ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP) နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ(ALD) နှစ်ခုကို နိုင်ငံရေး ပါတီအဖြစ်မှ တရားဝင် ဖျက်သိမ်း လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ရခိုင် တမျိုးသားလုံး တောင်းဆိုမှုကြောင့် ရခိုင် ပါတီ နှစ်ခု ဖြစ်သည့် RNDP နှင့် ALD ပါတီတို့ ပူးပေါင်းပြီး အသစ် ပြန်လည် ဖွဲ့စည်းထားသည့် ရခိုင် အမျိုးသား ပါတီ (Arakan National Party-ANP) ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၆ ရက် ရက်စွဲဖြင့် တရားဝင် မှတ်ပုံတင် ခွင့်ပြု လိုက်သည်။
မှတ်ပုံတင် ရရှိထားသည့် ရခိုင် ပါတီ နှစ်ခုမှာ ဥပဒေ အရ မှတ်ပုံတင် ခွင့်ပြုချက်များ ပယ်ဖျက်ပြီး ပါတီ အသီးသီး အဖြစ်မှ ဖျက်သိမ်း ရမည် ဖြစ်သည်။
“ကျနော်တို့ အခုလို မှတ်ပုံတင်ခွင့်ရပြီ ဆိုတော့ ရှေ့ဆက်ပြီး ပါတီ လုပ်ငန်းစဉ်တွေ ဆက်လုပ် သွားဖို့ ရှိတယ်၊ ပါတီ အသစ် အတွက် CEC အစည်းအဝေးကို မတ်လ တတိယ ပတ်လောက် စစ်တွေမှာ ကျင်းပမယ်၊ အဲဒီ အစည်းအဝေးကနေ ပါတီရဲ့ ဖွဲ့စည်းပုံနဲ့ အညီ ဥက္ကဌ၊ ဒု ဥက္ကဌ၊ အတွင်းရေးမှူးတွေကို ရွေးချယ်မယ်”ဟု ယခင် ALD ပါတီ ဥက္ကဌ ဦးအေးသာအောင်က ဆို သည်။
ပါတီနှစ်ခု ပူးပေါင်းရာတွင် ဖြစ်ပေါ် လာနိုင်သည့် သဘောထား ကွဲလွဲမှုများအား ညှိနှိုင်း ဖြေရှင်း နိုင်မည်ဟု ယုံကြည်ကြောင်း လည်း ဦးအေးသာအောင်က ဆက်ပြောသည်။
ရခိုင်ပြည် အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ လူမျိုးရေး အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေး၊ ရခိုင် တိုင်းရင်းသားမျာ ရပိုင်ခွင့်၊ အကျိုးစီးပွားကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရေး စသည့် ရည်မှန်းချက်များဖြင့် အသစ် ဖွဲ့စည်း ခဲ့သည့် ANP ပါတီသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများ ဆက်တိုက် လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။
“ကျနော်တို့ ရခိုင် နှစ်ပါတီက မူဝါဒအားဖြင့် ကြီးကြီးမားမား ကွဲပြားတာ မရှိတဲ့အတွက် ပူးပေါင်းလိုက်တာ ဖြစ်တယ်၊ ရခိုင်ပြည်နယ် အတွင်း မငြိမ်မသက် ဖြစ်နေတဲ့ အခြေအနေကိုလည်း ပါတီ အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ မူဝါဒတခု ချမှတ်ပြီး ဆက်လက် ဆောင်ရွက်သွားမယ်”ဟု RNDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောသည်။
မတ်လ အတွင်း ကျင်းပမည့် အစည်းအဝေးတွင် CEC ရွေးချယ်မှုနှင့်အတူ မြို့နယ် အသီးသီးတွင် ဖွင့်လှစ်ထားသည့် ရခိုင် ပါ တီနှစ်ခု၏ မြို့နယ်ရုံးများကို ပိတ်သိမ်းပြီး ရခိုင် အမျိုးသား ပါတီ မြို့နယ် ရုံးသစ်များ ဖွင့်လှစ်ရန် ပြင်ဆင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
ပါတီ အလုပ် အမှုဆောင် အဖွဲ့က ရွေးချယ် ပေးလိုက်သည့် ကိုယ်စားလှယ်များက တာဝန်ယူပြီး မြို့နယ် အသီးသီး၌ အစည်း အဝေးများ ကျင်းပနိုင်ရေးကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးအေးသာအောင်က ဆိုသည်။
“မြို့နယ် အသီးသီးက ကိုယ်စားလှယ်တွေ ရွေးချယ်ပြီး ၇ လ အကြာမှာ ပါတီ ညီလာခံတခု ကျင်းပ သွားမယ်၊ အဲဒီကနေ ဗဟို အလုပ်အမှုဆောင် ဖွဲ့မယ်၊ ပြီးတော့ ဥက္ကဌ၊ ဒု ဥက္ကဌ၊ အတွင်းရေးမှူးတွေကို ပြန်လည် ရွေးချယ်မယ့် လုပ်ငန်းစဉ်တွေ ရှိတယ်”ဟု ၎င်းက ပြောသည်။
ပါတီ ညီလာခံတွင် ၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ ALD နှင့် RNDP တို့သည် ပြည်တွင်း ပြည်ပရှိ ရခိုင် ပြည်သူများ၊ ဆရာတော်၊ သံဃာတော်များ၏ တိုက်တွန်းချက်အရ ရခိုင် အမျိုးသားပါတီ အဖြစ် တည်ထောင်ရန် ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းက သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ALD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ၌ ရခိုင် ဒေသတွင် အနိုင်ရခဲ့ပြီး RNDP ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ အပြတ် အသတ် အနိုင်ရရှိ ထားသည့် ရခိုင် နိုင်ငံရေး ပါတီများ ဖြစ်သည်။
မွန်၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသား ပါတီများ အချင်းချင်း ပူးပေါင်းပြီး တပါတီအဖြစ် တည်ထောင်သွားရန် ကြိုးစားနေကြ သည့် အချိန်တွင် ရခိုင်ပါတီက ပထမဆုံး ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့သည့် ပါတီ ဖြစ်ကြောင်း သိရသည်။