ရခိုင်ပြည်နယ်တွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်နိုင်ငံရေးပါတီများ အနိုင်ရပါက ဒေသတွင်း ပဋိပက္ခဖြစ်ပွားလာနိုင် သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြော သည်။
ရခိုင် အမျိုးသားရေးပါတီများ အပြတ်အသတ် အနိုင်ရသွားပါက ရခိုင်ဒေသတွင်း ပဋိပက္ခများဖြစ်ပွားလာနိုင်သည့် အတွက် ဒေသကွက်၍ စစ်အုပ်ချုပ်ရေး ဖြစ်လာနိုင်ကြောင်း၊ ပဋိပက္ခများ ဖြစ်ပွားလျှင်လည်း ကြံ့ခိုင်ရေး ပါတီကသာ ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကြံ့ခိုင်ရေး ပါတီကိုသာ မဲပေးကြရန် တိုက်တွန်းကြောင်း စစ်တပ် အရာရှိဟောင်း တဦးလည်း ဖြစ် သူ ဦးလှဆွေ က ဧရာဝတီ ကို ပြောသည်။
၎င်းက “ကျနော်တို့ပါတီက အနိုင်ရရင် ဘင်္ဂါလီ(မွတ်စလင်)တွေက ခေါင်းမထောင်ရဲဘူးဗျ၊ ငြိမ်အောင် ထိန်းထားနိုင်တယ်၊ တကယ်လို့ ရခိုင်ပါတီတွေ နိုင်ပြီး တခုခုလုပ်ရင် ပြဿနာရှာနိုင်တယ်၊ ဗလီတွေ ထဲမှာ သွေးထားတဲ့ ဓားတွေ အများကြီး ရှိတာကို ကျနော်ကိုယ်တိုင် တွေ့ဖူးခဲ့တယ်၊ ရှင်းလင်းခဲ့ဖူးတယ်၊ ကျနော်က ရခိုင်မှာ ၉ နှစ် နေခဲ့ဖူးတဲ့ အတွေ့အကြုံအရ ပြော တာပါ”ဟု ဆိုသည်။
ထို့အတူ ကြံ့ခိုင်ရေးပါတီသည် စစ်တပ်မှ ဆင်းသက်လာပြီး စစ်တပ်၏ ကျောထောက်နောက်ခံ ရှိသည့် ပါတီဖြစ်၍ ရခိုင်ပြည် တွင်းရေး ပြဿနာများ ဖြစ်ပွားပါက တည်ငြိမ်ရန် ထိန်းထားနိုင်မည်ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးကြရန် ပြောဆို ရခြင်း ဖြစ်ကြောင်း ဦးလှဆွေ ၏ ပြောကြားချက်ကိုလည်း Hot News ဂျာနယ်တွင် ဖော်ပြထားသည်။
ဦးလှဆွေ၏ ပြောဆိုမှုနှင့်ပတ်သက်၍ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင် က “ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်က ကိုယ့်ပါတီ အနိုင်ရရေးအတွက် တခြားပါတီကို တိုက်ခိုက်တာ၊ အပုပ်ချ စည်းရုံးတာ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက် စည်းရုံးတာဟာ မလုပ်သင့်တဲ့ လုပ်ရပ်ပါ၊ အဲဒီလိုမျိုး စည်းရုံးရေး မလုပ်ရဘူးလို့ ကော်မရှင် ဥပဒေမှာ ပြဌာန်းထားတယ်၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး ဒီလို ပြောဆိုနေတာဟာ ဥပဒေနဲ့ငြိနေတယ်”ဟု ဧရာဝတီ ကို ပြောသည်။
ရခိုင်နိုင်ငံရေး ပါတီများသည် အမျိုးသားရေး ဆောင်ရွက်နေသည့် ပါတီများ ဖြစ်သော်လည်း အစွန်းရောက် ပါတီများ၊ ပုဂ္ဂိုလ် များ မဟုတ်ကြောင်း၊ အမျိုးသားရေး ဆောင်ရွက်ရာတွင်လည်း ရခိုင်လူမျိုးများ အတွက်သာမက တိုင်းရင်းသား အားလုံး တန်းတူ အခွင့်အရေး၊ ပြည်ထောင်စု အရေး အတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဦးအေးသာအောင် က ဆက်ပြော သည်။
၎င်းက“ကိုယ်စားလှယ် တဦးအနေနဲ့ လှုံ့ဆော်တဲ့ စကားမျိုး လုံး၀ မပြောသင့်တဲ့အပြင် ကော်မရှင် ဥပဒေကိုလည်း လိုက်နာဖို့ လိုအပ်တယ်၊ ဒီမိုကရေစီ နိုင်ငံမှာ အနိုင်ရတဲ့ပါတီကပဲ အစိုးရ ဖွဲ့တာ၊ ဦးဆောင်တာဟာ ဒီမိုကရေစီ စံနှုန်းပါ၊ ဘယ်ဒေသမှာပဲ ဖြစ်ဖြစ် ပြည်သူ ထောက်ခံတဲ့ပါတီ၊ ပုဂ္ဂိုလ်ကပဲ အနိုင်ရမှာပါ၊ ဒါဟာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ရှိတယ်”ဟုလည်း ၎င်းက ဆို သည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ဥက္ကဋ္ဌ နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ကလည်း ဒီမိုကရေစီ သဘောတရားအရ မည်သူမဆို လွတ်လပ်စွာ ပြောဆိုနိုင်ကြောင်း၊ ဦးလှဆွေ အနေဖြင့်လည်း ၎င်း၏ လွတ်လပ်ခွင့်အရ မည်သို့ပင် တိုက်ခိုက်၊ ပုတ်ခတ် စေကာမူ တုံ့ပြန်မည် မဟုတ်ကြောင်း ဧရာဝတီ ကို ပြောသည်။
၎င်းက“ဦးလှဆွေ ပြောတာကို ဗွေမယူပါဘူး၊ လွတ်လပ်စွာ ပြောပိုင်ခွင့်ရှိလို့ ပြောတယ်ပဲ မှတ်ယူပါတယ်၊ ရခိုင်ပြည်ကို ရခိုင် အမျိုးသားပါတီက ဦးဆောင်နိုင်မှ ဖွံ့ဖြိုးရေးကို လုပ်နိုင်မယ်၊ အမျိုးသား ပါတီကြီး တခုဖြစ်ပေါ်လာအောင် လုပ်တာဟာလည်း ဖက်ဆစ် စနစ်ကို သွားဖို့ မဟုတ်ဘူး၊ ရခိုင်ပါတီက အစိုးရဖွဲ့နိုင်၊ ဒေသ လွှတ်တော်ကို လွှမ်းမိုးနိုင်ရင်လည်းပဲ ထင်ရာစိုင်းလို့ မရဘူး၊ ဥပဒေ ဘောင်အတွင်းကပဲ အရာရာကို လုပ်ဆောင်ရမှာပါ”ဟုလည်း ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ အနိုင်ရပြီး အစိုးရတရပ် ဖွဲ့စည်းနိုင်လျှင်လည်း ဥပဒေဘောင် အတွင်းကသာ လုပ်ဆောင် ရမည် ဖြစ်ကြောင်း၊ မိမိတို့ ဒေသတွင် နေထိုင်သည့် မည်သည့် လူမျိုး၊ မည်သည့် နိုင်ငံသားကိုမဆို လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးရမည်သာ ဖြစ်ကြောင်း ရခိုင် ခေါင်းဆောင်များ က ပြောသည်။
ဦးလှဆွေက “ရခိုင်တွေအနိုင်ရလို့ မတည်ငြိမ်ရင် စစ်အုပ်ချုပ်ရေး ဖြစ်ပေါ်လာမယ်၊ ရခိုင်လူမျိုးတွေကပြောတယ် သူတို့လူမျိုး ဦးရေ ၁၅ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့ ပျောက်သွားမှာ စိုးရိမ်တယ်လို့ ပြောတယ်၊ ဘင်္ဂါလီတွေ ကြီးစိုးသွားပြီလို့ ပြော တယ်၊ ဒီတော့ ရခိုင်လူမျိုးတွေကို အဲဒီ ရာခိုင်နှုန်းထက် လျော့သွားမှာ စိုးလို့ ကျနော်က စေတနာနဲ့ ပြောတာ၊ ကြံ့ခိုင်ရေးပါတီက အုပ်ချုပ်ရင် ဘင်္ဂါလီတွေက မလှုပ်ရဲကြဘူး”ဟု ဆိုသည်။
မြန်မာနိုင်ငံ၌ တိုင်းရင်းသား ဒေသ အများစုသည် သယံဇာတ ပေါကြွယ်ဝသော်လည်း နှစ်ပေါင်း ၆၀ ကျော် စစ်အုပ်ချုပ်ရေး စနစ်ကြောင့် ဆင်းရဲနေကြကြောင်း၊ ထို့ကြောင့် ဒေသ အားလုံး ဖွံ့ဖြိုးရေး၊ တန်းတူရေး ဆောင်ရွက်နိုင်ရန် တိုင်းရင်းသား အား လုံးပါဝင်သည့် ပြည်ထောင်စု ပါတီကြီး တခုကိုလည်း ဖွဲ့စည်းထားကြောင်း၊ မြန်မာ နိုင်ငံ၌ လူမျိုးကြီး ဝါဒကို ကျင့်သုံးလိုသည့် ပုဂ္ဂိုလ် တချို့က နောက်ပြန် သွားလိုကြောင်း ဒေါက်တာ အေးမောင် က ပြောဆိုသည်။
“အတိတ်က သမိုင်းကြောင်းတွေအရ ရခိုင်ဒေသမှာ ရခိုင်တွေ နိုင်ငံရေး အားကောင်းလာရင်၊ ရခိုင်တွေ အုပ်ချုပ်လာရင် နိုင် ငံ က ခွဲထွက်သွားလိမ့်မယ်ဆိုတဲ့ အတွေးဟာ ဗမာအမျိုးသားရေးဝါဒီ တချို့ရဲ့စိတ်ထဲမှာ စွဲနေတယ်၊ ဒါကိုပဲ လက်ဆင့် ကမ်း လာတော့ အမျိုးသားရေး ပြင်းထန်သူတွေက စိတ်ထဲ စွဲနေတဲ့ အတွက် ရခိုင်ဒေသကို ထိန်းချုပ်ထားဖို့ နည်းလမ်းစုံ နဲ့ ကြိုး ပမ်းတယ်၊ နိုင်ငံရေးအရ ထိန်းညှိဖို့ ဘင်္ဂါလီတွေကို မွေးထားတယ်၊ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာတယ်”ဟု ဒေါက် တာ အေးမောင် က ဆိုသည်။
ရခိုင်ဒေသ ပြဿနာသည် ယခုအခါ ရခိုင်ဒေသ တခုတည်းနှင့်သာသက်ဆိုင်ခြင်း မဟုတ်တော့ဘဲ တနိုင်ငံလုံးနှင့် ဆက်စပ် နေပြီး ပြည်ပနိုင်ငံများသို့ပါ သက်ရောက်မှု ရှိနေကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဖြေရှင်းနိုင်မှသာ နိုင်ငံ တည်ငြိမ် အေးချမ်းမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ရခိုင်ပါတီများ အနိုင်ရပါက ဖြစ်ပေါ်လာမည့် ပြဿနာ အများအပြားရှိ၍ အန္တရယ်ကြီးသည့်အတွက် စစ်အုပ်ချုပ်ရေး ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် ရခိုင်ပါတီနှင့် ကြံ့ခိုင်ရေး မျှမျှတတ အုပ်ချုပ်ရလျှင် အဆင်ပြေမည် ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ မှ ကိုယ်စားလှယ် ဖြစ်သည့် ဦးလှဆွေက ပြောသည်။
ALD နှင့် RNDP တို့သည် ပြည်တွင်း ပြည်ပရှိ ရခိုင်ပြည်သူများ၊ ဆရာတော်၊ သံဃာတော်များ၏ တိုက်တွန်းချက်အရ ရခိုင် အမျိုးသားပါတီ (Arakan National Party-ANP) အဖြစ် တည်ထောင်ရန် ပြီးခဲ့သည့် နှစ်အတွင်း သဘောတူညီမှု ရရှိခဲ့ကြ သည်။ ANP ပါတီအား ပေါင်းစည်းရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုထားပြီး ဖြစ်ကာ တရားဝင် မှတ်ပုံ တင်ခွင့်ကို လျှောက်ထားဆဲ ဖြစ်ကြောင်း သိရသည်။
ALD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ၌ ရခိုင်ဒေသတွင် အနိုင်ရခဲ့ပြီး RNDP ပါတီသည် ၂၀၁၀ ရွေးကောက် ပွဲ၌ အပြတ်အ သတ် အနိုင်ရထားသည့် ရခိုင်နိုင်ငံရေး ပါတီများ ဖြစ်သည်။
ကြံ့ခိုင်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ရှုံးနိမ့်ခဲ့သည့် အတွက် ၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်ပါတီကို အနိုင်ရရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပါတီ၏ ပြည်နယ်တာဝန်ခံ ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦး က လမ်းညွှန်ထား ကြောင်း၊ အနိုင်ရရေး မလုပ်ဆောင်နိုင်သည့် ပါတီဝင်များကို ထုတ်ပယ်မည်ဟု ခြိမ်းခြောက်ထားကြောင်း ရခိုင်ဒေသခံများ က ဧရာဝတီ ကို ပြောဆိုကြသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ ရခိုင်တိုင်းရင်းသားများနှင့် အစ္စလမ် ဘာသာဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် လူအသေအပျောက် နှင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးရမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် အစိုးရ အာဏာပိုင်များက အရေး ပေါ် အခြေအနေ ကြေညာခြင်း၊ ညမထွက်ရ အမိန့် ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့သည်။ ယနေ့ အချိန်အထိလည်း တည်ငြိမ်မှု မရှိသေးပေ။