စစ်ဘက်မှ တပ်မတော်အရာရှိ ၆၀ ကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲအရာရှိများ အဖြစ် ပြောင်းရွှေ့ ခန့်ထားလိုက်ကြောင်း သိရသည်။
စစ်ဘက်မှ အရာရှိများ အခြား ဌာနဆိုင်ရာများသို့ ပြောင်းရွှေ့ ခန့်အပ်ရာတွင် တဆင့်မြင့် ရာထူးဖြင့် မကြာခဏ ပြောင်းရွှေ့ ခန့်အပ်မှု အပေါ် ဝေဖန်မှုများ ဖြစ်နေသော်လည်း ယခုအခါ စစ်တပ်မှ ဗိုလ်မှူး အဆင့် တာဝန်ရှိသူကို ရဲမှူး အဖြစ်သာ အဆင့် တူ တာဝန်ပေး ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ စစ်ဘက် အရာရှိများ ပြောင်းရွှေ့ ခန့်အပ်ရာတွင် ရဲလုပ်ငန်း သဘော သဘာဝများကို နားမလည်ဘဲ ရောက်ရှိလာခြင်းကြောင့် ရဲလုပ်ငန်းများတွင် အနှောင့်အယှက် ဖြစ်စေပြီး အရပ်သား ရဲများ၏ ရာထူး တိုးမှုှကိုလည်း ထိခိုက်စေပြီး ပြည်သူလူထုနှင့် နီးစပ်သည့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စစ်တပ် ပုံစံအတိုင်း လုပ်ဆောင်သဖြင့် အခက် တွေ့ရကြောင်း ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တဦးက ပြောဆိုသည်။
“တပ်က မိုးကျရွှေကိုယ်တွေ ပြောင်းလာတာ ကျနော်တို့ နစ်နာတယ်၊ ကျနော် ဆိုရင် လုပ်သက် ၁၀ နှစ် ကျော်ပြီ၊ ဒီရာထူးက မတက်တော့ဘူး၊ အလုပ်လုပ်လို့ အမှားပေါ်ရင် ချက်ချင်း အပြစ် ပေးတယ်၊ ဆု ကျတော့ မရဘူး၊ လူကြီးနဲ့ အဆင်ပြေဖို့ လို သလို၊ လုပ်ဆောင်ချက် အရမ်း ကောင်းဖို့လည်း လိုတယ်”ဟု ယင်း ရဲအရာရှိက ဆိုသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် လက်ရှိ ဖွဲ့စည်းပုံ အရ ရဲအင်အားမှာ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းသာ ရှိသေးသောကြောင့် တပ် သား အပါအဝင် အရာရှိ အဆင့်အထိ ရဲအင်အားများ လိုအပ်လျက် ရှိသေးကြောင်း၊ စစ်တပ်မှ ရာထူး အပြောင်းအရွှေ့များကြောင့် အောက်ခြေ ရဲများ ရာထူး မတိုးခြင်းဆိုသည်မှာ မဟုတ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး မင်းအောင်က ဧရာဝတီသို့ ပြောသည်။
“ကျနော် ဆိုရင် ရဲဘက်ကို ၂၀၀၉ မှာ ရောက်တယ်၊ ရာထူး တိုးဖို့ အကြာကြီး စောင့်ခဲ့ ရတယ်၊ တပ်ဘက်က ပြောင်းလာလို့ အရင် ရဲတွေ ရာထူး တိုးဖို့ ပိတ်နေတယ် ဆိုတာ မဟုတ်ပါဘူး၊ အခု ခရိုင်မှူးတွေကို ကြည့်ရင် အရပ်သား ရဲတွေ ဖြစ်တာများပါတယ်၊ ဖွဲ့စည်းပုံ ချဲ့ထားတဲ့ အတွက် ရာထူးတိုး ကြပါတယ်”ဟု ဒုတိယ ရဲမှူးကြီး မင်းအောင်က ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင် အတွက် ဥပဒေ ကျောင်းဆင်းရန် လိုအပ်ကြောင်း၊ ရန်ကုန်တွင် တာဝန် ထမ်းဆောင်ရသော ရဲ လုပ်ငန်း တာဝန်နှင့် ရခိုင်တွင် ထမ်းဆောင်ရသော ရဲ လုပ်ငန်း တာဝန်ခြင်း တူညီမှု မရှိဘဲ ပတ်ဝန်းကျင် အခြေအနေ အပေါ် မူတည်ပြီး လုပ်ဆောင်ရလေ့ ရှိကြောင်း ၊ စစ်ဘက် အရာရှိများ နယ်မြေ ရဲစခန်းများသို့ ရောက်ရှိ လာခြင်းကို သဘော မကျကြောင်း၊ သို့သော် နိုင်ငံတော်အဆင့် တာဝန်ရှိသူများ၏ စီမံမှု ဖြစ်သောကြောင့် မတတ်နိုင်ကြောင်း ရန်ကုန်မြို့ရှိ ရဲအသိုင်းအဝိုင်းက ဆိုသည်။
စစ်ဘက် အရာရှိများ အရပ်ဘက် ဌာနဆိုင်ရာများသို့ ကြားဖြတ် ဝင်ရောက်လာခြင်းသည် အရပ်သား ဝန်ထမ်းများကို စိတ် ဓာတ် ကျဆင်းစေပြီး အလုပ်မှာ မပျော်ပိုက်သောကြောင့် မြန်မာ့ မီးရထား တိုင်းအဆင့် အရာရှိအဖြစ်မှ နုတ်ထွက်ခဲ့ပြီး နောက် ရန်ကုန်မြို့တွင် ကား အရောင်းစင်တာ ဖွင့်ထားသည့် စီးပွားရေး လုပ်ငန်းရှင် တဦးက ယခုကဲ့သို့ ပြောသည်။
“ပြောရရင် ကိုယ်က ဒီနေရာကို ရောက်ဖို့ နှစ်တွေ အများကြီး လုပ်ခဲ့ရတာ၊ သိပ်မကြာခင် လုပ်ငန်းလည်း မကျွမ်းကျင်တဲ့ စစ်ဘက်က အရာရှိတယောက်ပြောင်းလာပြီး ကိုယ့်ကို ဆရာလာလုပ်တော့ မခံချင်လွန်းလို့ ထွက်လိုက်တယ်”ဟု ယင်းစီးပွားရေး လုပ်ငန်းရှင်က ပြောသည်။
မြန်မာ့ တပ်မတော်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့် အရာရှိ ၃၀ ခန့်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရေကြောင်းနှင့် လေကြောင်း ရဲ အရာရှိများ အဖြစ် ၂၀၁၃ ခုနှစ် ဇွန်လက ပြောင်းရွှေ့ ခန့်ထားခဲ့သည်။
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၏ စစ်ရာထူးခန့်ချုပ်က တပ်မတော်(ရေ) မှ ဗိုလ်မှူး အဆင့် ၁၁ ဦးကို ရဲမှူး ရာထူးနှင့် ဗိုလ်ကြီး အဆင့် ၃ ဦးကို ရေကြောင်း ရဲတပ်ဖွ့ဲ၏ ဒုရဲမှူးများ အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။
အလားတူ တပ်မတော် (ကြည်း) မှ ဗိုလ်မှူး အဆင့်ရှိ အရာရှိ ၁၄ ဦးအား ရဲမှူးများ အဖြစ် ခန့်အပ်လိုက်ပြီး တခြား ဗိုလ်မှူး ၃ ဦး ကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ လက်ထောက် ညွှန်ကြားရေးမှူးများ အဖြစ် တာဝန် ပေးလိုက်ကြောင်းနှင့် တပ်မတော် (လေ) မှ ဗိုလ်မှူး တဦးကို လေကြောင်း ရဲတပ်ဖွ့ဲ၏ ရဲမှူး အဖြစ် ခန့်အပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် စံနှုန်း သတ်မှတ်ချက် ပြည့်မီသည့် ရဲတပ်ဖွဲ့ဝင် အင်အား လေးသောင်းကျော် လိုအပ် နေသေးသည်ဟု ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး တင်ဝင်းက ပြီးခဲ့သည့်နှစ် ဧပြီလက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
ဗိုလ်မှူးကြီး တင်ဝင်းက ပြည်ထဲရေး ဝန်ကြီး ဌာနမှ ရဲတပ်သား စုဆောင်းရေး အဖွဲ့များ ဖွဲ့စည်းကာ ရှာဖွေ စုဆောင်းလျက် ရှိကြောင်း၊ ရဲတပ်ဖွဲ့သို့ ဝင်ရောက် လာသူတိုင်းကို ရဲတပ်သားသစ် သင်တန်းကျောင်းများ ဖြစ်သည့် ရမည်းသင်း၊ တောင်လေးလုံး အစ ရှိသော ရဲလေ့ကျင့်ရေး ကျောင်းများသို့ စေလွှတ်ကာ သင်တန်း ပေးလျက် ရှိကြောင်း၊ တနိုင်ငံလုံး လုံခြုံရေး အင်အား ကို ပြည့်မီစွာ ပေးနိုင်ရေးအတွက် တပ်မတော်ဘက်မှ အရည်အချင်း ပြည့်မီသူများကို ဒုရဲအုပ် အဆင့် ပေးကာ ရဲတပ်ဖွဲ့ အင်အား ပြည့်မီရေး အတွက် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။