မြန်မာ ယဉ်ကျေးမှုများ စုဝေးရာ ပုဂံ ဒေသကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (ယူနက်စကို) အသိအမှတ်ပြု ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် (World Heritage List) ဖြစ်လာရေး ဆောင်ရွက်တော့မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက သမ္မတ ဦးသိန်းစိန်ရဲ့ ပုဂံဒေသ ခရီးစဉ်မှာ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်လာရေး အတွက် ယူနက်စကိုရဲ့ စည်းမျဉ်း စည်းကမ်းများနဲ့ အညီ ပြင်ဆင် ဆောင်ရွက်ဖို့ သမ္မတက ညွန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ အစီအစဉ်ကြောင့် ညောင်ဦး လေဆိပ်သို့ ဝင်ထွက်နေတဲ့ လေယာဉ်ပျံများ တုန်ခါမှုက ပုဂံ ဘုရားများကို ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးရေး၊ တိုးချဲ့လာတဲ့ ဟိုတယ် လုပ်ငန်းများကြောင့် ပုဂံ ရှေးဟောင်းဇုန် ထိခိုက်မှု မရှိစေရေး၊ မြို့ပြ စီမံကိန်း ရေးဆွဲ ဆောင်ရွက်ဖို့၊ ကမ္ဘာလှည့် ခရီးသွားများကို ပုဂံဘုရားများ အပေါ် တက်ရောက်ခွင့် ပြုထားခြင်းနဲ့ ပတ်သက်ပြီး စနစ်တကျ စည်းကမ်းနဲ့ အညီ ခွင့်ပြုဖို့ သမ္မတက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ပုဂံ ဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ယူနက်စကို အသိအမှတ် ပြုရေး လုပ်ဆောင်တာက ဒီတကြိမ်နဲ့ဆို နှစ်ကြိမ် ရှိပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ် စစ်အစိုးရ လက်ထက်က ပထမအကြိမ် ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်ရေးအတွက် ယူနက်စကိုသို့ တင်သွင်းခဲ့ရာမှာ စံသတ်မှတ်ချက်များနဲ့ မညီလို့ ဆိုပြီး ပယ်ချခြင်း ခံခဲ့ရဖူးပါတယ်။
ယဉ်ကျေးမှု ဝန်ကြီး ဌာနကတော့ ပုဂံ ဒေသ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်လာရေး အချိန်ယူ ပြင်ဆင်ရမှာ ဖြစ်သလို ရေရှည် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများနဲ့ ဒေသခံများကို ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းများကို ရှေးဦးစွာ လုပ်ဆောင် ရဦးမယ်လို့ ဆိုပါတယ်။
ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ဒုညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က “ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် တင်သွင်းဖို့ အချိန် ယူရမယ်၊ ဘုရား အရေအတွက် အသေးစိတ် စာရင်း ကောက်ဖို့၊ ဒါ့အပြင် ဒီဒေသကြီးသာ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်သွားရင် ဘယ်လို စီမံခန့်ခွဲ၊ ထိန်းသိမ်းမယ် ဆိုတဲ့ စီမံကိန်းတွေ ရေးဆွဲရမယ်၊ ဒေသတွင်းက လူတွေကို ထိန်းသိမ်းချင်စိတ် ရှိအောင် ပညာပေ ရမယ်၊ အများကြီး လုပ်ရမယ်” လို့ ပြောပါတယ်။
ဒီအတွက်လည်း အီတလီ အစိုးရရဲ့ ထောက်ပံ့ ကူညီမှုနဲ့ ပုဂံဒေသမှာ စတင် အကောင်အထည် ဖော်နေပြီလို့ သိရပါတယ်။
ရှေးဟောင်း ဘုရား ပုထိုးများနဲ့ ပြည့်နှက်နေတဲ့ ပုဂံ ဒေသသာ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်ခဲ့ရင် မြန်မာပြည်ရဲ့ ပုံရိပ်ဟာ ပိုမို မြင့်တက်သွားမယ့် နည်းတူ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းလည်း ပိုမို တိုးတက် လာမယ်လို့ အများက ယူဆနေကြပါတယ်။
ဒါပေမယ့် လက်ရှိ အခြေအနေမှာတော့ ပုဂံ ဒေသက ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရေး စိန်ခေါ်မှု အများအပြား စောင့်ကြိုလျှက် ရှိနေပါတယ်။
ဒါတွေက စစ်အစိုးရ လက်ထက် ဘာသာရေး အမြင်နဲ့ ရှေးဟောင်း ဘုရားတွေကို ပြုပြင်ခဲ့တာတွေ၊ ပုဂံ ရှေးဟောင်းဇုန် အတွင်းမှာ ၎င်းတို့နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများ တည်ဆောက်ခွင့် ပေးခဲ့တာတွေက ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရေးမှာ အဓိက အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒီအပြင် တိုးတက်လာတဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းနဲ့အတူ ဟိုတယ်များ၊ စားသောက်ဆိုင်များကို ပုဂံ မြို့ဟောင်း အတွင်း ထပ်မတိုးချဲ့အောင် ထိန်းချုပ်ဖို့ ကြိုးစား နေရတာက ယဉ်ကျေးမှု ဝန်ကြီးဌာန အတွက် ခေါင်းခဲစရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် ပုဂံ ရှေးဟောင်းဇုန်ကြီး တခုလုံး ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖို့ ကြိုးစားမယ့် အစား၊ အာနန္ဒာ၊ ရွှေစည်းခုံ၊ ဓမ္မရံကြီး စတဲ့ လက်ရာမြောက် ဘုရား ပုထိုး တဆူခြင်းကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းဖို့ ဆိုတဲ့ အစီအစဉ်မျိုးကို သက်ဆိုင်ရာ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ ပြင်ပ ပညာရှင်များအကြား ပြောဆိုနေတယ် ဆိုပါတယ်။
ရှေးဟောင်း သုတေသန အငြိမ်းစား ဒုညွန်ကြားရေးမှူးချုပ်၊ လွှတ်တော် ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး ဦးအောင်ကြိုင်က “ဟိုတယ်တွေ၊ ဂေါက်ကွင်းတွေ ရှိနေရင်တော့ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်လာမှာ မဟုတ်ဘူး၊ စေတီ တဆူချင်းကိုသာ ကမ္ဘာ့ အမွေအနှစ်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုအောင် လုပ်မယ် ဆိုပြန်ရင်လည်း ပုဂံ ဆိုတဲ့ တန်ဖိုး အနှစ်သာရတွေ အကုန်လုံး ကျဆင်းသွားမယ်” လို့ ပြောပါတယ်။
၁၉၉၄ ခုနှစ်က ပထမဆုံးအကြိမ် ပုဂံ ရှေးဟောင်းဇုန်ကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်ရေး တင်သွင်း ခဲ့ပေမယ့် ပုဂံ ဂေါက်ကွင်းနဲ့ မြို့ဟောင်းကို ဖြတ်ဖောက် ထားတဲ့ ကားလမ်း ရှိတာကြောင့် ယူနက်စကိုက ပယ်ချခဲ့ဖူးတာကြောင့် ဟိုတယ် အများအပြား ရှိနေပြီ ဖြစ်တဲ့ ယနေ့ခေတ် ပုဂံဆိုရင် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖို့ အတော် ခက်ခဲ လိမ့်မယ်လို့ ဦးအောင်ကြိုင်က သုံးသပ်ပါတယ်။
ရှေးဟောင်းဇုန် အဖြစ် သတ်မှတ်ထားတဲ့ ပုဂံ မြို့ဟောင်း ဧရိယာ အတွင်းမှာ မြန်မာ ဆိုရှယ်လစ် လမ်းစဉ် အစိုးရ လက်ထက်က တည်ဆောက်ထားတဲ့ ဆာကူရာ၊ ပုဂံ၊ သံတဲ၊ သီရိပစ္စယာနဲ့ ဧရာ ဟိုတယ်တို့ အပြင် စစ်အစိုးရ လက်ထက်က တည်ဆောက်ခဲ့တဲ့ သရပါနဲ့ နန်းမြင့် ဟိုတယ်၊ လတ်တလော တည်ဆောက် နေတဲ့ ဧဒင် ဟိုတယ်၊ Adventure ဟိုတယ်တွေနဲ့ နိုင်ငံခြားသားများ စီးဖို့ မြင်းငှားတဲ့ မြင်းဇောင်းတွေ၊ စားသောက်ဆိုင်တွေက ပုဂံ အလှ၊ တန်ဖိုးကို ရုပ်ဆိုး အကျည်းတန်မှု ဖြစ်စေတယ်လို့ ဆိုကြပါတယ်။
၁၉၉၈ ခုနှစ်မှာ စစ်အစိုးရက ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ (Protection and Preservation of Culture Heritage Regions Law) ထုတ်ပြန် ခဲ့ပေမယ့် သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေး သမားများရဲ့ ဟိုတယ်ကြီးများက ပုဂံ ရှေးဟောင်းဇုန် အတွင်းကို လက်လွန်စွာ ရောက်နှင့်နေတာက ခေါင်းခဲစရာ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် စစ်အစိုးရ လက်ထက် ပုဂံ ရှေးဟောင်း ပုထိုး စေတီများ ပြင်ဆင်ရာမှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (ယူနက်စကို)က ချမှတ်ထားတဲ့ ပုံစံတူ ပစ္စည်းနဲ့ အစားထိုး ပြင်ဆင် ထိန်းသိမ်းခြင်း မပြုလုပ်ခဲ့ဘဲ၊ ဘာသာရေး ရှု့ထောင့်အရ ပြင်ဆင်ခဲ့ခြင်းက ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရေးမှာ အခက်အခဲ တရပ် ဖြစ်လာ နိုင်တယ်လို့ ဦးအောင်ကြိုင်က ဆိုပါတယ်။
“ရှေးဟောင်း သုတေသနနဲ့ ဘာသာရေးက မတူဘူး၊ အဲဒီတုန်းက ကျနော်တို့က ယူနက်စကို သဘောထား အတိုင်း ပြင်ချင်တယ်၊ ဒါပေမယ့် သူတို့က တဆူလုံး အကုန်လုံး ပြင်ပစ် လိုက်တာတို့ အချွန် အတက်တွေ လုပ်တယ်၊ အဲဒါတွေက တချိန်မှာ စကားပြောလာ နိုင်တယ်” သူက ခန့်မှန်းထားခဲ့ကြောင်း ပြောပါတယ်။
စစ်အစိုးရ လက်ထက် အလှူရှင်များ ဖိတ်ခေါ်ပြီး ပုဂံ ဘုရားများကို အသစ် ပြန်လည် တည်ဆောက်ခဲ့ရာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆင်များရှင် ဘုရား တဆူလုံးကို အသစ် ပြန်လည် ပြုပြင်ပြီး ရွှေချ ခဲ့သလို၊ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က ဓမ္မရာဇက ဘုရားကို အကုန် နီးပါး ပြုပြင်ခဲ့တာတွေလည်း ပါဝင်တယ်လို့ ဆိုကြပါတယ်။
ပုဂံ ဒေသခံများကတော့ လက်ရှိ အချိန်မှာ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် အဖြစ် ပုဂံ ဒေသကို ကမ္ဘာ့မှ အသိအမှတ် ပြုထားတဲ့ ထိုင်းနိုင်ငံက အယုဒ္ဒယ မြို့ဟောင်းကဲ့သို့ ယူနက်စကိုက အသိအမှတ် ပြုဖို့ လိုလားလျက် ရှိနေပါတယ်။
“ပုဂံက တဖြည်းဖြည်း ပျက်စီး ယို့ယွင်း လာနေပြီ၊ ရှေးဟောင်း သုတေသန ဌာန တခုတည်းနဲ့ စောင့်ရှောက်လို့ မရတော့ဘူး။ ငွေအား၊ လူအား၊ နည်းပညာ လိုအပ် နေတော့ ပုဂံကို ထိန်းသိမ်းချင်ရင် ယူနက်စကို ဝင်ဖို့ အရေးကြီးပြီ” လို့ ပုဂံဒေသခံ တဦးဖြစ်တဲ့ ကိုမျိုးနိုင်က ပြောပါတယ်။
မြန်မာပြည် အလယ်ပိုင်းမှာ ရှိတဲ့ ပုဂံ ရှေးဟောင်းမြို့ကို အေဒီ ၉ ရာစုမှာ စတင် တည်ထောင်ခဲ့ကာ ၁၁ ရာစုခန့် အထိ ထွန်းကားခဲ့ပြီး ပုဂံကို မင်းဆက် ၅၅ ဆက်ခန့် အုပ်ချူပ် စိုးစံခဲ့ကြောင်း သမိုင်းမှတ်တမ်း အရ သိရပါတယ်။
၁၆ စတုရန်းမိုင် ကျယ်ဝန်းတဲ့ ပုဂံ ဧရိယာမှာ ဘုရား၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်းပေါင်း ၃၀၀၀ကျော် ရှိပြီး၊ ငလျင်ဒဏ် သုံးကြိမ် ခံခဲ့ရပါတယ်။
၁၉၉၁ ခုနှစ် စစ်အစိုးရ လက်ထက်မှာ ပုဂံမြို့ဟောင်း အတွင်းမှာ နေထိုင်တဲ့ လူနေ အိမ်ခြေတွေကို ဖယ်ရှားခဲ့ပြီး ပုဂံမြို့သစ် တည်ခဲ့ပါတယ်။
လက်ရှိ အချိန်မှာ ပုဂံ ရှေးဟောင်းဇုန် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်ရေးကို သမ္မတ ဦးသိန်းစိန် သာမက ယူနက်စကို အဖွဲ့ကြီး ကိုယ်တိုင်ကလည်း လိုလားလျက် ရှိပြီး၊ စံသတ်မှတ်ချက် စည်းကမ်းများ လျော့ချပေးကာ သက်ဝင် ရှင်သန်နေဆဲ ရှေးဟောင်း ဒေသ အဖြစ် အသိအမှတ် ပြုပေးမယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေကြောင်း သိရပါတယ်။