၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဌ အိမ်ရှင်နိုင်ငံ အဖြစ် တာဝန် ယူထားရသည့် မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ပြုလုပ် မည့် အာဆီယံ ပြည်သူ့ ဖိုရမ်သို့ တက်ရောက်ရန် အာဆီယံ နိုင်ငံများမှ လာရောက်မည့် ဧည့်သည်များ ပြည်ဝင်ခွင့် ဗီဇာရရှိရေး အတွက် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။
“မိတ်ဆွေ နိုင်ငံတွေက လာဖို့ အတွက် ဗီဇာ မရမှာ စိုးရိမ်တယ်၊ အင်ဒိုနီးရှားကို သွားတော့ ကျမတို့ကို သူတို့က Arrival Visa ပေးတယ်၊ ဒါပေမယ့် သူတို့ မြန်ပြည် လာဖို့အတွက်ကျတော့ ဗီဇာ လျှောက်ရတယ်၊ ဗီဇာ ရ၊ မရက စိန်ခေါ်မှု ရှိနေတယ်”ဟု အာဆီယံ အရပ်ဘက် လူမှု အဖွဲ့အစည်း ညီလာခံနှင့် အာဆီယံ ပြည်သူ့ ဖိုရမ် ဖြစ်မြောက်ရေး ဦးဆောင် ကော်မတီ ဥက္ကဋ္ဌ ဒေါ်မေမေပြုံးက ပြောသည်။
အာဆီယံ အရပ်ဘက် လူမှု အဖွဲ့အစည်း ညီလာခံနှင့် အာဆီယံ ပြည်သူ့ဖိုရမ် ၂၀၁၄ ကို ပြည်တွင်း ပြည်ပမှ တက်ရောက် မည့် လူဦးရေ ၁၅၀၀ ဝန်းကျင် ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ပြည်ပမှ တက်ရောက်မည့်သူများ အတွက် ဗီဇာ အခက်အခဲ အပြင်၊ ဟိုတယ်အခန်း မလုံလောက်မှုနှင့် အခန်းခ ဈေးနှုန်းများ တိုးမြှင့် တောင်းဆိုခြင်းက အခက်အခဲ ဖြစ်နေကြောင်း ဒေါ်မေမေပြုံးက ပြောဆိုသည်။
အာဆီယံ လူထု ဖိုရမ်ကို ရန်ကုန်မြို့ မြန်မာ ကွန်ဗင်းရှင်း စင်တာတွင် ယခုလ ၂၁ ရက်မှ ၂၃ ရက် အထိ ၃ ရက်ကြာ ပြုလုပ် မည် ဖြစ်ကြောင်း၊ အာဆီယံ နိုင်ငံ အသီးသီးမှ အရပ်ဘက် လူ့အဖွဲ့အစည်းပေါင်း ၁၀၀ ဝန်းကျင် တက်ရောက်မည် ဖြစ် ကြောင်း သိရသည်။
“ပြည်သူတွေရဲ့ ပါဝင်မှု မရှိရင် ဘယ်တော့မှ အာဆီယံ အသိုက်အဝန်းကောင်း ဖြစ်မလာနိုင်ပါဘူး၊ အစိုးရတွေရဲ့ စဉ်းစားပုံနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ စဉ်းစားချက်က တူညီနိုင်မှာ မဟုတ်ဘူး၊ ဒီတော့ လူထုကို အခြေခံတဲ့ အဖွဲ့အစည်းတွေရဲ့ စဉ်းစားချက်တွေကို အစိုးရတွေက ထည့်သွင်း စဉ်းစားနိုင်အောင် ဒီပွဲ လုပ်ရတာပါ”ဟု အဆိုပါ ကော်မတီ၏ ဘဏ္ဍာရေးမှူး ဒေါ်ခင်ဥမ္မာက ပြောသည်။
ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ ထွန်းကားရေး စသည့် ခေါင်းစဉ်များ အပါအဝင် ခေါင်းစဉ်ပေါင်း ၃၀ ကျော် အထိ ဆွေးနွေးသွားရန် ပြင်ဆင် ထားကြောင်း သိရသည်။
ဆွေးနွေးပွဲမှ ထွက်ရှိလာမည့် တောင်းဆိုချက်များ၊ အကြံပြုချက်များကို အာဆီယံ နိုင်ငံ အစိုးရများထံ ပေးပို့သွားမည် ဖြစ်ပြီး ယင်းတောင်းဆိုချက်များ မည်မျှ သက်ရောက်မှုရှိသည် ဆိုသည်ကို စောင့်ကြည့်မည့် အလုပ်အဖွဲ့ တခုလည်း ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း ဒေါ်ခင်ဥမ္မာက ပြောဆိုသည်။
အာဆီယံ အရပ်ဘက် လူမှု အဖွဲ့အစည်း ညီလာခံနှင့် အာဆီယံ ပြည်သူ့ ဖိုရမ်ကို ၂၀၀၅ ခုနှစ်မှ စတင်၍ မလေးရှား နိုင်ငံက ဦးဆောင် ကျင်းပခဲ့ကြောင်း၊ ထိုအချိန်မှ စတင်ပြီး အာဆီယံ ထိပ်သီး ညီလာခံများ ကျင်းပသည့် နိုင်ငံများရှိ အရပ်ဘက် လူ့အဖွဲ့အစည်းများက အစိုးရ၏ လွှမ်းမိုးမှု ကင်းသည့် ပြည်သူ့ ဖိုရမ်များ အဖြစ် နှစ်စဉ် ကျင်းပခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဖိုရမ်ကို တက်ရောက် လိုသူများသည် ယခုလ ၁၄ ရက် နောက်ဆုံးထား၍ www.aseanpeople.org/registration/ တွင် စာရင်းပေးသွင်းနိုင်ပြီး နိုင်ငံ၊ အဖွဲ့အစည်းအလိုက် ဝင်ကြေးအဖြစ် တဦးလျှင် ၃ ဒေါ်လာမှ ဒေါ်လာ ၂၀၀ ကြား အဆင့်ဆင့် သတ်မှတ် ထားသည်။