စစ်ပြေး ဒုက္ခသည် ဦးရေ ၅ သောင်းကျော် ရှိကြောင်း၊ လက်ရှိ ဒုက္ခသည်များ ဦးရေ စာရင်းကို ကောက်ယူ ထားသော် လည်း သန်းခေါင်စာရင်းနှင့် ပတ်သက်ပြီး ဘာမှ မသိရှိရသေးကြောင်း ဦးဒွဲပီဆာက ဆက်ပြောသည်။
“ကျနော်တို့ စခန်းမှာ လူဦးရေ ၄၄၄၀ ရှိတယ်၊ ဒီမှာက မှတ်ပုံတင်တွေ မရှိတဲ့ အတွက် အခက်အခဲ များစွာရှိတယ်၊ သန်းခေါင်စာရင်း ကိစ္စကတော့ ဘာမှ မသိရသေးဘူး၊ ကျနော်တို့ဆီမှာတော့ စာရင်းတွေ ကောက်ထားတာ ရှိပါ တယ်”ဟု ဝမ်ချိုင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဇော်မှိုင်းက ဧရာဝတီသို့ ပြောသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံချင်းကို မတ်လ ၃၀ ရက်မှ ဧပြီလ ၁၂ရက် အထိ ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ကောက်ယူရာတွင် လက်ရှိ စစ်ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင် နယ်မြေ နှင့် ၅ ကီလို အကွာ အထိ ကောက်ခံသွားမည် ဖြစ်ကြောင်း သန်းခေါင်စာရင်း ကောက်ခံရေး ကော်မတီက သတင်း ထုတ်ပြန်ထားသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ဝန်ကြီး ဦးခင်ရီတို့ မတ်လ ၁ ရက်က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။