ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတ က ကန့်ကွက်နေသော်လည်း လွှတ် တော်က အတည်ပြု ပြဌာန်းလိုက်သည်။
ထိုဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ်က သဘောတူ၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပြီး နိုင်ငံတော် သမ္မတ က လက်မှတ်ထိုး အတည်ပြုပေးရန် သမ္မတထံ ပေးပို့ခဲ့သည့်တိုင် လက်မှတ်မထိုးဘဲ သဘောထား မှတ်ချက်ဖြင့်သာ ပြန် လည် ပေးပို့ခဲ့သည်။ သို့သော် လွှတ်တော်က လက်မခံဘဲ မတ်လ ၄ ရက်နေ့က အတည်ပြုလိုက်ခြင်း ဖြစ်သည်။
သမ္မတက သဘော မတူခြင်းသည် အုပ်ချုပ်ရေး မဏ္ဍိုင်အပေါ် ဥပဒေ ပြုရေး မဏ္ဍိုင်မှ ဝင်ရောက်စွက်ဖက်ရာ ရောက်သည့် အတွက် ဖွဲ့စည်းပုံ ဥပဒေနှင့်မညီ၍ ထိုဥပဒေကို မပြဌာန်းသင့်ကြောင်း သဘောထား မှတ်ချက်ဖြင့် ကန့်ကွက်ခဲ့သည်။
“ဒေသဖွံ့ဖြိုးရေးတွေကို သက်ဆိုင်ရာ ရပ်ရွာ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့တွေက လုပ်နေကြတယ်၊ တိုင်းဒေသ၊ ပြည်နယ် အ ဆင့် ဆင့်က လုပ်နေတဲ့အတွက် ကိုယ်စားလှယ်တွေ လုပ်စရာ မလိုပါဘူး၊ အဲဒီလို လုပ်ရင် အုပ်ချုပ်ရေး ကိစ္စကို ဝင်စွက်ဖက် သလို ဖြစ်နေတယ်ဆိုပြီး သမ္မတက ကန့်ကွက်ရတာပါ”ဟု သမ္မတ ရုံး မှ အရာရှိ တဦးက ဧရာဝတီ ကို ပြောသည်။
ထိုဥပဒေအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးထံ ပေးပို့၍ ထပ်မံကန့်ကွက်မှု ရှိမရှိနှင့် ပတ်သက်ပြီး သမ္မတ က မည်သို့ ဆောင်ရွက်မည်ကို မသိရှိကြောင်း သမ္မတရုံး အရာရှိက ဆိုသည်။
ပြည်သူများကောင်းကျိုးအတွက် ပြဌာန်းခြင်းသာ ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်နိုင်ငံသားများ ကောင်းကျိုးအတွက် ဆောင်ရွက် မည့် ဥပဒေကို မပြဌာန်းရဟု ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေတွင် ပြဌာန်းထားခြင်း မရှိကြောင်း၊ အုပ်ချုပ်ရေး အဖွဲ့များ၏ လုပ်ဆောင်မှု ထိရောက်ခြင်း မရှိသည့်အတွက် ဖွံ့ဖြိုးရေး ကိစ္စများကို ပါဝင် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ကိုယ်စားလှယ်များ က ပြော သည်။
ကိုယ်စားလှယ် တဦးသည် မိမိ၏ မဲဆန္ဒနယ် အတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ အတွက် ဘဏ္ဍာနှစ် တနှစ်လျှင် ကျပ် သိန်း ၁၀၀၀ အသုံးပြုနိုင်ပြီး မြို့နယ်ပေါင်း ၃၃၀ အတွက် အသုံးပြုခွင့် ရမည်ဖြစ်သည်။ သို့သော် စီမံကိန်း တခုလျှင် ကျပ် သိန်း ၅၀ ထက် ပို မသုံးစွဲရဟုလည်း ဥပဒေ က ဆိုထားသည်။
“ကိုယ်စားလှယ်တွေအနေနဲ့ ဒီငွေ သိန်း တထောင်ကို ကိုယ်တိုင် ကိုင်တွယ် သုံးစွဲတာ မဟုတ်ပါဘူး၊ ဒေသဖွံ့ဖြိုးရေး အထောက် အကူပြု အဖွဲ့တွေက တဆင့်လုပ်တာပါ၊ ဘယ်နေရာမှာ လမ်းလုပ်ပေးဖို့လိုတယ်၊ ကျောင်းဆောက်ဖို့၊ ရေရဖို့ စတဲ့ လိုအပ်နေတာတွေကို ပြောပေးတာလောက်ပဲ ကိုယ်စားလှတွေက လုပ်တာပါ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ပြောသည်။
သိန်းတထောင်ဖြင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နေကြခြင်းသည် လွှတ်တော်၌ ကိုယ်စားလှယ်နေရာ အများဆုံး ရထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီက ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရန် ဖြစ် သည် ဟုလည်း ဝေဖန်မှုများ ရှိနေသည်။
လွှတ်တော် ကိုယ်စားလှယ်များက သိန်းတထောင်ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေခြင်းကြောင့် အစိုးရ အတွက် သိန်း ၂ ထောင်ခန့် သက်သာကြောင်း၊ ပြည်သူများ ကောင်းကျိုး အတွက် လုပ်ဆောင်ခြင်း ဖြစ်၍ မဲဆွယ်ခြင်း မဟုတ်ကြောင်း ကြံ့ခိုင် ရေး ပါတီ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဧရာဝတီ ကို ပြောသည်။
“သိန်း ၁၀၀၀ ပေးတာက သိန်း ၃၀၀၀ လောက် တန်ဖိုးရှိတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဥပမာ-သိန်း ၃၀ လောက်နဲ့ လမ်း တခု ခင်းရင် ရွာသားတွေက အကုန်ထွက်ပြီး ပါဝင်လုပ်ကြတယ်၊ ထော်လာဂျီ တွေ ယူသုံးရင်လည်း ဆီဖိုးပဲ ပေးရတယ်၊ ဒီ တော့ သိန်း ၃၀ တန် လမ်းက သိန်း ၁၀၀ လောက် တန်တာလေ”ဟု ဆိုသည်။
သိန်း ၃၀ သာ ကုန်ကျမည့် လမ်းအား စည်ပင်သာယာရေး အဖွဲ့၊ ဆောက်လုပ်ရေး စသည်တို့က လုပ်ဆောင်ပါက သိန်း ၁၀၀ ဝန်းကျင် ပေးရမည်ဖြစ်ကြောင်းလည်း ဦးလှဆွေ က ပြောဆိုသည်။
အစိုးရ အနေဖြင့် ကျေးလက်ဒေသ ဖွွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း ထိရောက်မှု အားနည်းကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်တောင်းခံသော်လည်း လက်တွေ့တွင် ချပေးခြင်း မရှိကြောင်း၊ ထို့ကြောင့် ကျေးရွာ အဆင့်လမ်းများ၊ ကျောင်းများ၊ ရေတွင်းရေကန် စသည်တို့ကို လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ကိုယ်စားလှယ်များက ပြော သည်။
ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့ မဲဆန္ဒနယ် ဖွံဖြိုရေး ဆောင်ရွက်ရာတွင် ယခင်က ဖွဲ့စည်းပုံ၏ လုပ်ထုံးလုပ်နည်း အရ သာ ဆောင်ရွက်ခဲ့ကြကြောင်း၊ သို့သော် နိုင်ငံတော် သမ္မတ က ၎င်းတို့၏ အုပ်ချုပ်ရေး ကဏ္ဍကို ဝင်ရောက် စွက်ဖက်သည်ဟု ဆိုကာ မကြာခဏ ကန့်ကွက်ခဲ့သည့်အတွက် ယခုကဲ့သို့ ဥပဒေ တရပ် ပြဌာန်းလိုက်ခြင်း ဖြစ်ကြောင်းလည်း လွှတ်တော် ကိုယ်စားလှယ်များ က ပြောသည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“ရပ်ကျေး အဆင့်၊ မြို့နယ် အဆင့် အုပ်ချုပ်ရေးတွေက ကိုယ်စား လှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိကြဘူးဗျ၊ အဲဒါကြောင့်လည်း သမ္မတက ကန့်ကွက်နေတာပါ၊ အခု ဥပဒေ ရှိတော့ ကန့်ကွက်လို့ မရတော့ဘူးပေါ့”ဟု ဧရာဝတီ ကို ပြောသည်။
ကိုယ်စားလှယ်များ၏ ဒေသ ဖွွံ့ဖြိုးရေး ဆိုင်ရာ အသုံးပြုငွေ သိန်းတထောင်ဖြင့် ဆောင်ရွက်ရန် သက်ဆိုင်ရာ ရပ်ရွာ၊ မြိုနယ် စသည့် အုပ်ချုပ်ရေး အာဏာပိုင်များ ပါဝင်သည့် ဒေသဖွံဖြိုးရေး ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရ သည်။
ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်အား ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ပြီး ဥပဒေ ကို ယခုမှ ပြဌာန်းနိုင်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းက ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ်၌ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ပြုလုပ်ရန် အတွက် ပြည်ထောင်စု လွှတ်တော်က ကျပ် သိန်း ၁၀၀၀ ချထား ပေးလိုက်ကြောင်း သိရသည်။