Human Rights

အဖျက်ခံရသည့် ကျေးရွာ ၇ ရွာမှ အိုးမဲ့အိမ်မဲ့များ အကူအညီ လိုအပ်နေ

This article has been converted from Zawgyi One to Unicode

စစ်တပ်ပိုင်မြေများတွင် ကျူးကျော်နေထိုင်သည်ဟု ဆိုကာ ဖေဖော်ဝါရီ လဆန်းပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီး ကလေး ကျေးရွာနှင့် အတူ အဖျက်ခံလိုက်ရသော အခြားရွာ ၆ ရွာမှ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူများသည် စားရေး သောက်ရေး အပြင် ကျန်းမာရေး ဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

၎င်းတို့သည် အိုးအိမ် အဖျက်ခံလိုက်ရသည့် အတွက် ရွှေ့ပြောင်းလာခဲ့သည်မှာ ၂ နေရာ ရှိနေပြီဖြစ်ကြောင်း၊ သစ်ပင်ကြီး နည်းပါးသည့် လှည်းကူးမြို့နယ် အပိုင် ပဲခူးရိုးမ အစပ်ရှိ တောထဲတွင် အမိုး၊ အကာမရှိဘဲ နေကြရကြောင်း၊ သောက်သုံးရေ အတွက်လည်း အခက်အခဲဖြစ်ကြရကြောင်း ယခင် အင်းပတီးကျေးရွာမှ မစန္ဒာဝင်းက ပြောသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့ ညတွင် သမီးကလေးကျေးရွာနှင့်အတူ အင်းပတီး ကျေးရွာရှိ နေအိမ် ၆၂ လုံး အဖျက် ခံလိုက်ရပြီး နေအိမ် ၇ လုံးမှာ မီးရှို့ခံလိုက်ရကြောင်း၊ အဖျက်ခံလိုက်ရသော အခြား ရွာများမှာ လက်ကျိုက်၊ အုတ်ဖို၊ ထီးပန်နာ၊ တောင်လုံးပြောင်း၊ အင်းပတီး၊ သမီးကလေး၊ ဝါးပငဲ့ စသည့်ရွာများဖြစ်ကြောင်း ၎င်းက ဆက်ပြောပြသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့က အင်းပတီး ကျေးရွာကို ဖျက်သည့် အတွက်ကြောင့် အိမ်ထောင်စု ၃၀ ဝန်းကျင်သည် ဘုရားကုန်း ကမ္မဋ္ဌာန်းကျောင်းသို့ လာရောက်ခိုလှုံခဲ့ကြောင်း၊ တဖန် ဖေဖော်ဝါရီ ၁၄ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက်တို့ တွင် အဆိုပါကျောင်းမှ ပြောင်းပေးရန် ခလရ ၂၁ ၊ ရဲမွန်တပ်မြို့မှ ဖိအားပေးခဲ့ကြောင်း၊ နောက်ဆုံး မတ်လ ၃ ရက်နေ့တွင် ခိုလှုံနေသူများသာမက ဘုန်းကြီးကျောင်းကိုပါ စစ်တပ်ကလာရောက် ဖြိုဖျက်ခဲ့ကြောင်း ဘုရားကုန်း ကမ္မဋ္ဌာန်းကျောင်းတွင် ၃ နှစ်ခန့် သီတင်းသုံးနေခဲ့ သော ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာ က ပြောသည်။

“ဘုန်းကြီးရဲ့ ကျောင်းကို လာဖျက်တဲ့ အခါ ရပ်ကွက် သံဃနာယက အဖွဲ့က လာဖျက်တဲ့ တာဝန်ရှိ သူကို ဖုန်းပေး လိုက်လို့ ပြော တာနဲ့ ဘုန်းကြီးက လာဖျက်တဲ့ စစ်သားတွေကို မဖျက်နဲ့ဦး၊ ဒီမှာ ပြောလိုက်ဦး ဆိုပြီး ပြောတော့ သဃနာယက အဖွဲ့ကိုလည်း ဂရုစိုက်စရာ မလိုဘူး၊ ဖုန်းလည်း ပြောစရာ မလိုဘူး၊ ဘုန်းဘုန်း အေးအေးဆေးဆေး နေပါ၊ ကိုယ် လုပ်စရာ ရှိတာပဲ ဆက်လုပ်မှာ လို့ ဗိုလ်ကြီး ကောင်းဇော်ဌေးက ပြန်ပြောတယ်”ဟု ကျောင်းအဖျက် ခံလိုက်ရသော ဦးပဉ္စင်း ဦးစန္ဒိမာက ဧရာဝတီကို ပြောသည်။

လက်ရှိ အချိန်တွင် အင်းပတီးကျေးရွာမှ ဝါးတောများထဲတွင် ရွှေ့ပြောင်းနေထိုင်နေကြသူ လူဦးရေ ၁၂၅ ဦးရှိပြီး ကျောင်းနေ အရွယ် ကလေးများလည်း ပါဝင်ကြောင်း၊ လက်ကျိုက်ရွာမှလည်း ကျောင်းသူ၊ ကျောင်းသား ၄၃ ဦး အပါအဝင် လူဦးရေ ၁၇၀ ကျော်တို့မှာ နေရေး စားရေး အခက်တွေ့နေရကြောင်း သိရသည်။

မူလ အင်းပတီးကျေးရွာနှင့် အဖျက်ခံလိုက်ရသော လက်ကျိုက် ကျေးရွာတို့ အကြား၊ လကွင်းပြင် ဆည်မြောင်း လက်တံနှင့် ၁ ဖာလုံ ခန့် အကွာရှိ လျှိုမြောင်များ၊ ဝါးရုံတောများတွင် ခိုလှုံနေကြရကြောင်း၊ တချို့မှာ ဆည်မြောင်း လက်တံအနီးရှိ အဖျက် မခံရ သေးသော လက်ကျိုက်ရွာရှိ ရတနာသိဒ္ဓိ တောရကျောင်းတွင် ခိုလှုံနေကြရကြောင်း ယခင် အင်းပတီးရွာခံ ဦးမောင်ချစ်က ပြော သည်။

အိမ်ရာ အဖျက်ခံလိုက်ရသည့် အိုးမဲ့အိမ်မဲ့များသည် နေ့ခင်းပိုင်းတွင် အပူချိန်နှင့် ညပိုင်းတွင် အအေးဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားကြရကြောင်း၊ ၎င်းတို့မှာ ယခင်က ထင်းခုတ်၊ ဝါးခုတ်၊ လယ်ယာ အလုပ် လုပ်ကိုင်ခဲ့သော်လည်း ယခု အလုပ် မလုပ်နိုင်ကြ တော့ဘဲ စားဝတ်နေရေး အခက်အခဲများ တွေ့နေကြရကြောင်း ထီးပန်နာရွာမှ မလဲ့လဲဝင်းက ပြောပြသည်။

“ကျမတို့မှာ အခု စားစရာလည်း အလှူရှင် ရှိမှ စားရတယ်၊ ကိုယ်တိုင် ငွေထွက်ရှာဖို့ ကလည်း ဒီတောတွေ၊ ခြံတွေထဲမှာ အိမ်တွေတောင်မှ လာဖျက်နေကြတော့ ထင်းလဲသွား မခုတ်ရဲတော့ဘူး၊ စိုက်ထားတဲ့ စိုက်ခင်းတွေ ကလည်း အကုန်အဖျက် ခံလိုက်ရတာ ဆို တော့ တော်တော့်ကို ဒုက္ခရောက်နေတယ်၊ ကလေးတွေမှာလည်း ခြင်တွေ၊ အပူအအေး ဒဏ်တွေကြောင့် ချောင်းတွေ တအားဆိုး ကြတယ်၊ သောက်သုံးရေ ကလည်း အဆင်မပြေတော့ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ရောဂါတွေ ဖြစ်လာတော့မှာ”ဟုလည်း ၎င်းက ပြောသည်။

အစိုးရအနေဖြင့် အမှန်တကယ် အိုးအိမ် မရှိသူများကို နေရာထိုင်ခင်း စီစဉ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယနေ့ အထိ လာရောက် စာရင်းကောက်ယူခြင်း၊ အခြေအနေ စုံစမ်းမေးမြန်းခြင်းများ မရှိသေးကြောင်း၊ ယခု ခိုလှုံနေသည့် နေရာမှ မည် သည့် အချိန်တွင် ထပ်မံပြောင်းရွှေ့ရဦးမည်ကို စိုးရိမ်နေကြဆဲ ဖြစ်ကြောင်း ဆရာတော် ဦးစန္ဒိမာက ပြောသည်။

အိုးမဲ့အိမ်မဲ့များသည် ဝါးတောများထဲတွင် ရွှေ့ပြောင်းကာ ဖြစ်သလို နေထိုင်နေကြရပြီး စားရေး သောက်ရေး နေထိုင်ရေး အခက် အခဲများ တွေ့နေကြောင်း သိရသည်။

Loading