ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး လူထုရှေ့မှောက် ထွက်လာတာဟာ သူ ရွှေတိဂုံဘုရားမှာ တရားဟောတဲ့ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့လို့ လူတွေက ယေဘုယျ ယူဆကြပါတယ်။ (ပြည်သူထောင်ပေါင်းများစွာက သူပြောတာကို လာနားထောင်ကြပါတယ်)။ တကယ်တော့ မဟုတ်ပါဘူး။ သူ တကယ်တမ်း လူထုရှေ့ ထွက်လာတာက အဲ့ဒီ သမိုင်းဝင် အခမ်းအနား မတိုင်ခင် နှစ်ရက်ကတည်းကပါ။ ဩဂုတ်လ ၂၄ ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီးရှေ့က စင်မြင့်ပေါ်တက်ပြီး လူထုကို သူစကားပြောခဲ့ပါတယ်။ တိုတိုပဲပြောပြီး ရွှေတိဂုံဘုရားမှာ စုဝေးကြမယ့်အကြောင်း ကြေညာသွားတာပါ။
အဲဒီနေ့က ရိုက်ခဲ့တဲ့ ဓာတ်ပုံထဲမှာ သူက မိုက်ကရို ဖုန်းကိုကိုင်ပြီး စကားပြောနေတာ၊ သူနာပြုဆရာမ တချို့က ပြတင်းပေါက်ကနေ စူးစမ်းတဲ့မျက်လုံးတွေနဲ့ ကြည့်နေကြတာ၊ ပြီးတော့ ရှပ်အကျႌ အကြားဝတ်ထားတဲ့ အရပ်မြင့်မြင့် ခါးနည်းနည်းစောင်း အမျိုးသားတယောက် သူ့အနောက်မှာ ရပ်နေတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံထဲက သူ့နံဘေးမှာ ရပ်နေသူကတော့ လူကြိုက်များ ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် ခင်သီတာထွန်းပါ။ ရှပ်အကျႌနဲ့ ပုဂ္ဂိုလ်ကတော့ နာမည်ကြီးစာရေးဆရာ မောင်သော်ကပါပဲ။ သူရယ်၊ သတင်းစာ ဆရာကြီး ဦးဝင်းတင်ရယ်၊ ပြီးတော့ ရုပ်ရှင်ဒါရိုက်တာ ဦးမိုးသူရယ် သူတို့ ၃ ယောက်က ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ လှုပ်ရှားမှုထဲမှာ ပါလာအောင် နားချခဲ့ကြတာပါ။
ဒီမိုကရေစီရေးအတွက် တောင်းဆို ဆန္ဒပြကြသူတွေကို စစ်အစိုးရက ဩဂုတ်လ ၈ ရက်ကနေ ၁၀ ရက်အတွင်း ပစ်ခတ်နှိမ်နင်းပြီးတဲ့နောက်မှာ လှုပ်ရှားမှုအတွက် ခေါင်းဆောင်တယောက် ဒါမှမဟုတ် အားလုံးကို ကိုယ်စားပြုနိုင်ပြီး အဲ့ဒီအနောက်မှာ အားလုံးလိုက်ပါနိုင်မယ့် အသံတသံ လိုအပ်လာခဲ့ပါတယ်။ ဒါကြောင့် မောင်သော်က၊ ဦးဝင်းတင်နဲ့ ဦးမိုးသူတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အာဇာနည်နေ့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အုတ်ဂူမှာ လွမ်းသူ့ပန်းခွေ ချနေတဲ့ပုံကို သတင်းစာထဲမှာ တွေ့လိုက်တာမို့ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည် ရောက်နေပါလားဆိုတာ သူတို့သိနေတာကိုး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် မြန်မာစကား ပြောတတ်တော့ပါ့မလား ဆိုတာကိုတော့ သူတို့စိတ်ထဲမှာ မသေချာလှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်းများစွာ နိုင်ငံခြားမှာ နေထိုင်နေပြီး သူရဲ့မွေးရပ်နိုင်ငံထဲမှာ သူ့မိသားစုအပြင် လူအနည်းငယ်လောက်ကပဲ သူ့ကိုသိကြတော့လို့ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားကြည့်တာ မမှားပါဘူးဆိုပြီး သူတို့ ၃ ယောက်သား ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းအိမ်ဆီ အရဲစွန့်ပြီး သွားခဲ့ကြပါတယ်။ အိမ်ရောက်ပြီး မကြာခင် သူတို့ သိလိုက်ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာစကားပြောက သိပ်ကိုကောင်းမွန်နေတယ်ဆို တာပါပဲ။ ဒါပေမယ့် အဲ့ဒီအချိန်မှာ သူက ဒီမိုကရေစီ လှုပ်ရှားမှုထဲပါဝင်ဖို့ စိတ်မဝင်စားပါဘူး။ မြန်မာပြည်ကို ပြန်လာတာဟာ နေမကောင်းဖြစ်နေတဲ့ သူ့မိခင်ကို ပြုစုဖို့အတွက်ပဲ ဖြစ်တယ်လို့ မျှော်လင့်တကြီးနဲ့ သွားတွေ့တဲ့ ဧည့်သည်တွေကို သူကပြောခဲ့ပါတယ်။ သူတို့ ၃ ယောက်ကတော့ လက်မလျှော့ဘဲ ဒုတိယ အကြိမ် ပြန်သွားပြီး ဒေါ်အောင်ဆန်းစုကြည်ကို နားချပြန်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တာနဲ့အညီ တတိုင်းတပြည်လုံး ဒီမိုကရေစီရေးအတွက် အုံကြွတောင်းဆိုနေတဲ့ အချိန်မှာ သူ့အနေနဲ့ ဘယ်လိုမှ နှုတ်ဆိတ်မနေနိုင်တော့ဘူးလို့ နားလည် သဘောပေါက်မိတာကြောင့် ဒီတကြိမ်မှာတော့ ဒီမိုကရေစီ လှုပ်ရှားမှုထဲ ပါဝင်ဖို့ သူသဘောတူခဲ့ပါတယ်။
ဦးဝင်းတင်ဟာ အခုအထိ တက်ကြွနေတုန်းပါပဲ၊ အသက်အရွယ် ကြီးရင့် အိုမင်းနေပေမယ့် ဟောနေ ပြောနေတုန်း၊ သတင်းထောက်တွေကို တွေ့ဆုံမေးမြန်းခွင့် ပေးနေတုန်းပါ။ လာမယ့်မတ်လ ၁၂ ဆိုရင် သူ အသက် ၈၅ နှစ် ပြည့်ပါပြီ။ ဦးမိုးသူ တယောက်လည်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ကို ဇာဂနာနဲ့ တွဲပြီး ရိုက်ကူးနေပါတယ်။ ဒါပေမယ့် မောင်သော်က ကတော့ အသက် ၆၃ နှစ် ပြည့်ခါနီး ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ နေ့ကတည်းက ကွယ်လွန်သွားခဲ့ရှာပါပြီ။ သူက ကျနော် ချစ်ခင်မြတ်နိုးတဲ့ မိတ်ဆွေတယောက်ပါ၊ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ကျနော် ရန်ကုန်ရောက်တဲ့အချိန်မှာ သူ့ကိုစတွေ့ခဲ့ပါတယ်။ နောက်ပိုင်း ကျနော့်ကို စစ်အစိုးရက နာမည်ပျက်စာရင်း သွင်းခဲ့တာမို့ ၂၀၁၂ (ကျနော့်နာမည်ကို အစိုးရက နာမည်ပျက်စာရင်းကနေ ထုတ်လိုက်တဲ့အချိန်) အထိ ကျနော်မြန်မာပြည်ကို ထပ်မရောက် ဖြစ်တော့ပါဘူး။
၁၉၈၀ နှောင်းပိုင်း ကာလတွေမှာ မောင်သော်ကဟာ ရန်ကုန်မြို့လယ် ဆူးလေဘုရားနားမှာ ဓာတ်ပုံဆိုင် အသေးလေးတဆိုင် ဖွင့်ခဲ့ပါတယ်။ အဲ့ဒီဆိုင်မှာ ဖလင်လိပ်တွေ ရောင်းသလို ဓာတ်ပုံကူးဆေးတာလည်း လုပ်လို့ရပါတယ်။ ၁၉၈၉ တုန်းက သူနဲ့ကျနော် နှစ်ရက်အတူရှိစဉ်အတွင်းမှာ ရန်ကုန်မြို့ကြီးကို လှုပ်ခါစေခဲ့တဲ့၊ လွန်ခဲ့တဲ့ နှစ်ဝက် မပြည့်တပြည့်က လူထုဆန္ဒပြပွဲတွေအကြောင်းကို သူက တက်တက်ကြွကြွနဲ့ ရှင်းပြခဲ့ပါတယ်။ ပြီးတော့ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ နေရာတွေကို ကြည့်နိုင်ဖို့လည်း သူ့ရဲ့ပစ်ကပ်ကား အသေးလေးနဲ့ ကျနော့်ကို ရန်ကုန်မြို့ထဲမှာ တနေရာပြီး တနေရာ ခေါ်သွားပါသေးတယ်။ ကျနော်တို့ မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့ကြပါတယ်။ သူရဲ့ အကူအညီမပါဘဲနဲ့ ၁၉၈၈ အရေးအခင်းနဲ့ပတ်သက်တဲ့ Outrage:Burma’s Struggle for Democracy “ဒေါမာန်ဟုန်-မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲ” စာအုပ်ကို ကျနော် ဘယ်လိုမှ ရေးသားနိုင်ခဲ့မှာ မဟုတ်ပါဘူး။
တကယ်က မောင်သော်ကဆိုတာ သူ့ရဲ့ကလောင် နာမည်ပါ။ သူ့အမည်အရင်းက ဘသော်ဖြစ်ပြီး သူ့ ကို ၁၉၂၈ ခုနှစ်က ရွှေဘိုမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အခြားအမည်ကတော့ နူးရ်မာမက်ဖြစ်ပြီး သူ့မိသားစုဝင် အားလုံးဟာ မွတ်စလင်တွေပါ။ သူရယ် ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ ဦးဝင်းတင်နဲ့ ဦးမိုးသူတို့ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၈ ဩဂုတ်လမှာ သွားတွေ့ကြတုန်းက ဘာသာရေးကိစ္စဟာ ဘာမှ ပြဿနာ မရှိခဲ့ပါဘူး။ အဲ့ဒီအချိန်ကာလက ဘာသာရေးအရ အယူသည်းသူတချို့က ဘာသာ မတူသူတွေကြားမှာ သပ်လျှိုခွဲဖို့ ကြိုးစားကြတဲ့ကာလ မတိုင်ခင်ကိုး။
မြန်မာပြည် လွတ်လပ်ရေးရဖို့ တနှစ်အလို ၁၉၄၇ ခုနှစ်မှာ မောင်သော်ကဟာ အလုပ်သင် အရာရှိဘဝနဲ့ ရေတပ်ထဲ ဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တိုက်ရေယာဉ် ၁၀၃ ရဲ့ တပ်မှူးအဖြစ် ရာထူးတိုး ခံရပါတယ်။ အဲဒီရာထူးက သူ့ရဲ့ဘဝကို တသက်လုံး ပြောင်းလဲသွားစေတော့မယ့် အရာပါပဲ။ ၁၉၅၆ ခုနှစ် နိုဝင်ဘာလမှာ အရှေ့တောင် ကမ်းရိုးတန်းတလျှောက် ကင်းလှည့်နေတဲ့အချိန် သူ့သင်္ဘော နစ်မြုပ်သွားပါတယ်။ သင်္ဘောပေါ်ပါတဲ့ ဗိုလ်ဘသော် (အဲ့ဒီအချိန်မှာ မောင်သော်ကကို ဗိုလ်ဘသော်လို့ လူသိများပါတယ်) နဲ့ သူ့ရဲဘော် ၂၆ ယောက်လည်း အသက်ကယ် ရော်ဘာလှေ နှစ်စီးနဲ့ အသက်ဘေးက လွတ်မြောက်အောင် ရုန်းထွက်ကြရပါတယ်။ အဲ့ဒီ အသက်ကယ် လှေနှစ်စီးထဲက ရဲဘော် ၉ ယောက်ပါတဲ့လှေကို ဘယ်တော့မှ ပြန်ရှာမတွေ့တော့ပါဘူး။ သူနဲ့အခြား ရဲဘော် ၁၇ ယောက်ကိုတော့ တိုက်ရေယာဉ်ကနေ ခွာလာပြီး ၁၂ ရက် အကြာမှာ မလှမ်းမကမ်းက ဖြတ်သွားတဲ့ ဂျပန်သင်္ဘောတစီးကတွေ့ပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ရဲဘော် ၇ ယောက်က သေနေပါပြီ။ နောက်ထပ်တယောက်လည်း ဂျပန်သင်္ဘောပေါ်မှာ ဆုံးသွားပါတယ်။
အဲဒီ ကြေကွဲဖွယ် အဖြစ်အပျက် နောက်ပိုင်းမှာတော့ ဗိုလ်ဘသော်တယောက် ရေတပ်ကထွက်ပြီး စာရေးဆရာ မောင်သော်က ဖြစ်လာပါတော့တယ်။ ပထမဆုံး သူရေးခဲ့တဲ့ စာအုပ်ကတော့ “တိုက် ရေယာဉ် ၁၀၃” ပါ။ သင်္ဘောပျက်ပြီး ပင်လယ်ပြင်မှာ အသက်ရှင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရသလဲ ဆိုတာကို သူနဲ့ သူ့ရဲဘော်တွေရဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။ သူက ဝတ္ထုတိုနဲ့ ကဗျာတွေလည်း ရေးခဲ့တဲ့အပြင် အင်္ဂလိပ် စာရေးဆရာတွေ ဖြစ်ကြတဲ့ ဝီလျံရှိတ်စပီးယား (William Shakespear)၊ ဂျွန်ဒန်း (John Donne) နဲ့ ပါစီ ဘစ်ရှ်ရှယ်လီ (Percy Bysshe Shelley) တို့ရဲ့ ကဗျာတွေကိုလည်း မြန်မာပြန်ခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာထဲ သင်္ဘောပျက်ပြီး ကျွန်းတကျွန်းမှာ သောင်တင်နေတဲ့ စကော့တလန် သင်္ဘောသား တယောက်အကြောင်း စပ်ဆိုထားတဲ့ “အလက်ဇန်းဒါး ဆဲလ်ကဒ်က်၏ အထီးကျန် နေ့ရက်များ (The Solitude of Alexander Selkirk)” အမည်ရ လင်္ကာတွေကိုလည်း မြန်မာပြန်ခဲ့ပါသေးတယ်။ အဲ့ဒီ အလက်ဇန်းဒါးရဲ့ ဘဝအကြောင်းကို အခြေခံပြီး အင်္ဂလိပ်စာရေးဆရာ ဒန်နီရယ် ဒေဖို (Daniel Defoe) က သူ့ရဲ့ လူကြိုက်အများဆုံး ရော်ဘင်ဆင် ခရူးဆိုး (Robinson Crusoe) ဝတ္ထုကို ရေးသားခဲ့တာပါ။
မောင်သော်ကကို လူသိများတာဟာ သူရေးခဲ့တဲ့ ကဗျာတွေကြောင့်သာ မဟုတ်ပါဘူး၊ သူ့ကို လူသိအများဆုံး ဖြစ်ရတာက သူ့ရဲ့ သဘာဝ စွမ်းရည်ဖြစ်တဲ့ ထေ့လုံး ငေါ့လုံးတွေကြောင့်ပါ။ သူ့မှာ အံဩစရာကောင်းလောက် တဲ့ ဟာသဉာဏ် ရှိပါတယ်။ သူဟာ အစိုးရက မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ထုတ်ဝေတဲ့ ရှေ့သို့စာစောင်မှာ အယ်ဒီတာ ဖြစ်လာပေမယ့် အာဏာရှိတဲ့သူတွေအပေါ် လှောင်ပြောင်တာတွေ၊ ပြက်လုံးထုတ်တာတွေ ဘယ်တော့မှ ရပ်မသွားခဲ့ပါဘူး။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ဆိုးဝါးရက်စက်လှတဲ့ အုပ်ချုပ်မှု အောက်မှာတောင် သူက လှောင်ရင်း၊ ပြောင်ရင်း၊ သရော်ရင်း အန္တရာယ်ကင်းအောင် နေနိုင်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်နေနေ သူရဲ့ရေတပ် နောက်ခံ၊ ပြီးတော့ တိုက်ရေယာဉ် ၁၀၃ နောက်ခံတွေကြောင့် သူဟာ အမျိုးသား သူရဲကောင်း တယောက်ပါပဲ။
မောင်သော်ကရဲ့ သရော်စာတချို့ကို “ယမကာ လုလင်” အမည်နဲ့ စုစည်းခဲ့ပါတယ်။ ယစ်ထုပ်တယောက်ရဲ့ စကားကြီး စကားကျယ်တွေဟာ တကယ်တော့ ခြစားနေတဲ့ အုပ်ချုပ်မှုကို စူးရှနာကျင်စေတဲ့ စကားလုံးတွေပဲလို့ အဲ့ဒီ သရော်စာတွေက ဆိုလိုပုံ ပေါ်ပါတယ်။ တခါတလေမှာလည်း သူက ဘွင်းဘွင်း ရှင်းရှင်းနဲ့ တဲ့တိုးပြောတတ်သူပါ။ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ “မြန်မာပြည်ကလာတဲ့ စာ (Letters from Burma)” စာအုပ်မှာ မောင်သော်ကနဲ့ ပတ်သက်ပြီး “သူ့မိတ်ဆွေ စာရေးဆရာတယောက်က သူရဲတစ္ဆေယုံတယ်လို့ တယောက်က ပြောပြတော့ ဆရာမောင်သော်က,က ချက်ချင်းပဲ အဲ့ဒီလူက ဘာဖြစ်ဖြစ် ယုံတာ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကိုတောင် ယုံသေးတာပဲလို့ ပြန်ပြောလိုက်တယ်လေ” လို့ ရေးခဲ့ဖူးပါတယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းတဲ့ အချိန်မှာ မောင်သော်ကဟာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်လာခဲ့ပါတယ်။ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်က ၁၉၈၉ ဇူလိုင် မှာ ဒီမိုကရေစီ လှုပ်ရှားမှုကို နှိမ်းနင်းတဲ့အခါမှာတော့ အခြား ဒီမိုကရေစီ ခေါင်းဆောင်တွေလိုပဲ သူလည်း အဖမ်းခံရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ အပြစ်ပေးခံခဲ့ရပါတယ်။ သူ့ရဲ့ပြစ်မှုကတော့ “တပ်မတော်ကို ဖြိုခွဲဖို့” ကြိုးစားတဲ့အမှုပါတဲ့။ သူတကယ်လုပ်ခဲ့တာက ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံဖို့နဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်တဲ့အထဲ မပါကြဖို့ ရေတပ်ထဲက သူ့မိတ်ဆွေဟောင်းတွေဆီ စာရေးခဲ့တာပါ။ အဖမ်းခံရပြီးတဲ့နောက် စစ်ကြောရေးမှာ သူဆိုးဆိုးဝါးဝါး ရိုက်နှက်ခံရတယ်လို့ သိရပါတယ်။ အဲ့ဒီဒဏ်တွေက သူ့ရဲ့ချိနဲ့နေတဲ့ ကျန်းမာရေး အခြေအနေကို ပိုဆိုးရွားသွားစေပါတော့တယ်။ သူ့မှာက ၁၉၅၆ ခုနှစ် အသက်ကယ်လှေလေးနဲ့ ပင်လယ်ထဲ မျောနေတဲ့အချိန်မှာ ရခဲ့တဲ့ ကျောရိုးအဆစ်အမြစ် ရောင်တဲ့ရောဂါ ရှိနေပြီးသားလေ။ အဲ့ဒါကြောင့်ပဲ သူ့ကျောရိုးက ကောက်သွားတာကိုး။
အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတော့ မောင်သော်ကတယောက် “မကျန်းမာ” ဖြစ်လာတာမို့ ဆေးရုံပို့လိုက်တယ်၊ အဲ့ဒီမှာ သူဆုံးသွားတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် သူနဲ့အတူ အင်းစိန်ထောင်မှာ အတူကျဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်ကတော့ အဲ့ဒီလိုမဟုတ်ဘူးလို့ ပြောပြပါတယ်။ သူ့ကို ဆေးရုံသယ်သွားတဲ့အချိန်မှာ သူက သေနေပြီတဲ့။ သူမသေခင်မှာ ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေရဲ့အစာငတ်ခံ ဆန္ဒပြပွဲကို ထောက်ခံလို့ဆိုပြီး သူ့ကို လူသူဝေးရာမှာ အစာမကျွေးဘဲ တယောက်တည်း ချုပ်ထားခဲ့တာတဲ့။ လူအများက လေးစားတဲ့ သူ့လိုပုဂ္ဂိုလ်မျိုး အချုပ်ခန်းထဲက သမံတလင်း ကြမ်းပြင်ပေါ်မှာ ဆုံးသွားရတယ်ဆိုတာက ဘယ်လိုမှ ကြည့်မကောင်းသလို လူကြားလို့လည်း မကောင်းဘူးလေ။ ဒါကြောင့် အာဏာပိုင်တွေက သူနဲ့ပတ်သက်ပြီး အခုလို ဗြောင်လိမ်လိုက်တာပေါ့။ တကယ်တော့ မောင်သော်ကဟာ အသတ်ခံခဲ့ရတာပါ။
မောင်သော်ကရဲ့ ရုပ်ကလာပ်ကို ရန်ကုန်က ဆွန်နီသုသာန်ထဲက သူ့ညီ ဘဇော် (ခ) ဂိုလာမ်မာမက် လဲလျောင်းရာ နံဘေးမှာ မြှုပ်နှံခဲ့ကြပါတယ် (သူ့ညီက ခြေလျင်တပ်မှာ ဗိုလ်ကြီးဖြစ်ပြီး ၁၉၈၀ မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားသူပါ)။ သူ့ရဲ့ အလောင်းကို သုသာန်ဆီ သယ်သွားတဲ့အချိန်မှာ သုသာန်တခုလုံး စစ်ထောက်လှမ်းရေးတွေနဲ့ ပြည့်နေတာပဲလို့လည်း သိရပါတယ်။ ကျနော် မနှစ်က မြန်မာပြည် အလည်သွားတဲ့အခါ သိပ်ကိုထက်မြက်ပြီး မြန်မာ့မျိုးချစ် အစစ်အမှန်ဖြစ်တဲ့ ကျနော့်ရဲ့ ချစ်ခင်မြတ်နိုးရတဲ့ မိတ်ဆွေ မောင်သော်ကကို သူ့ရဲ့ အုတ်ဂူမှာသွားပြီး ဂါရဝပြုခဲ့ပါတယ်။
(Bertil Lintner ရေးသားသော A Tribute to Maung Thaw Ka ကို ဆီလျော်အောင် ဘာသာပြန်သည်)