အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ဆရာတော်ကြီး၏ ပန်ကြားချက်နှင့်အညီ ဥပဒေများ ရေး ဆွဲပြဌာန်းရေးအတွက် ကော်မရှင်တရပ် ဖွဲ့စည်း ဆောင်ရွက်သွားမည်ဟု သမ္မတ ဦးသိန်းစိန်က လွှတ်တော်သို့ ယမန်နေ့က သဝဏ်လွှာ ပေးပို့ကြောင်း သတင်းရရှိသည်။
လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေနှင့် လူဦးရည်တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ တို့ကို ပြည်ထောင်စု တရားလွှတ်တော် ချုပ်က ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေနှင့် တလင် တမယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေတို့ကို အစိုးရက ကော်မရှင် တရပ်ဖွဲ့စည်းဆောင်ရွက်မည်ဟု လွှတ်တော်သို့ အသိပေးလာကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။
“မဏ္ဍိုင်ကြီး ၃ ရပ်မှာ သူနဲ့ဆိုင်တဲ့ ဥပဒေကြမ်းတွေကို ခွဲယူတဲ့ သဘောပဲ၊ ကော်မရှင်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါမှာမဟုတ်ဘူး၊ အစိုးရကပဲ ဦးဆောင်လုပ်မှာ” ဟု ဦးဖေသန်းက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အစိုးရက ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင် တရပ် ဖွဲ့စည်း တာဝန် ပေးအပ်လိုက်ကြောင်း မတ်လ ၇ ရက်နေ့ ရက်စွဲဖြင့် သမ္မတ ရုံးကလည်း ထုတ်ပြန်ထားသည်။
အဆိုပါ ကော်မရှင်တွင် ဒု ရှေ့နေချုပ် ဦးထွန်းထွန်းဦး က ဥက္ကဌ၊ ဦးဝင်းမြင့် လဝက ဒု ဝန်ကြီး က ဒု ဥက္ကဌ၊ သာသနာရေး ဒု ဝန်ကြီး ဒေါက်တာ မောင်မောင်ဌေး က ဒု ဥက္ကဌ စသူတို့ဖြင့် ဦးဆောင် ဖွဲ့စည်းထားပြီး စုစုပေါင်း ၁၂ ဦး ပါဝင်သည်။
ရဟန်းရှင်လူ ပြည်သူများက နိုင်ငံတော်သမ္မတထံ ဆန္ဒပြုတင်ပြလာမှုအရ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေများ ပြဌာန်းနိုင်ရေးအတွက် ဥပဒေကြမ်းများ ရေးဆွဲခြင်းကို အစိုးရအဖွဲ့မှ ဆောင်ရွက် ပေးပါရန် ပြည်ထောင်စု လွှတ်တော် နာယက က ပြန်ကြားလာပါသည်ဟုလည်း သမ္မတ ရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြေင့် ဘာသာရပ် ဆိုင်ရာ အတွေ့အကြုံရှိသော ပညာရှင်များဖြင့် ကော်မရှင် တရပ် ဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိပ်မြား ခြင်းဆိုင်ရာ ဥပဒေ၊ တလင် တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရန် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။
ယင်း ဥပဒေများ ပြဋ္ဌာန်းရခြင်းမှာ အမျိုးဘာသာ သာသနာနှင့် တိုင်းပြည်အကျိုးကို စောင့်ရှောက်ရန်ဆိုသော ရည်ရွယ်ချက်ဖြင့် ဖြစ် ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် နိုင်ငံတော် ဩဝါဒစရိယ ဆရာတော်လည်းဖြစ်၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၏ တင်ပြမှုနှင့် ရဟန်းရှင်လူ ပြည်သူ ၁၃ သိန်း ကျော် (လူဦးရေ ၁၃၃၅၆၀ဝ ဦး) က လက်မှတ်ရေးထိုး တင်ပြလာခြင်းကြောင့် ယခု ဥပဒေများကို လွှတ်တော်သို့ ပြဋ္ဌာန်းပေး ရန် တောင်းဆိုရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို မျိုးစောင့်ဥပဒေကို နိုင်ငံတော်သမ္မတက လွှတ်တော်သို့ ဥပဒေပြုရန်ပေးပို့ခြင်းမှာ နိုင်ငံရေးအတွက် အသုံးချရန် ဆောင်ရွက်ခြင်း မဟုတ်ကြောင်း သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီသို့ ပြောကြားသည်။
ထိုသို့ ပေးပို့လာသည့်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ပြန်လည် စိစစ်တင်ပြရန် လွှတ်တော်က တောင်းဆိုထားကြောင်း လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောဆိုသည်။
“သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ပြန်တောင်းဆိုထားတယ်၊ ဒီမှာသူတို့မှာရှိတဲ့ ဥပဒေတွေကို ပြင်ဆင်တာလည်းရှိမယ်၊ အသစ်ဆွဲ တာလည်း ရှိမယ်၊ သူတို့က ဆောင်ရွက်လာပြီးလို့ တင်လာရင် လွှတ်တော်အနေနဲ့ သူ့လုပ်ထုံး လုပ်နည်းအတိုင်း ဆွေးနွေး အတည် ပြုသင့်ရင် ပြုမယ်၊ လွှတ်တော်အမတ်တွေက ဆွေးနွေးပေါ့၊ အဆင့်ဆင့်ဆွေးနွေးမှာပါ”ဟု ၎င်းက ပြောသည်။
လွှတ်တော်အနေဖြင့် မည်သည့် ဥပဒေမဆို လွှတ်တော်မူဝါဒ လုပ်ထုံးလုပ်နည်းအတိုင်း ဆွေးနွေးမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါ ဥပဒေ(၄)ခုနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများအပြင် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီဌာန၊ နိုင်ငံခြားရေးဝန် ကြီးဌာနနှင့် လွှတ်တော်ရေးရာ ကော်မတီများသို့ပါ အကြံဉာဏ် တောင်းယူထားကြောင်း သူရဦးရွှေမန်း က ဆိုသည်။
“လွှတ်တော်အနေနဲ့က အမျိုးသား အကျိုးစီးပွား ထိခိုက်စေမယ့် ဥပဒေကလွဲရင် ကျန်တာကိုဆွေးနွေး အတည်ပြုပေးမယ်၊ ဒီဥပဒေ ကြောင့် နိုင်ငံမှာအခက်ခဲတွေ ဖြစ်လာနိုင်တယ်ဆိုပေမယ့် ဝန်ကြီးဌာနက အဲဒီလိုကြားထဲကတင်လာရင်လည်း ပြည်သူအကျိုးစီးပွားဖြစ်စေတာ၊ အမျိုးသား အကျိုးစီးပွားဖြစ်စေတယ်ဆို ဥပဒေပြုပေးမယ်၊ ပြည်သူအကျိုးစီးပွား ဖြစ်စေတာ၊ အမျိုးသားအကျိုးစီးပွားဖြစ် စေအောင်လည်း လွှတ်တော်အနေနဲ့ လုပ်ဆောင်ပေးမယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ထက်နိုင်ဇော်နှင့် မေခ ပူးပေါင်း ရေးသားသည်။