[irrawaddy_gallery]
ပင်လယ် နံဘေးတွင်ရှိသည့် လပွတ္တာမြို့နယ်၊ ပြင်စလူအုပ်စု အဝပိတ် ကျေးရွာတွင်နေထိုင်သည့် မခင်ဌေးတို့လို တောသူ တောင်သားတွေ အဖို့ နာဂစ်ဆိုသည့် ဆိုင်ကလုန်းမုန်တိုင်းကြီးက ဤမျှလောက် အဖျက်စွမ်းအား ကြီးမား လိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့။
အခုတော့ တဟုန်ထိုးစီးဆင်းနေသည့် ရေထဲတွင် သူတဦးသာ ကျန်တော့သည်။ ဦးလေး၊ သူ့ဇနီးနှင့် သမီးဖြစ်သူတို့က ရေထဲတွင် မျောပါသွားခဲ့ပြီ။
လေကြမ်းတချက်အဝေ့တွင် သူတို့အိမ်ကလေး ပြိုကျသွားပြီး သူလည်း ရေစီးဖြင့်မျောပါသွားသည်။ ဘယ်နေရာအထိ မျောပါ သွားလဲ သူမသိတော့။ မနက်မိုးလင်းချိန်တွင် ငါးဖမ်းသင်္ဘောတစီးက လာခေါ်သည့်အတွက် သင်္ဘောပေါ် တက်လိုက်လာခဲ့ရာ
လပွတ္တာမြို့ကို ရောက်လာခဲ့သည်။
ယင်း ကာလတွင် စစ်အစိုးရက နာဂစ်ဒုက္ခသည်များအတွက် ယာယီ ကယ်ဆယ်ရေးစခန်းများကို လပွတ္တာမြို့ ၃ မိုင်စခန်းနှင့် မြောင်းမြမြို့တို့တွင် ဖွင့်လှစ်ထားရာ မခင်ဌေးတို့ကို မြောင်းမြစခန်းသို့ ပို့ဆောင်ခဲ့သည်။
နောက်ပိုင်းတွင် လပွတ္တာမြို့ ၅ မိုင် ယာယီဒုက္ခသည်စခန်း ထပ်တိုးဖွင့်လှစ်ခဲ့ပြီး ထိုစဉ်က စစ်အစိုးရက နိုင်ငံတကာ အကူအညီဖြင့် နာဂစ်ဒုက္ခသည်ပေါင်း ၂ သောင်းကျော်ကို လက်ခံစောင့်ရှောက် ထားခဲ့ကြောင်း သိရသည်။
သို့သော် စစ်အစိုးရက ဒုက္ခသည်များကို ၄ လခန့်သာ လက်ခံထာခဲ့ပြီး နောက်ပိုင်းတွင် လပွတ္တာရှိ ဒုက္ခသည်စခန်းများကို ဖျက်သိမ်းခဲ့သည်။ ဒုက္ခသည်များကိုလည်း ၎င်းတို့၏ ဇာတိရပ်ရွာ များကို ပြန်ကြရန် အစိုးရ အာဏာပိုင်များက ဖိအားပေး မောင်းထုတ်ခဲ့ကြောင်း နာဂစ်ဒုက္ခသည်များက ပြောပြသည်။
“ကျမတို့ကို ၃ မိုင်ကနေ နှင်တယ်။ မွေးရပ်ဌာနေကို ပြန်ဖို့ပေါ့နော်။ ကျမ မပြန်ရဲတော့ဘူး။ အဲဒီနေရာတွေ ပြန်သွားရင် ကျမတို့ ဆွေမျိုးသားချင်းတွေ သေကြေခဲ့တာတွေ ပြန်သတိရနေမှာ။ အဲဒါတွေ မဖြစ်ချင်လို့ မပြန်ပါရစေနဲ့ဆိုပြီး ပြောပြတယ်။ သူတို့က
ပြောင်းဖို့ ခြိမ်းခြောက်တယ်။ နင်တို့ မဖြစ်မနေ တဦးမကျန် ပြောင်းရမယ်၊ မပြောင်းရင် သေနတ်တွေနဲ့ ပစ်သတ်မယ်၊ စစ်သားက ပစ်သတ်ရင် အပြစ်မရှိဘူး၊ တိုင်လို့လည်း မရဘူးဆိုပြီး ခြိမ်းခြောက်တယ်။ နောက်တော့ ပိန္နဲတောင် ဆိုတဲ့ ရွာကို မပြောင်းချင်ဘဲ ပြောင်းခဲ့ရတယ်” ဟု နာဂစ်ဒုက္ခသည်တဦးက ဧရာဝတီကို ပြောသည်။
အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် နာဂစ်ဒုက္ခသည် အများအပြား နေရပ် ပြန်သွားကြသော်လည်း ဒုက္ခသည်မိသားစု ၄၀၇ စု၊ လူဦးရေ ၁၀၀၀ ကျော်မှာ နေရပ်မပြန်ဘဲ ၃ မိုင်စခန်းမှာပင် ခေါင်းမာစွာဖြင့် နေခဲ့ကြသည်။
ထို့ကြောင့် အာဏာပိုင်များက ယင်းဒုက္ခသည်များကို ကြာကန်၊ ေ မြွဟောက်၊ ကဿပေါင်း၊ မောင်းတီး ပိန္နဲတောင်၊ မင်းကုန်း အပါအဝင် ကျေးရွာ ၁၃ ရွာရှိ မြေနေရာများကို ငှားရမ်းကာ နေအိမ်ကလေးများ ဆောက်လုပ်ပေးပြီး ပြောင်းရွှေ့ထားခဲ့သည်။
“ကျမတို့ကို ပိန္နဲတောင်နဲ့ မင်းကုန်းရွာတွေဘက်ကို ပြောင်းခိုင်းတယ်။ ကျမတို့က မရောက်ဖူး၊ မနေဖူးတဲ့ရွာတွေဖြစ်လို့ မလိုက်ရဲဘူး။ ကြောက်တာပေါ့နော်။ သူတို့ပြောတာက မလိုက်ရဲစရာမရှိဘူး၊ အသီးအနှံတွေ စိုက်ပျိုးစားလို့ရတယ်၊ ဥယျာဉ်ခြံမြေတွေ လုပ်ကိုင်လို့ရတယ်တဲ့။ ကျမတို့က ၃ မိုင်မှာ နေပါရစေဆိုတော့ ၃ မိုင်က ချုံနွယ်ပိတ်ပေါင်းတွေ ရှင်းလင်း ပြီးတော့မှ ပြန်ခေါ်ပြီး နေရာချထားပေးမယ်။ ဒီတော့မှ ပြန်လာနေလှည့်လို့ပြောတယ်”ဟု နာဂစ်ဒုက္ခသည် ဒေါ်အုန်းမြင့်က ပြောသည်။
အာဏာပိုင်များက ဒုက္ခသည်များကို နေရာချပေးရာတွင် တရွာလျှင် အိမ်ထောင်စု ၁၀ စု၊ ၂၀ စု၊ ၅၀ စု၊ ၁၀၀ စု စသဖြင့် မိသားစုလိုက် ခွဲခြား၍ နေရာချပေးခဲ့ခြင်းဖြစ်သည်။
၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် နော်ဝေနိုင်ငံမှ ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့ (NRC) က လပွတ္တာမြို့ရှိ
နာဂစ် ဒုက္ခသည်များအတွက် မျက်နှာစာ ၁၂ ပေ၊ အလျား ၁၆ ပေကျယ်သည့် ပျဉ်ခင်း၊ ထရံကာ၊ ဓနိမိုးနေအိမ် ၃၇၁ လုံး ဆောက်လုပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သို့သော် ထိုနေအိမ်များက နာဂစ်ဒုက္ခသည်တို့၏ဘဝကို လုံခြုံမှုမပေးနိုင်ခဲ့ချေ။
အလုပ်အကိုင် ရှားပါးခြင်းကြောင့် နာဂစ်ဒုက္ခသည်များမှာ ဆင်းရဲမွဲတေ နိမ့်ကျသည့် ဘဝများဖြင့်သာ အသက်ဆက် နေရကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၏ လပွတ္တာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ဧရာဝတီကို ပြောသည်။
“ရွာတွေမှာ အပြင်လူကို အလုပ်ပေးဖို့က အလုပ်မရှိဘူး။ တရွာကို လူ ၁၀ ဦး စာလောက်ပဲ အလုပ်ပေးဖို့ရှိတယ်။ ရွာတွေကို ဒုက္ခသည်တွေအုပ်လိုက် ပြောင်းပေးလိုက်တော့ ရွာတွေမှာ ဒီလူတွေအတွက် ပေးစရာ အလုပ်ကိုမရှိတာ” ဟု
ဦးဇော်ဝင်းက ပြောသည်။
လပွတ္တာမြို့နှင့် ၈ မိုင်၊ ၁၀ မိုင်၊ ၁၅ မိုင်ခန့်ဝေးသည့် ဒုက္ခသည်များကို နေရာချပေးထားသော ကျေးရွာများတွင် ငွေရသည့် အလုပ်ဆို၍ မိုးတွင်းအခါ၌ ပျိုးနုတ်၊ ကောက်စိုက်၊ နွေအခါ၌ ကောက်ရိတ်၊ စပါးထမ်း၊ လမ်းခင်းကျောက်ထု၊ အုတ်သယ်၊ ကျောက်သယ် အလုပ်များသာရှိသည်။ ယင်းအလုပ်များသည်လည်း ကျေးရွာရှိ ပျံကျ အလုပ်သမားများနှင့်သာ ပြည့်နေရာ နာဂစ်ဒုက္ခသည်များ အတွက် အောက်ခြေသိမ်းအလုပ် ရဖို့ကိုပင် အခက်အခဲရှိနေသည်။
ထို့ကြောင့် ဒုက္ခသည်များမှာ ခေါ်ခိုင်းသူရှိလျှင် ကောက်စိုက်၊ ပျိုးနုတ်၊ ကျောက်ထုအလုပ်ကြမ်းများ လုပ်ကိုင်ကြပြီး ခေါ်ခိုင်းသူမရှိလျှင် ဂဏန်းထောင် ပိုက်ကွန်ထိုးသည့် အလုပ်များကို မိသားစုလိုက် လုပ်ကြရသည်။
ဂဏန်းထောင် ပိုက်ကွန်ထိုးသည့် လုပ်ခနှုန်းထားမှာလည်း မြန်မာပြည်တွင် စံချိန်တင်လောက်သည်။ ပိုက်ကွန် ဘောင်အတွက် ဝါးခြမ်းကလေးများသပ်ပေးလျှင် ဝါးတုတ်တချောင်းသပ်ခက ၁ ကျပ် ၅၀ ပြား ဖြစ်သည်။
“အဘွားကတော့ ဝါးခြမ်းသပ်တာ တနေ့ကို အခု ၂၀၀ လောက်ပြီးအောင် ကြိုးစားပြီးလုပ်တယ်။ အခု ၂၀၀ ပြီးအောင်လုပ်ရင် ငွေ ၃၀၀ ကျပ်ရတယ်လေ။ အဲဒါလေးနဲ့ အိမ်အတွက် လိုအပ်တဲ့ ပစ္စည်းလေးတွေ ဝယ်ရတာပေါ့။ ဒီမှာက အလုပ်မှ မရှိတာ၊ ရှိတဲ့အလုပ်ပဲ လုပ်ရတာပေါ့။ ရတာလေးနဲ့ လောက်အောင်စားပြီး ဒီလိုပဲနေရတာပဲ”ဟု အသက် ၇၀ အရွယ်ရှိ ဒေါ်ရွှေမိက ပြောပြသည်။
ထိုဝါးခြမ်းကလေးများကို လေးထောင့်ဘောင်ဖြစ်အောင်လုပ်ပေးလျှင် ၁၀ ကျပ်ဖြစ်ပြီး ထို လေးထောင့်ဘောင် ဝါးခြမ်းများပေါ်၌
နိုင်လွန်ကြိုးများဖြင့် ဂဏန်းထောင်သည့် ပိုက်ကွန်ဖြစ်အောင် ထိုးရက်ပေးပါက လုပ်ခ ၂၀ ကျပ် ရမည်ဖြစ်သည်။
“ဂဏန်းပိုက်လုပ်တာ တခု အပြီးအစီးဆို ၃၀ ကျပ်ရတယ်။ အခု ၅၀ လုပ်ပေးနိုင်ရင် ၁၅၀၀ ရတယ်။ ဂဏန်းပိုင် အခု ၅၀ ပြီးဖို့ကို မိုးလင်းကနေ ည ၉ နာရီအထိလုပ်မှ ပြီးတာ။ ညဆို ဖယောင်းတိုင်ထွန်းပြီး မပြီးပြီးအောင် လုပ်ရတယ်။
တချို့ မိသားစုတွေဆို ၈ နှစ် ၉ နှစ်သား ကလေးတွေကအစ ဝိုင်းလုပ်ကြရတယ်။ ကျောင်းသားရှိလည်း ကျောင်းပြန်လာရင် ဂဏန်းပိုက် ထိုးခိုင်းရတယ်။ ဒါလုပ်နိုင်မှ ထမင်းစားဖို့ရမှာလေ” ဟု မြွေဟောက် ကျေးရွာမှ နာဂစ်ဒုက္ခသည် မငယ်လေးက ပြောသည်။
နေရာချထားပေးသည့် ရွာတွင် အလုပ်မရှိသည့် အတွက် မြို့ပေါ်တက် အလုပ်လုပ်သူများလည်း ရှိသည်။ ထိုသူများထဲတွင် ဦးအောင်မောင်းလည်း အပါအဝင် ဖြစ်သည်။ ရွာမှာအလုပ်မရှိလို့ ဦးအောင်မောင်း တယောက် မြို့ပေါ်တက် အလုပ်ရှာတော့
လပွတ္တာမြို့ရှိ မိုးကြယ်စင် ဆောက်လုပ်ရေးကုမ္ပဏီမှာ နေ့စား အလုပ်သမားအဖြစ် အလုပ်ရခဲ့သည်။
သို့သော် သူတို့ နာဂစ်ဒုက္ခသည်များကို နေရာချပေးထားသည့် မြွေဟောက်ကျေးရွာနှင့် သူ့အလုပ်ခွင်က ၈ မိုင်ခန့်ဝေးသည်။ တနေ့လုပ်ခ ၁၅၀၀ ကျပ် ရဖို့အရေး ၈ မိုင် ခရီးကို နေ့စဉ် အသွားအပြန် လုပ်ရသည်။
အလုပ်အသွားအပြန် အတွက် ကား သို့မဟုတ် ဒိန်းဒေါင်း (ထော်လာဂျီ) စီးမည်ဆိုလျှင် တနေ့ ၁၀၀၀ ကျပ် ကုန်ကျမည် ဖြစ်သည်။ ထို့ကြောင့် သူ့ခြေထောက်များကို အားကိုးပြီး ကားဖြင့် မိနစ် ၁၅ ကြာ မောင်းရသည့်ခရီးကို ၃ နာရီကြာအောင် လမ်းလျှောက်ပြီး ဦးအောင်မောင်း အလုပ်ဆင်းသည်။ ထို့ကြောင့် ဦးအောင်မောင်း၏ တနေ့တာ ၂၄ နာရီတွင် ၆ နာရီမှာ
ငွေ ၁၅၀၀ ကျပ် ရဖို့အတွက် လမ်းလျှောက်ရသည့်အချိန် ဖြစ်သည်။
“ကျနော့်အလုပ်ခွင်မှာ လုပ်ခက ၇ နာရီလောက်မှ စာရင်းရှင်းပေးတယ်။ လုပ်ခရပြီးမှ ပြန်လာတော့ အိမ်ကို ၁၀ နာရီလောက်မှ ရောက်တယ်။ ကျနော်ပြန်ရောက်တော့မှ ဆန်ဝယ်ပြီး ထမင်းချက် စားရတယ်။ မနက် ၃ နာရီဆို ထပြီး အလုပ်သွားရတယ်။ ဒိန်းဒေါင်း စီးမယ်ဆို အသွား ၅၀၀၊ အပြန် ၅၀၀ ကုန်မယ်ဆိုတော့ မစီးနိုင်ဘူးလေ။ ဒီလိုပဲ ခြေလျင်လျှောက်ရတာပေါ့” ဟု
အသက် ၆၂ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ဦးအောင်မောင်းက ပြောပြသည်။
NRC က ဒုက္ခသည်များအတွက် ၂၀၀၉ ခုနှစ်ကတည်းက ဆောက်ပေးထားသော အိမ်များသည် ၅ နှစ်နီးပါး ကြာမြင့်ချိန်တွင် ထရံများပေါက်ပြဲကုန်ပြီး ခေါင်မိုးများမှာလည်း အပေါက်အပြဲများစွာဖြင့် ဟောင်းနွမ်းဆွေးမြေ့ နေသည်ကို တွေ့ခဲ့ရသည်။
ယခုလို ကြယ်မြင်လမြင် အိမ်ခေါင်မိုး အပေါက်အပြဲ၊ ထရံအပေါက်အပြဲ များဖြင့်ပင် ပြီးခဲ့သည့် မိုးရာသီကို ဖြတ်သန်းခဲ့ ရကြောင်း နာဂစ်ဒုက္ခသည်များက ပြောပြကြသည်။
အလုပ်အကိုင် ရှားပါး၍ ဆင်းရဲမွဲတေနေကြသည့် နာဂစ်ဒုက္ခသည်များမှာ ဒေသခံတို့၏ ခွဲခြားဆက်ဆံ မှုများကိုလည်း ရင်ဆိုင်နေရကြောင်း လပွတ္တာ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောသည်။
ခွဲခြားဆက်ဆံခံရမှုများနှင့် ပတ်သတ်၍ မြွေဟောက်ကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် နေထိုင်ရသည့် နာဂစ်ဒုက္ခသည် ဒေါ်ညိုညိုထွေးကလည်း “ကျမတို့က ရွာသားတွေနဲ့ အတူတူနေရတယ်ဆိုပေမယ့် သူတို့တွေက ကျမတို့ကို ခွဲခြား ထားတယ်။ ကျမတို့တွေကို “ရေဘေး” တွေ၊ “နာဂစ်” တွေ ဆိုပြီး နှိမ်တယ်။ အဲဒါက တရွာတည်းမဟုတ်ဘူး၊ ရွာတိုင်းပဲ။ ကျေးရွာမှာ ကြက်တွေ၊ ဘဲတွေ၊ ဝက်တွေ ပျောက်တယ်ဆိုရင် ကျမတို့နာဂစ်တွေ ရောက်လာလို့ ဒီရွာမှာ သူခိုးတွေ ရှိလာတယ်။ နာဂစ်ရောက်လို့ ပစ္စည်းတွေ ပျောက်တာပါဆိုပြီး ကျမတို့ကို စွပ်စွဲတာတွေရှိတယ်” ဟု ဆိုသည်။
ဒေါ်ညိုညိုထွေးအပါအဝင် ဒုက္ခသည်မိသားစု ၁၈ စုမှာ ဒေသအာဏာပိုင်များက နေရာချပေးထားသည့် မြွေဟောက်ကျေးရွာ သင်္ချိုင်းကုန်းနှင့် ပေ ၁၀၀ ခန့်သာ ဝေးသည့်နေရာတွင် နေထိုင်ရသူများ ဖြစ်သည်။ သူတို့နေအိမ်တံခါးဝမှ ကြည့်လိုက်လျှင် အုတ်ဂူများ၊ မြေသားဂူများဖြင့် ပြည့်နေသော မြွေဟောက်ကျေးရွာ သုဿာန်ကို အတိုင်းသား မြင်နေရသည်။
“ရေသုံးဖို့စွဲဖို့ကျတော့ နွားရေတိုက်တဲ့ တွင်းတွေမှာ ခပ်ရတယ်။ ဒါတောင် ရွာခံတွေရဲ့ နွားတွေအတွက် ရေလုံလောက်မှ ကျမတို့ ခပ်ရတယ်။ သူတို့နွားတွေ ရေမလုံလောက်ရင် ကျမတို့ကို မပေးဘူး။ အဲဒါကိုမှ ကျမတို့က တွန်းပြီးခပ်မယ်ဆိုရင် ရေပုံးတွေကို ကန်ပြီး လွှင့်ပစ်တယ်။ အဆဲအဆို ခံရတယ်။ အဖေတွေနဲ့ အပေးစား ခံရတယ်။ အဲဒါတွေလည်း ကျမတို့မှာ
မျက်ရည်ကျပြီး ကြိတ်မှိတ်ခံရတယ်” ဟု နာဂစ် ဒုက္ခသည် မခင်ဌေးက ပြောပြသည်။
နာဂစ်ဒုက္ခသည်များ အတွက် အိမ်ဆောက်ပေးထားသည့် မြေနေရာများမှာ ဒေသခံ ပိုင်ရှင်များထံမှ အစိုးရက ၃ နှစ် ငှားရမ်းပေးရန် နှုတ်ကတိဖြင့် ခွင့်တောင်း ဆောက်လုပ်ပေးထားခြင်းဖြစ်ရာ လက်ရှိတွင် မူလပိုင်ရှင်များက နာဂစ် ဒုက္ခသည်များကို ၎င်းတို့မြေပေါ်မှ ဖယ်ရှားခိုင်းနေသည်။
“အခုဆို မြေရှင်တွေက ကျမတို့ကို ဖယ်ခိုင်းနေပြီ။ အိမ်ဆောက်ထားတဲ့ နေရာတွေက လယ်တွေလည်း ပါတယ်လေ။ အခုအချိန်မှာ လယ်တွေကလည်း မှတ်ပုံတင်တာတွေ ဘာတွေ လုပ်ဖို့လိုလာတော့ ကျမတို့ကို သူတို့မြေပေါ်မှာ မထားချင်တော့ဘူး” ဟု မြွေဟောက်ကျေးရွာတွင် ခိုလှုံနေသူ ဒေါ်အကြည်က ပြောသည်။
ဒုက္ခသည်တို့၏ မတည်ငြိမ်သည့်ဘဝများနှင့်ပတ်သတ်၍ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက “သူတို့ဟာ တကယ့် နာဂစ် ဂျစ်ပစီတွေပဲ။ သူတို့လို နာဂစ်ကြောင့်ဖြစ်လာတဲ့ ဒုက္ခသည်တွေဟာ နေရာဆိုတာ ပြောစမှတ် ပြုရုံလေးပဲ။ အိမ်တွေက ကြမ်း ၇ ချောင်း သာသာပဲ ရှိတယ်။ ပြီးတော့လည်း ဘာမှ အာမခံချက်မရှိဘူး။ ဒီနေ့ ဒီနေရာ၊ မနက်ဖြန် ဟိုနေရာ။ တခြားအလုပ် သွားလုပ်တယ်။ ပြန်လာလို့ သူတို့ကို စာရင်းထဲက ပယ်ဖျက်ထားရင် နေလို့မရတော့ဘူး။ အဲဒီတော့ သူတို့ဘဝက ဂျစ်ပစီတွေလိုပဲ” ဟု ၎င်း၏အမြင်ကို မှတ်ချက်ပေးသည်။