၂၀၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး စည်းရုံးရေး နည်းနာ အပြောင်းအလဲတွေက စိတ်ဝင်စားစရာ ကောင်းလာပါတယ်။ အခုနောက်ဆုံး သူရွေးတဲ့လမ်းက စတက် ခါစကလို Reformist ပြုပြင်ပြောင်းလဲရေးလမ်း မဟုတ်တော့ဘဲ Nationalist အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးလမ်းကို ရွေးချယ်လိုက်တဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ ဆက်အရွေးခံဖို့ ပြင်ဆင်နေပြီလို့ ဆိုရမယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိပ်မြားခြင်းဆိုင်ရာ ဥပဒေ၊ တလင် တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့နဲ့ ဒီဥပဒေတွေကို ပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်က အမျိုး ဘာသာ သာသနာနဲ့ တိုင်းပြည်အကျိုးကို စောင့်ရှောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါဝင်တယ်ဆိုပြီး ပြည်ထောင်စု လွှတ်တော်ကို သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာမှာ နိုင်ငံတော် ဩဝါဒစရိယ ဆရာတော်လည်းဖြစ်၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တတိလောကာ ဘိဝံသရဲ့ တင်ပြမှုနဲ့ ရဟန်းရှင်လူ ၁၃ သိန်းကျော် (လူဦးရေ ၁၃၃၅၆၀ဝ ဦး) က လက်မှတ်ရေးထိုး တင်ပြလာခြင်းကြောင့် ဒီဥပဒေတွေ လွှတ်တော်က ပြဋ္ဌာန်းပေးဖို့ တောင်းဆိုခဲ့တာလို့ ဖော်ပြပါတယ်။
ဒီဖြစ်ရပ်ဟာ ဦးသိန်းစိန်အနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းထားတာနဲ့အတူ နိုင်ငံရေးမှာ ဗုဒ္ဓဘာသာဝင် ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ဆန္ဒမဲတွေကို ရယူဖို့ ရည်ရွယ်ပြီး အမျိုးသားရေး ဝါဒတွေဆီ ဦးတည်နေတာလို့ နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။
ဦးသိန်းစိန်အစိုးရက “အမျိုး ဘာသာ သာသနာ” ဆိုတဲ့ စကားရပ်တွေ သုံးစွဲလာတဲ့အချိန်ဟာ အတိုက်အခံတွေ ဆန္ဒထုတ်ဖော်နေတဲ့ “၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး” အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဒါဟာ ဒီမိုကရက်တွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ရည်ရွယ်မှုတွေကို ဝေဝါးစေဖို့၊ “အမျိုးသားရေး” ကြွေးကြော်သံနဲ့ ပြည်သူ့ဆန္ဒမဲတွေ ရယူဖို့ဆိုတဲ့ ရွေးကောက်ပွဲ ဗျူဟာတွေ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် တချို့က သုံးသပ်ပါတယ်။ ဘာသာရေး၊ အမျိုးသားရေးနဲ့ နိုင်ငံရေး ရောယှက် ခြင်းဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အလေးထားတဲ့ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲမှာ မဲရှုံးစေဖို့ စနစ်တကျ စီမံလာတာလို့လည်း သုံးသပ်ကြပါတယ်။
“ကျမတို့ နိုင်ငံမှာ အမျိုး၊ ဘာသာ သာသနာကို စောင့်ရှောက်ဖို့ ဥပဒေ ပြဋ္ဌာန်းရတဲ့အထိ ကျမတို့ မြန်မာလူမျိုးတွေက မယိမ်းယိုင်သေးပါဘူး။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့ ငယ်စဉ် ကတည်းက စိတ်ထဲမှာရှိထားပြီးသား။ ဥပဒေပြဋ္ဌာန်း စရာမလိုပါဘူး။ အဲဒီတော့ ပြည်သူတွေကို သိစေချင် တာက ဒါက နိုင်ငံရေး လှည့်ကွက်တခုဆိုတာ သိစေချင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာသာရေးကို နိုင်ငံရေးအတွက် ခုတုံးလုပ် အသုံးမချရဆိုတာလည်း ပါထားပြီးသားပါ” လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧရာဝတီကို ပြောဆိုပါတယ်။
သူရဦးရွှေမန်း ဦးစီးတဲ့ လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်နေပေမယ့် သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆောင်ရွက်တဲ့ နေရာမှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူဘောင်အတွင်းက ပြဋ္ဌာန်းကြဖို့ သတိပေးလိုက်တဲ့အပြင် မကြိုက်နှစ်သက်ပေမယ့် နိုင်ငံကြီးသား ပီသစွာ တရားဥပဒေကို လေးစားလိုက်နာရမှာ ဖြစ်တယ်လို့ မတ်လ ၁ ရက်နေ့ ထုတ်လွှင့်တဲ့ လစဉ် ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။ သမ္မတရဲ့ မိန့်ခွန်းက အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ ဦးရွှေမန်းနဲ့ လွှတ်တော်ကို တိုက်ရိုက်သတိပေးချက် ဆိုရင်လည်း မမှားနိုင်ပါဘူး။
တချိန်တည်းမှာပဲ ပြုပြင်ပြောင်းလဲရေး မသွားချင်တဲ့ သဘောထားတင်းမာသူလို့ လူသိများတဲ့ ယခင် စက်မှု (၁) ဝန်ကြီးဟောင်းလည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တဦးလည်းဖြစ်၊ တောင်သာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းနဲ့ ဦးသိန်းစိန်ကြားမှာ နီးကပ်တဲ့ ဆက်ဆံရေးတွေ ဖြစ်ထွန်းလာပါတယ်။
သူရဦးရွှေမန်းကို ပါတီရဲ့ သမ္မတရာထူး ကိုယ်စားလှယ်အဖြစ် လျာထားထားတယ်လို့ ပြောခဲ့တဲ့ ဦးအောင်သောင်းက ဦးသိန်းစိန်နဲ့အတူ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဦးအောင်သောင်းရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ တောင်သာမြို့ကို သွားရောက်ပြီး ရေတွင်းရေကန် တူးဖော်မှုတွေ စစ်ဆေးခဲ့တဲ့အပြင် ၂ ဦး တူယှဉ်တွဲလို့ ဒေသခံ ပြည်သူတွေကို နှုတ်ဆက်ခဲ့ပါတယ်။
လွှတ်တော်နဲ့ အစိုးရကြားမှာ တဖက်နဲ့တဖက် အပြန်အလှန် ဝေဖန်ထိုးနှက်မှုတွေ ရှိနေပေမယ့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက တောင်သာမြို့နယ်မှာ ဖွံ့ဖြိုးရေးလုပ်ပေးလို့ သမ္မတ ဦးသိန်းစိန် အစိုးရကို ကျေးဇူးတင်တယ်လို့ ထုတ်ဖော် ပြောဆိုသွားပါတယ်။ ဦးအောင်သောင်းဟာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်အဖွဲ့က ဦးဆောင်သူတဦးဖြစ်တဲ့ ဦးဝီရသူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားဆီးထားတဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး အပြင်းအထန် ကန့်ကွက်နေတဲ့ ဦးဝီရသူ ဦးဆောင်ပါဝင်နေတဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ လှုပ်ရှားမှုတွေနဲ့ သမ္မတ ဦးသိန်းစိန် ယခင်ကတည်းက ဆက်စပ်မှုတွေ ရှိနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဌေးကြွယ်ကတော့ သမ္မတ ဦးသိန်းစိန် ရဲ့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ကြိုးပမ်းမှုက မြန်မာ့နိုင်ငံရေးမှာ သေချာပေါက် ဘာသာရေးနဲ့ နိုင်ငံရေး ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာမယ်လို့ သုံးသပ်ပြောဆိုပါတယ်။