ပြည်သူ့လွှတ်တော် အစိုးရ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်သုံးသပ်ရေး ကော်မတီက အစိုးရအနေဖြင့် လွှတ် တော်တွင် အကောင်အထည် ဖော်ပေးမည်ဟု အာမခံ ကတိပြုထားသည့် အချက်များ ဆောင်ရွက်ပေးရန် ပျက်ကွက်လျက် ရှိကြောင်း အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။
၂၀၁၁ ခုနှစ် စတင်ခဲ့သော လွှတ်တော် ပထမအကြိမ် ပထမပုံမှန်အစည်းအဝေးမှ နဝမပုံမှန်အစည်းအဝေးအထိ အစိုးရက အကောင် အထည်ဖော်မည်ဟု ကတိပြုထားသော အာမခံချက်များ၊ ကတိများ ၊ တာဝန်ခံချက်များ အနက် တချို့ကိစ္စရပ်များမှာ ယနေ့ အချိန်အထိ အကောင်အထည် မဖော်နိုင်သေးဘဲ ပျက်ကွက်နေဆဲ ဖြစ်ကြောင်း ယင်း ကော်မတီ၏ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရက ကတိပြုထားသော အာမခံချက်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း ရှိ / မရှိ စောင့်ကြည့် စစ်ဆေးခြင်း၊ သွားရောက် စစ်ဆေးခြင်း၊ လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ပြည်သူ့လွှတ်တော် အစိုးရ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်သုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းစိန်က လွှတ်တော်တွင် ပြောဆိုသည်။
ပြည်သူ့လွှတ်တော် ပထမအကြိမ် တတိယပုံမှန် အစည်းအဝေးတွင် ရန်ကုန်မြို့ရှိ ဟောင်းနွမ်း စုတ်ပြတ်နေသော ဘတ်စ်ကားများ အစား အဲယားကွန်းပါသော သက်သောင့်သက်သာ ရှိစေမည့် ဘတ်စ်ကားများ အစားထိုး ပြေးဆွဲပေးရန် အစိုးရသို့ မေးခွန်းမေးမြန်း ခဲ့ရာ ၂၀၁၃ ခုနှစ်အတွင်း ဆောင်ရွက်ပေးသွားမည် ဆိုသည့် ကတိမှာ ယနေ့အချိန်အထိ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဧရာဝတီသို့ ပြောသည်။
“ပထမအကြိမ်က အဋ္ဌမ အကြိမ်အထိ တင်သွင်းခဲ့သည့် အဆိုများ အနက် အဆို ၇၇ ခု အတည်ပြုခဲ့ ပါတယ်၊ အတည်ပြုတဲ့ အဆို တွေထဲမှာ လုပ်ငန်းဆောင်ရွက်ပြီးတာ ၅၅ ခု၊ လုပ်ငန်းလက်ကျန် ၂၂ ခု ရှိပါတယ်၊ ၂၂ ခုထဲမှာ ၂၀၁၄-၂၀၁၅ မှာ ဆောင်ရွက်ပေးမှာက တခု ဖြစ်ပါတယ်၊ ၂၀၁၅-၂၀၁၆ ကျမှ ဆောင်ရွက်ပေးမှာက ၂၁ ခု ကျန်ရှိနေပါတယ်”ဟု အဆိုပါ ကော်မတီတီ၏ အတွင်းရေး မှူး ဦးသန်းမြင့်ကလည်း ပြောပြသည်။
လွှတ်တော်အစည်းအဝေး တလျှောက်လုံး ယခင်ပြဋ္ဌာန်းထားသည့် ဥပဒေများ အနက် လုံး၀ ရုပ်သိမ်းသည့် ဥပဒေ ၁၁ ခု၊ ယခင် ပြဋ္ဌာန်းထားသည့် ဥပဒေကို ပြန်လည် ရေးဆွဲသည့် ဥပဒေ ၂၂ ခု၊ တည်ဆဲ ဥပဒေများကို အသစ်ပြန်လည် ရေးဆွဲသည့် ဥပဒေ ၃၀၊ ပထမ အကြိမ်မှ နဝမ အကြိမ် ပုံမှန် အစည်းအဝေး အထိ အသစ်ရေးဆွဲခဲ့သည့် ဥပဒေ ၁၄ ခု၊ ဘတ်ဂျက် ဘဏ္ဍာရေးနှင့် သက်ဆိုင် သည့် ဥပဒေ ၇ ခု၊ စုစုပေါင်း ဥပဒေ ၈၄ ခု အား ရုပ်သိမ်း၊ ပြင်ဆင် ၊ အသစ်ရေးဆွဲခြင်း နှင့် ပြဋ္ဌာန်းခြင်းတို့ကို လွှတ်တော် နှစ်ရပ် က ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။