သတင်းမီဒီယာများအပေါ် ပြန်ကြားရေးဝန်ကြီးဌာန၏ လိုင်စင်ထိန်းချုပ်မှုကို ခွင့်ပြုထားသော ဥပဒေအပါအဝင် မီဒီယာဆိုင်ရာ ဥပဒေ နှစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်က အင်္ဂါနေ့တွင် ပြဌာန်းလိုက်ပြီ ဖြစ်သည်။
သို့သော် ထိုဥပဒေများက စာနယ်ဇင်းလွတ်လပ်ခွင့်ကို အထောက်အကူပြုမည် ဖြစ်ကြောင်း လွှတ်တော်အမတ်များက ဆိုသည်။
လွန်ခဲ့သော ၁ နှစ်အတွင်းက လွှတ်တော်သို့တင်သွင်းခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲသော ပုံနှိပ်ထုတ်ဝေရေးဥပဒေ နှင့် စာနယ်ဇင်းကောင်စီက ရေးဆွဲသော သတင်းမီဒီယာ ဥပဒေ နှစ်ရပ်စလုံး လာမည့် နှစ်ပတ် အတွင်း ဥပဒေဖြစ်လာတော့မည်။
၂၀၁၂ ခုနှစ်ကစပြီး ပုံနှိပ်ထုတ်ဝေရေးတွင် ကန့်သတ်မှု လျှော့ချလိုက်ခြင်းနှင့် ဆင်ဆာအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးနောက် အရပ် သား အစိုးရသစ်ခေါင်းဆောင် သမ္မတဦးသိန်းစိန်၏ မြန်မာပြည်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် သတင်းမီဒီယာ လွတ်လပ်မှုသည် အမြင်သာဆုံး ပြောင်းလဲမှုတရပ်အဖြစ် နိုင်ငံတကာက စံပြုထားသည်။
သို့သော် သတင်းမီဒီယာ လွတ်လပ်ခွင့်ရရေး လှုပ်ရှားသူများကမူ မကြာခင်က အစိုးရ၏ လုပ်ရပ်များသည် အဆိုပါ ပြောင်းလဲမှုအပေါ် ခြိမ်းခြောက်နေသည်ဟု ပြောဆိုကြသည်။
အစိုးရပိုင် သတင်းစာများ၌ ပြည်ထောင်စု လွှတ်တော်က ဥပဒေ နှစ်ရပ်စလုံးကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း၊ ယင်း ဥပဒေများနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အကြား အငြင်းပွားမှုများ ဖြစ်စေခဲ့ကြောင်း ရေးသားသည်။
ယခုနှစ် ဇန်နဝါရီလအတွင်း ပုံနှိပ်ထုတ်ဝေရေး ဥပဒေကို လွှတ်တော်တွင်အတည်ပြုရန် ကြိုးစားခဲ့သော်လည်း ဆက်လက် ဆွေးနွေး စရာများ ကျန်ရှိနေသောကြောင့် ရက်ရေ့ွှခဲ့သည်။
ယခုအတည်ပြုလိုက်သည့် ပုံနှိပ်ထုတ်ဝေရေးဆိုင်ရာ ဥပဒေတွင် ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီး ဌာနကို လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးထားသည်။
ထိုအချက်သည် မြန်မာနိုင်ငံ၌ မည်သည့် သတင်းအချက်အလက်များ ပုံနှိပ်ထုတ်ဝေနိုင်သည်ဆိုခြင်းကို ထိန်းချုပ်ရန် အစိုးရကို အာဏာအပြည့်အ၀ ပေးထားခြင်း ဖြစ်ကြောင်း ဝေဖန်သူများက ပြောဆိုကြသည်။
အမျိုးသား ဒီမိုကရေစီသစ် ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကမူ ယင်းဥပဒေသစ်များသည် ယခင် ဖိနှိပ် သည့် ဥပဒေများထက် များစွာ တိုးတက်မှု ရှိကြောင်း ပြောသည်။
“ဒီဥပဒေ ၂ ရပ်စလုံးက သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အထောက်အကူပြုပြီးတော့ ဒီမိုကရေစီ စံနှုန်းတွေနဲ့လည်း ကိုက်ညီပါတယ်”ဟု သူက ဆိုသည်။
ပုံနှိပ် ထုတ်ဝေရေး ဥပဒေသစ်တွင် စာနယ်ဇင်းသမားများ အတွက် ခြိမ်းခြောက်မှုတခုဖြစ်သော ထောင်ဒဏ်ပြစ်မှု မရှိတော့ဘဲ ပြန်ကြားရေးဝန်ကြီးဌာန လိုင်စင်ထုတ်ပေးရေးရုံးက လိုင်စင်ရုပ်သိမ်းလိုက်ပြီး လိုင်စင်ပြန်မချပေးပါက တရားရုံး အကူအညီရယူနိုင်ကြောင်း ဦးသိန်းညွန့်က ပြောဆိုသည်။
“စာနယ်ဇင်းသမားတွေ အနေနဲ့ မတရား ပိတ်ပင်ခံရတယ်လို့ယူဆရင် တရားရုံးမှာ တရားမျှတမှု ရှာနိုင်မှာပါ၊ ဒါက အရင်ကနဲ့ လုံး၀ ကွာခြားပါတယ်”ဟုလည်း သူက ပြောသည်။
ဦးသိန်းညွန့်သည် စာနယ်ဇင်းကောင်စီက ရေးဆွဲသည့် သတင်းမီဒီယာ ဥပဒေကို လွှတ်တော်သို့ တင်သွင်းပေးခဲ့သူ ဖြစ်သည်။
ယခု အတည်ပြုလိုက်သည့် သတင်း မီဒီယာ ဥပဒေသည် ဥပဒေကြမ်းတွင် ပါဝင်သော စာနယ်ဇင်း ကောင်စီ၏ အနှစ်သာရ အတိုင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် တဦးဖြစ်သည့် ဦးဇော်သက်ထွေးက ဥပဒေပြုအမတ်များက ကောင်စီ၏ တင်ပြချက်ဖြစ်သော “စာနယ်ဇင်း ကောင်စီဟာ သတင်းစာနယ်ဇင်းသမားများ အတွက် လွတ်လပ်သော တခုတည်းသော ကောင်စီဖြစ်ရမယ် ဆိုတာနဲ့ စာနယ်ဇင်း ကောင်စီအဖွဲ့ဝင်တွေကို ပြည်သူ့ဝန်ထမ်းအဖြစ် မှတ်ယူရမယ်”ဆိုသည့် အချက်ကို လက်ခံလိုက်သည်ဟု ပြောဆိုသည်။
ဇန်နဝါရီ ၂၁ ရက်နောက်ပိုင်းမှ မတ်လ ၅ ရက် အထိ ဥပဒေများ အတည်မပြုခင် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များ၊ ဥပဒေပြုအမတ် များနှင့် ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ သုံးကြိမ်တွေ့ဆုံခဲ့ပြီး သဘောတူညီချက်များ ရရှိရန် ညှိနှိုင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“တချို့ အချက်တွေကို ကျနော်တို့ အပြန်အလှန် ညှိနှိုင်းခဲ့ရတယ်၊ အခု လွှတ်တော်က အတည်ပြုလိုက်တာ ကျနော်တို့ တောင်းဆို ထားတဲ့အထဲက ၇၀ ရာနှုန်းလောက် အောင်မြင်ပါတယ်”ဟု ဦးဇော်သက်ထွေး က ပြောသည်။
ဦးဇော်သက်ထွေးက “ဥပဒေကြမ်း ပူးပေါင်းကော်မတီနဲ့ တွေ့တဲ့အခါ ဒီလိုင်စင်တွေကို ပယ်ဖျက်ပေးဖို့ ပြောတယ်၊ နောက်မှတ်ပုံ တင် ဌာနမဟုတ်ဘဲ မော်ကွန်းဌာနပဲ ထားဖို့ ပြောဖြစ်တယ်၊ တချို့ဝေါဟာရများကို နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်ဟာ ဆောင်ရွက် ခဲ့ တာရှိတယ်၊ ပြန်ကြားရေးက တင်တဲ့ဥပဒေက ထုတ်ဝေခွင့်လိုင်စင်တွေကို ရုပ်သိမ်းဖို့ အာဏာရှိနေတုန်းပဲ ဖြစ်တယ်၊ တကယ်က ပြန်ကြားရေးက ဒီဥပဒေကို ထိန်းချုပ်မှုလုပ်ချင်လို့ကို ရေးဆွဲတာ၊ အဲဒါကို ကျနော်တို့က လွှတ်တော်ထဲ လိုက်ရှင်းပြတော့မှ လွှတ် တော် ကို တင်ပြီးတော့မှ ပြန်ရုပ်ဖို့ မဖြစ်နိုင်တော့လို့ အခုလို ၂ ခု ပြိုင်ပြီး ဖြစ်လာရတာ”ဟုလည်း ပြောဆိုသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီကို အသိမပေးဘဲ လက်ဦးမှုရယူပြီး လွှတ်တော်သို့ အမြန်တင်သွင်းခဲ့ခြင်းကို ကြည့် ခြင်းအားဖြင့် အစိုးရက မီဒီယာအပေါ် ဆက်လက်ထိန်းချုပ်ချင်တယ်ဆိုတာ မေးစရာမလိုတဲ့ မေးခွန်း ဖြစ်ကြောင်း ဦးဇော် သက်ထွေးက ဆိုသည်။
“တကယ်က မီဒီယာဆိုင်ရာဥပဒေ နှစ်ခုပြိုင်ပြီး လုပ်စရာ အကြောင်းမရှိဘူး၊ အားလုံးက မီဒီယာဥပဒေ ခေါင်းစဉ်အောက်မှာ ပေါင်းပြီး ပုံနှိပ်က သပ်သပ်၊ ထုတ်ဝေသပ်သပ်နဲ့ စာနယ်ဇင်းသမား အခွင့်အရေး ကာကွယ်ရေး စတာတွေက အခန်းအလိုက် ပါရမှာ ဖြစ် တယ်”ဟုလည်း ပြောသည်။