၂၀၁၅ ရွေးကောက်ပွဲတွင် မိမိတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် သန့်ရှင်းစွာ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်နာယကလည်းဖြစ် အာဏာရပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။
မတ်လ ၆ ရက် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်နာယက ရုံးခန်းတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနှင့်တပြိုင်တည်း ကြံ့ခိုင်ရေး ပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးကလည်း ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် ယမန်နေ့က ကျင်းပသည့် မြို့ခံလူထုနှင့် တွေ့ဆုံပွဲအပြီး သတင်းမီဒီယာများကို ပါတီအနေဖြင့် ရွေးကောက်ပွဲ အနိုင်အရှုံး ရလာဒ်များကို ဂရုမစိုက်ဘဲ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်သွားမည်ဟု ပြောဆိုသည်။
ယင်းသည် လတ်တလော သတင်းမီဒီယာများတွင် အာဏာရပါတီနှင့် အစိုးရဝန်ကြီးများ၊ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား အပြန်အလှန် တင်းတင်းမာမာ ပြောဆိုတိုက်ခိုက်မှုများ မြင့်တက်လာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
“အမျိုးသားပြန်လည် သင့်မြတ်ရေးကအရေးကြီးပါတယ်။ ဒါကြောင့်မို့ အမျိုးသားရေးပေါ်မှာ အခြေခံ ဖွဲ့စည်းထားကြတဲ့နို င်ငံရေးပါတီတွေ သင့်မြတ်ဖို့လိုပါတယ်။ ဒါ အရေးကြီးဆုံးပါ” ဟု သူရဦးရွှေမန်းက ဆိုသည်။ ထို့အပြင် ယခင်အချိန်များက ကျင့်သုံးခဲ့သည့် ပါတီအချင်းချင်း “အပြုတ်တိုက်၊ အပြတ်ရှင်း”သောစနစ်ကို ယခုအချိန်တွင် ကျင့်သုံးရန် မရှိကြောင်း၊
ထိုသို့ ကျင့်သုံးခဲ့ခြင်းကြောင့် ပါတီ အချင်းချင်း စိတ်ဝမ်းကွဲမှုများ ရှိလာပြီး အမုန်းတရားများ ကြီးလာခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
“ဒီအချိန်မှာ အပြုတ်တိုက်၊ အပြတ်ရှင်းတာ လုပ်မှာ မဟုတ်ဘူး။ ဘယ်ပါတီကိုမှ ရန်သူလို သဘောမထားဘူး။ ဒေါ်စု လွှတ်တော်ထဲ ရောက်လာတော့လည်း ညှိညှိနှိုင်းနှိုင်း လုပ်တယ်။ လုပ်ဖော်ကိုင်ဘက်လိုပဲ သဘောထားတယ်” သူရဦးရွှေမန်းက ပြောဆိုသည့်အပြင် ထိုသို့လုပ်ဖော်ကိုင်ဘက်ကဲ့သို့ ဆက်ဆံသည့်အတွက် နောက်လိုက်များ ရန်မဖြစ်ခဲ့ဘဲ ယခုနောက်ပိုင်းတွင်မှ ကြံ့ခိုင်ရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ ပါတီဝင်အချို့၏ တဘက်နှင့် တဘက် သူနိုင်ကိုယ်နိုင် စကားလု ပြောနေမှုများကြောင့် မိမိတို့ ခေါင်းဆောင်ပိုင်းမှာ အချင်းချင်း မျက်နှာပူနေရကြောင်းလည်း ပြောသည်။
သို့ရာတွင် ရွေးကောက်ပွဲ ကျင်းပမည့်အချိန်တွင် “NLD ဘက်ကလည်း အလျော့ပေးမှာ မဟုတ်သလို ကိုယ်ကလည်း အနိုင်မပေးနိုင်ဘူး။ တရားမျှတစွာ သန့်ရှင်းစွာ လုပ်ဆောင်မယ်။ ဒါ နိုင်ငံရေးပဲ”ဟု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌက အခိုင်အမာ ပြောဆိုသည်။ နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးမှာ အဆိုပါနိုင်ငံများ၏ နိုင်ငံရေးပါတီများ၏ ဆောင်ရွက်ချက်သာဖြစ်ကြောင်း၊ မည်သည့်ပါတီမဆို ပါတီ အနိုင်ရရေးကို အင်တိုက်အားတိုက် ကြိုးစားကြမှာဖြစ်ကြောင်း၊ ကြိုးစားရာတွင်လည်း တရားသဖြင့် ကြိုးစားကြရန် လိုကြောင်းလည်း ဆိုသည်။
ပြည်ထောင်စုကြုံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လူမှုရေးအသင်းအဖြစ်မှ ပါတီအသွင်ပြောင်းပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံအနှံ့အပြား အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သည့် ပါတီဖြစ်သည်။ သို့သော် မဲမသမာမှုများ၊ ကြိုတင်မဲများဖြင့် ကြံ့ခိုင်ရေးတို့ အနိုင်ယူခဲ့သည်ဟု ယှဉ်ပြိုင်ဘက်များက စွပ်စွဲခဲ့ကြသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းများအား ကြံ့ခိုင်ရေးပါတီက အပြတ်အသတ်ရှုံးနိမ့်ခဲ့သည့်အတွက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတပါက NLD ပါတီ အကြီးအကျယ် အနိုင်ရနိုင်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်နေကြသည်။
“ပါတီဆိုတာ ပြည်သူ့အတွက်ပါ။ ၂၀၁၅ အတွက် မဟုတ်ပါဘူး။ ရှုံးတဲ့အတွက် ပြည်သူကို ဂရုမစိုက်ဘဲနဲ့ မလုပ်တော့ဘူးလား။ နိုင်မှပဲ လုပ်မှာလား။ ကျနော့်အနေနဲ့ ပြောမယ်ဆိုရင်တော့ ရှုံးတဲ့နေရာလည်း လုပ်မှာပဲ။ ပြည်သူအတွက် အကျိုးရှိတဲ့လုပ်ငန်းတွေကို ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကျနော်တို့လုပ်ရမယ်။ အဲ့လိုလုပ်လို့ စေတနာမှန်တယ်ဆိုတာ ပြည်သူနားလည်လာရင် ၂၀၁၅ ဆိုတာ ဂရုစိုက်စရာ မရှိဘူး” ဟု ကြံ့ခိုင်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးက ဆိုသည်။ ၎င်းအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတမြို့မှပင် ပြန်လည်ဝင်ရောက် အရွေးခံသွားမည်ဟုလည်း လက်ရှိ ဟင်္သတာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ကြေညာ ပြောဆိုခဲ့သည်။
ပါတီတွင်းရှိ သမ္မတ ဦးသိန်းစိန်ဦးစီးသော အဖွဲ့က အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ကြွေးကြော်သံကို စတင်အသုံးပြုလာနေပြီး ဗုဒ္ဓဘာသာဝင် မဲများရရေး ပြင်ဆင်လာချိန်တွင် ကြံ့ခိုင်ရေးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာနှင့် စပ်လျဉ်းပြီး လက်ရှိ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် အသေးစိတ် ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။ သို့သော် ပါတီအနေဖြင့် ယခင် တပ်မတော်အစိုးရလက်ထက်ကတည်းကပင် လူမှုရေးအဖွဲ့အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် ဆူပူမှုများ မဖြစ်အောင် ထိန်းသိမ်းပေးခဲ့ကြောင်း၊ ယခု နိုင်ငံရေးပါတီအနေဖြင့် ရပ်တည်လာရာတွင်လည်း ယခင်အတိုင်း ဆူပူမှုများကြောင့် တိုင်းပြည်တည်ငြိမ်မှု မပျက်ပြားစေရန် ထိန်းသိမ်းပေးမှာဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်မှ ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာနိုင်မှာဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ မေးမြန်းမှုများကိုလည်း သူရဦးရွှေမန်းက လွှတ်တော်အနေဖြင့် ဖွဲ့စည်းထားသော ကော်မတီကို လမ်းညွှန်မှုလည်းပေးထားပြီးပြီဖြစ်ကြောင်း၊ မည်သည့်အပိုင်းကို မည်သည့်အချိန်တွင် စတင်မည်ဆိုခြင်းမှာ ဖွဲ့စည်းထားသည့် ကော်မတီလုပ်ဆောင်မှုပေါ်တွင်သာ မူတည်ကြောင်း ပြန်လည်ဖြေဆိုသည်။
“ဖွဲ့စည်းပုံက ပြင်သင့်တာပြင်နိုင်ဖို့ မပြင်သင့်တာမပြင်နိုင်ဖို့ လိုတယ်။ မျက်စိမှိတ်ပြင်ရမယ်ဆိုတာလည်း မကောင်းဘူး။ ပြင်မယ်ဆိုလည်း ဒီမိုကရေစီစံနှုန်းဆိုပြီး လောဘတကြီး လုပ်ရင်လည်း မကောင်းဘူး။ ဝိုင်းစဉ်းစားပြီး အကောင်းဆုံး လုပ်ရမှာပါ” ဟု မတင်မကျ ဖြေကြားသွားသည်။
(ပုသိမ်မှ ဆလိုင်းသန့်စင် ပူးတွဲ သတင်း ရေးသားပေးပို့သည်။)