၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန် သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကြား နိုင်ငံရေးအားပြိုင်မှုတွေက ပိုမိုသိသာလာနေပြီးတော့ လွှတ်တော်ထဲမှာ သမ္မတ ဦးသိန်းစိန်ကို ထောက်ခံတဲ့ သူတွေက တစု၊ သူရဦးရွှေမန်းကို ထောက်ခံတဲ့သူတွေက တစုဆိုပြီး နှစ်စုကွဲနေတာ တဖြည်းဖြည်း ထင်ရှား လာတာမို့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ တကယ့်ခေါင်းဆောင်ဟာဘယ်သူ ဖြစ်မလဲလို့ မေးခွန်းထုတ်စရာဖြစ်လာနေပါပြီ။
ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်သူက ကြံ့ခိုင်ရေးပါတီကို ဦးဆောင်ပြီး ရွေးကောက်ပွဲအလွန် အုပ်ချုပ်ရေး အဖွဲ့ဖွဲ့ရင်လည်း ဘယ်သူကပါတီရဲ့ သမ္မတရာထူး ကိုယ်စားလှယ် တင်သွင်းခံရမလဲဆိုတာနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန် ဝင်အရွေးခံမှာ မဟုတ်ဘူးလို့ မနှစ်က လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုခဲ့အပြီး သူရဦးရွှေမန်းဦးစီးတဲ့ လွှတ်တော်နဲ့ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ ကြားမှာ “နိုင်ငံရေး ပွတ်တိုက်မှု” တွေ အထင်အရှားပဲ ပေါ်ထွက်လာခဲ့တယ်။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စစ်အစိုးရလက်ထက် ပိုစီနီယာကျခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဟာ ပြုပြင်ပြောင်းလဲ ရေးမှာ ဦးသိန်းစိန်နည်းတူ အရေးပါအရာရောက်ကြောင်း ပြသချင်တဲ့ ပုဂ္ဂလိက စိတ်ဆန္ဒကြောင့် လွှတ်တော် ရဲ့အခန်းကဏ္ဍကို မြှင့်တင်ရာက အစိုးရနဲ့ အားပြိုင်မှုတွေ ဖြစ်လာခဲ့ရတယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။
လွှတ်တော်ကို သမ္မတဆီကပေးပို့လာတဲ့ သဝဏ် လွှာတွေ၊ သမ္မတရဲ့ သဘောထားမှတ်ချက်ပါတဲ့ ဥပဒေ ကြမ်းတွေကို ဆွေးနွေးတဲ့အခါမှာလည်း လွှတ်တော်တွင်းမှာရှိတဲ့ သမ္မတဦးသိန်းစိန် ထောက်ခံတဲ့ အင်အားစု တွေက မဲမပေးဘဲ ရှောင်နေတာမျိုးတွေ ရှိလာခဲ့ပါတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေး တတိယနေ့မှာ နိုင်ငံတော်သမ္မတရဲ့ သဘောထား မှတ်ချက်နဲ့ ပြန်လည် ပေးပို့လာတဲ့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြန်လည်အတည်ပြု တဲ့အခါ မဲမပေးဘဲနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိနေတဲ့အတွက် သူရဦးရွှေမန်း စိတ်ဆိုး သွားခဲ့ပါတယ်။
“ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်လာပြီဆိုရင် မဲပေးတတ်ရမှာပေါ့။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို ရဲရဲဝံ့ဝံ့ မချနိုင်ရင် ပြည်သူ့ကိုယ်စားလှယ် မမည် ထိုက်ဘူးဆိုတဲ့ ဝေဖန်ပြောဆိုတာတွေကို ကြားသိနေ ရတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်စား ရှက်မိပါတယ်” လို့ သူရဦးရွှေမန်းက မဲ မပေးခဲ့တဲ့ ကိုယ်စားလှယ်တွေကို ဘုတောပါတယ်။
ဒီဥပဒေကြမ်းက လွှတ်တော်ကိုယ်စားလှယ်တွေကို လုပ်ပိုင်ခွင့်ပိုပေးထားပြီးတော့ အုပ်ချုပ်ရေးပိုင်း ကိစ္စတွေ မှာပါ ဝင်ရောက်လွှမ်းမိုးမှုတွေရှိလို့ သမ္မတ က ပြန်လည်ပြင်ဆင်ပေးဖို့ ပြောတာကို လွှတ်တော်ကို လက်မခံဘဲ အတည်ပြုဖို့လုပ်တဲ့အခါ လွှတ်တော်ထဲ ရောက်နေတဲ့ သမ္မတထောက်ခံတဲ့ အင်အားစုက ကိုယ်စားလှယ် တချို့က မဲမပေးဘဲ နေခဲ့တာပါ။ အဲဒီ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်တဲ့အခါမှာ မဲပေးခွင့်ရှိတဲ့ သူ ၅၂၇ ဦးမှာ ထောက်ခံမဲ ၃၂၇ မဲ၊ ကန့်ကွက်မဲ ၁၇၁ မဲနှင့် ကြားနေမဲ ရှစ်မဲရှိပြီး ဆန္ဒမဲမပေးသူ ၂၁ ဦး အထိ ရှိခဲ့ပါတယ်။ ဒါဟာ အာဏာရပါတီ ကိုယ်စားလှည်တွေကြား မဲကွဲသွားတာဖြစ်ပြီး ထိုနေ့ က ဆွေးနွေးမှုမှာ တပ်မတော်သား ကိုယ်စားလှယ်အားလုံးက သမ္မတဦးသိန်းစိန်ကို ထောက်ခံပါတယ်။
လွှတ်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော် ဥက္ကဋ္ဌတို့ ထိပ်တိုက်တွေ့ဆုံတဲ့အခါတွေမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက သမ္မတ ဦးသိန်းစိန်ဘက်ကနေပြီးတော့ အမြဲ ထောက်ခံလေ့ရှိပြီး “လွှတ်တော် ကိုယ်စားလှယ် တာဝန်ကနေ ပြန် လည်ရုပ်သိမ်းရေး ဥပဒေကြမ်း” ကိုလည်း အင်တိုက်အားတိုက် ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းကတင်ပြရင် ရွေးကောက်ခံ လွှတ်တော်အမတ်ကို ပြန်ဖြုတ်ချနိုင် မယ့် ဥပဒေကြမ်းကို ရွေးကောက်ပွဲကော်မရှင်က တင်သွင်းချိန်မှာ သူရဦးရွှေမန်း ထောက်ခံတဲ့ အရပ်သား လွှတ်တော် ကိုယ်စားလှယ်တွေက အပြင်းအထန် ကန့်ကွက်ပါတယ်။ တပ်ကိုယ်စားလှယ်တွေကို ရွေးကောက်ခံစရာမလိုတဲ့သူတွေ ဆိုပြီးတောင် ဝေဖန်ဆွေးနွေးမှုများ ရှိခဲ့ပါတယ်။
နောက်တခါ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ၈ ခုကို သမ္မတရုံး က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်ဖို့လုပ်ပါတယ်။ မကြာသေးမီကလည်း သမ္မတ ရွေးချယ်ထားတဲ့ အဖွဲ့ဝင်တွေ ရောက်မလာလို့ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် အဖွဲ့ဝင်တွေ လွှတ်တော်မှာ ကတိသစ္စာပြုဖို့ အစီအစဉ် ပျက်ပြယ်သွားပါတယ်။ သမ္မတရွေးချယ်ထားတဲ့အဖွဲ့ဝင်တွေဟာ လွှတ်တော် တက်ဖို့ နေပြည်တော်ကိုရောက်နေပေမယ့် ဘာညွှန် ကြားချက်မှ မရှိလို့ သွားမတက်ခဲ့ရတာဖြစ်ပြီး ဒီကိစ္စ တွေအားလုံးကို လွှတ်တော်ရုံးကစီစဉ်တာလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ယှဉ်ပြီး လက်စွမ်းပြလာတဲ့ သူရဦးရွှေမန်းကို မကြိုက်တဲ့သူတွေဟာ အစိုးရ၊ တပ်ကိုယ် စားလှယ်တွေသာမက အာဏာရပါတီတွင်း ကပါ ပါတယ်လို့ သိရပါတယ်။ လွှတ်တော်ထဲမှာ ပါတီစွဲ ၊ ဝါဒစွဲ ၊ လူမျိုးစွဲ မရှိဘဲ ဆောင်ရွက်နေတာကို လုံးဝလက်မခံဘဲ မကြိုက်တဲ့ အင်အားစုတစု လွှတ် တော်ထဲတွင်ရှိနေပြီး အဲဒီအင်အားစုဟာ အာဏာရ ကြံ့ခိုင်ရေးပါတီကဖြစ်တယ်လို့ ရှမ်းပြည်နယ် သီပေါ မြို့နယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းက ဧရာဝတီကို ပြောပါတယ်။ သူ့အပြောအရ နိုင်ငံရေး အကျဉ်းသား တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အဆိုကို အာဏာရ ကြံ့ခိုင်ရေးပါတီကနေ တင်ပြီးတော့ သမ္မတက အဲဒီအမိန့်ကို ထုတ်ပေးဖို့ ပြင်ဆင်ထားချိန်မှာ ကြံ့ခိုင်ရေးပါတီက မဟုတ်တဲ့ ဦးသိန်းညွန့်တင်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို သူရဦးရွှေမန်းက လွှတ်တော်မှာ ဆွေးနွေးဖို့ ဦးစားပေးလိုက်တဲ့အပေါ် သမ္မတရဲ့လူတွေက သူရဦးရွှေမန်းကို တော်တော်လေး မကျေမနပ်ဖြစ်ခဲ့ကြ ပါတယ်လို့ သိရပါတယ်။
“ဒီ လွတ်ငြိမ်းချမ်းသာခွင့်က ဦးသိန်းညွန့် တင်လိုက်လို့ အောင်တဲ့သဘော ဖြစ်သွားတယ်။ အမှန်တော့ သူတို့က စီစဉ်ပြီးသား။ အဲဒီကိစ္စနဲ့ပတ်သက်လို့ သူရဦးရွှေမန်းကို သူတို့ ပါတီဝင်တွေနဲ့ သမ္မတရဲ့ လူတွေက မကျေနပ်ကြ ဘူး” လို့ ဦးရဲထွန်းက ပြောပါ တယ်။ သမ္မတဦးသိန်းစိန်က အစပိုင်းတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး နိုင်ငံရေး ဆက်မလုပ်ချင် ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ လေသံပြောင်းလာတာဟာ သမ္မတဦးသိန်းစိန်ရဲ့အနီးက လူတစုရဲ့ အကြံပေးမှုကြောင့် ဖြစ်နိုင်တယ်လို့လည်း ဆိုပါသေးတယ်။
“ဦးသိန်းစိန် ဘေးနားမှာရှိတဲ့ လူတချို့မှာ ဦးရွှေမန်းကို အမြင်မကြည်တဲ့သူတွေ ဖြစ်ပုံရတယ်။ အဲဒီလူတွေက ဘာဖြစ်လို့ ဖယ်ပေးရမှာလဲ။ လူထုက ထောက်ခံရင် ခင်ဗျားပဲပြန်လုပ်ပေါ့ ဆိုတာမျိုး ပြော နိုင်တယ်” လို့ ဦးရဲထွန်းက ပြောပါတယ်။
ဒီလို ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီကို ဘယ်သူက ဦးဆောင်ပြီး သမ္မတရာထူးအတွက် ယှဉ်ပြိုင် မယ်ဆိုတာကို နှစ်ဖက်စလုံးက အလျှော့ပေးမယ့်ပုံ မပေါ်တဲ့အခါ ကြံ့ခိုင်ရေးပါတီမှာ လက်ရှိသမ္မတ ဦးသိန်းစိန်ကို ထောက်ခံတဲ့ အုပ်စုနဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ထောက်ခံတဲ့အုပ်စု ဆိုပြီး နှစ်မျိုး ပေါ်ပေါက်လာနိုင်ပြီးတော့ ပါတီ တောင် နှစ်ခြမ်းကွဲ သွားနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ အုပ်ချုပ်ရေး တာဝန်များကို ထမ်းဆောင်နေသူများ မည်သည့် ပါတီနိုင်ငံရေးကိုမျှ မထမ်းဆောင်ရလို့ ၂၀ဝ၈ ဖွဲ့စည်းပုံက ပြဋ္ဌာန်းထား တာကြောင့် ၂၀၁၂ အောက်တိုဘာမှာ ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေး ကောက်ခံခဲ့ရပေမယ့် သမ္မတဦးသိန်းစိန် ၂၀၁၃ မေလ မှာ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌရာထူး လွှဲပေးခဲ့ရတယ်။
ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီလည်းဖြစ် အမျိုး သားလွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးလှဆွေကတော့ လက်ရှိနိုင်ငံရေး အနေအထားအရ သမ္မတ ဦးသိန်းစိန် ပါတီတစ်ခု ထပ်ထူထောင်ရင်လည်း တိုင်းပြည်မပြိုကွဲ ဘူးလို့ မနှစ်က ဧရာဝတီနဲ့ အမေး အဖြေလုပ်ရာမှာ ပြောဆိုခဲ့ပါတယ်။ “အခု တိုင်းပြည်မှာက အမျိုးသားအကျိုး စီးပွားကိုပဲ လုပ်မယ်ဆိုတဲ့ အမျိုးသားရေးပါတီ ပေါ်လာရင် ထောက်ခံမယ့် အမျိုးသားရေးစိတ်ဓာတ်ကဲတဲ့ အုပ်စုတွေရှိနေတယ်။ အဲဒါကို ဦးသိန်းစိန်က တွက်ချက်ပြီး ကြားအဖွဲ့တဖွဲ့ ထောင်လိုက်ရင် လက်ရှိအတိုင်း ဘာမှမပြောင်းဘဲ NLD ရော၊ ကြံ့ခိုင်ရေးရော ငြိမ်သွားလိမ့်မယ်” လို့ မှတ်ချက်ပေးတဲ့အပြင် ဒေသစွဲ၊ လူမျိုးစွဲ ကြီးတဲ့ မြန်မာတွေ ထောက်ခံကြမယ်လို့ သုံးသပ်ယူဆပါတယ်။
သမ္မတဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ကြားမှာ နိုင်ငံရေး အားပြိုင်မှုတွေ ရှိနေတယ်လို့ အသံတွေ ထွက်နေ ပေမယ့် အာဏာရ ကြံ့ခိုင်ရေးပါတီကတော့ သမ္မတလောင်းနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက် မရှိသေး ပါဘူး။ အပတ်စဉ်ထုတ် နြျနညါနမ ဂျာနယ်နှင့် အင်တာဗျူးတခုမှာ ကြံ့ခိုင်ရေးပါတီမှာ ဩဇာညောင်းနေဆဲလို့ ယူဆရတဲ့ ဗဟိုအတိုင်ပင်ခံ ဖြစ်သူ ဦးအောင်သောင်းက လက်ရှိပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပါတီက ဝင်ရောက်အရွေးခံမယ့် သမ္မတ လောင်းအဖြစ် လျာထားတယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပေမယ့် နောက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ ပြန်တွဲထွက်လာတာမို့ ကြံ့ခိုင်ရေးပါတီတွင်း အားပြိုင် မှုတွေ မငြိမ်သေးဘူးလို့ ယူဆနေကြပါတယ်။
တဖက်မှာ ၂၀၁၂ မေလအတွင်း အလုပ်ပိလို့ ကျန်းမာရေးချို့ယွင်းကာ စင်ကာပူမှာ ဆေးကုသမှု ခံခဲ့ရပြီး နှလုံးခုန်စက်တွေတပ်ဆင်ထားရတဲ့ သမ္မတ ဦးသိန်းစိန် နောက်သက်တမ်း ဆက်ထမ်းဆောင်ဖို့ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။ နီးစပ်သူတွေက လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက် မှုတွေ အပြည့်အဝရှိပြီး လက်ရှိကျန်းမာရေးကလည်း ကောင်းနေတယ်လို့ ဆိုပါတယ်။ သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယ ပြန်ကြား ရေး ဝန်ကြီး ဦးရဲထွဋ်က “သမ္မတကြီးဟာ တိုင်းပြည် တာဝန်များကို ကျေပွန် အောင် ထမ်းဆောင်နိုင်တဲ့ ကျန်းမာရေးအခြေအနေ ရှိပါတယ်” လို့ ဧရာဝတီကို ပြောခဲ့ပါတယ်။