Human Rights

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်သစ် တောင်ကိုရီးယားက မစ္စ ယန်ဂီလီး ကို လျာထား

This article has been converted from Zawgyi One to Unicode

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ၏ နေရာတွင် အစားထိုး ခန့်အပ်ရန် တောင်ကိုရီးယား သမ္မတ နိုင်ငံမှ မစ္စ ယန်ဂီလီး (Ms. Yanghee Lee) ဆိုသူကို လျာထားကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဥက္ကဋ္ဌ Baudelaire Ndong Ella က အသက် ၅၈ နှစ် အရွယ် မစ္စ ယန်ဂီလီးကို မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အဖြစ် ခန့်အပ်မည်ဟု ယခု သီတင်းပတ်အတွင်း ကြေညာချက် ထုတ်ပြန်ခဲ့ သည်။

သို့သော် ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့၌ ယနေ့ ကျင်းပမည့် အစည်းအဝေး၌ မစ္စ ယန်ဂီလီးအား ကန့်ကွက်ခြင်း မရှိဘဲ ထောက်ခံမှု ရရှိမှသာ သူသည် တရားဝင် တာဝန် အပ်နှင်းခြင်း ခံရမည် ဖြစ်သည်။

မစ္စ ယန်ဂီလီးသည် အမေရိကန် နိုင်ငံတွင် ပါရဂူ(Ph.D)ဘွဲ့ ရရှိခဲ့ပြီး ပါမောက္ခဟောင်း တဦးလည်း ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ၏ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကော်မတီ အဖွဲ့ဝင် အဖြစ် ၂ဝဝ၃ ခုနှစ် ကတည်းက တာဝန် ထမ်းဆောင်ခဲ့သည်။ သူ သည် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ယင်းကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ထို့အပြင် မစ္စ ယန်ဂီလီးသည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ပုဂ္ဂလိက Sungkyunkwan University တွင် ကလေး သူငယ် စိတ်ပညာ၊ ပညာရေး ဋ္ဌာန၊ ဥပဒေကျောင်း ပါမောက္ခ အဖြစ် တွဲဖက် တာဝန်ယူထားသူ ဖြစ်သည်။ သူသည် ကလေးသူငယ် ဆိုင်ရာ အသိပညာပေး စာအုပ်နှင့် ဆောင်းပါးများစွာကို ရေးသားနေပြီး International Center for Child Rights ကို တည်ထောင်သူလည်း ဖြစ်သည်။

မစ္စ ယန်ဂီလီးသည် တောင်ကိုရီးယား နိုင်ငံ ကလေးသူငယ် အရေး၊ အမျိုးသမီး အရေး၊ လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီး ဌာနများ၏ ကော်မတီများတွင် အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်သည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်သည့် ဆုများစွာကို လည်း ရရှိထားသူ ဖြစ်သည်။

သူသည် ပြင်သစ်၊ အင်္ဂလိပ် ဘာသာ စကားများကို ကျွမ်းကျင် ပိုင်နိုင်စွာ ပြောဆိုနိုင်သည့် ကိုရီးယား လူမျိုးတဦး ဖြစ်သည့် အပြင် ကမ္ဘာ့ကုလသမဂ္ဂတွင် အတွေ့အကြုံ ရင့်ကျက်သူ တဦး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနာက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ ဖေဖော်ဝါရီလက နောက်ဆုံး တင်သွင်း ခဲ့သည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံသည် ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ် အပြည့်အဝ အကောင် အထည် ဖော်နိုင်ရေးကို ထိခိုက်စေသည့် ခြိမ်းခြောက်မှုများကို ဖြေရှင်း ဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်သည်ဟု ထောက်ပြ ထားသည်။

မစ္စတာ ကင်တာနာသည် ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တာဝန် သက်တမ်း ကုန်ဆုံးခါနီး နောက်ဆုံး အကြိမ် အစီရင်ခံစာ တင်သွင်းရန် မကြာသေးခင် လပိုင်းက မြန်မာနိုင်ငံကို လာရောက် လေ့လာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် မစ္စတာ ကင်တာနာနှင့် ပတ်သက်ပြီး အစိုးရနှင့် တချို့သော လူမှုအဖွဲ့အစည်းများက ၎င်း၏ လူ့အခွင့် အရေး ကိစ္စ တင်ပြ ပြောဆိုမှုများ အပေါ် ပြစ်တင် ဝေဖန်သူများ ရှိနေသည်။

ယင်းကဲ့သို့ ပြောဆိုသူများထဲတွင် သမ္မတ ဦးသိန်းစိန်၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်လည်း ပါဝင်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် အပေါင်းလက္ခဏာဆောင်သည့် အပြောင်းအလဲများ ဖြစ်ပေါ်နေသော်လည်း လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန် မှုများ ဆက်လက် ရှိနေပြီး အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် သက်သေ သာဓက များစွာ ယနေ့ အချိန်အထိ ရှိနေသည် ဟု ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်မှု တရပ်တွင် ဖော်ပြထားသည်။

Loading