ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ထဲက အဆောက်အဦတွေ မဆောက်ရသေးတဲ့ မြေကွက်တချို့မှာ “လယ်သမား ——– ပိုင်မြေ၊ မကျူးကျော်ရ”၊ “—— ဌာနပိုင်မြေ၊ မကျူးကျော်ရ” ဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေ ထောင်ထားတာ တွေ့ရတယ်။ တချို့နေရာတွေမှာတော့ အဲဒီလို မချိတ်ဆွဲထားသေးပါဘူး။
လှိုင်သာယာမြို့နယ်အထဲမှာ ကျူးကျော်နေထိုင်ခဲ့ကြတာ လွန်ခဲ့တဲ့ ၁၀ စုနှစ်နီးပါးကတည်းက စတင် လာခဲ့ကြပေမယ့် ၂၀၁၃ ခုနှစ် ဝန်းကျင်မှာ အလွန်များပြားလာတာကြောင့် ကျူးကျော်နေတဲ့သူတွေနဲ့ မြေပိုင်ရှင်တွေ၊ ဘေးနားဝန်းကျင်က ပြည်သူတွေ၊ အာဏာပိုင်တွေအကြားမှာ မကြာခဏ ဆိုသလို ပဋိပက္ခ ဖြစ်ခဲ့ရတယ်လို့ လှိုင်သာယာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောပါတယ်။
“မြေလွတ်မှန်သမျှ ခြံခတ်ပြီး ပိုင်ရှင်ရှိတယ်၊ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တွေ လိုက်စိုက်ထား ရတော့မလို ဖြစ်နေပြီ။ ကျနော်တို့ လှိုင်သာယာမှာ ကျူးကျော် ပြဿနာက မြေနေရာ နည်းနည်းလေး လွတ်တာနဲ့ ကျူးကျော်ချင်တဲ့ သူတွေက ချောင်းနေကြတယ်။ ကျူးကျော်ချင်ကြတဲ့ သူတွေက တဖြည်းဖြည်း သွေးတိုးစမ်းပြီး လုပ်လာတာ။ အခွင့်အရေး တရပ်ရလို့ လုပ်တာလို့ မြင်တယ်” လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။
လှိုင်သာယာ တမြို့နယ်လုံးမှာ ကျူးကျော်နေ ထိုင်ကြတဲ့ အိမ်ထောင်စု ၄ သောင်းမက ရှိနေပြီး လှိုင်သာယာ မြို့သစ်တည်စဉ်က မြေသိမ်းမှုများတွင် မမှန်ကန်သော လုပ်ရပ်များ ရှိခဲ့ခြင်းကြောင့် ယခုလို ကျူးကျော်ကိစ္စများ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ မြေကွက် ရောင်းချနိုင်ခြင်း မရှိသော နေရာများကို ပလပ်မြေများအဖြစ် ထားရှိခဲ့တာကြောင့် တချို့ကျူးကျော် နေထိုင်သူများက ဝင်ရောက်အခြေချ နေကြသည်မှာ ၆ နှစ်ကျော်ပြီ ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းက ဆိုပါတယ်။
ကျူးကျော်ကြတဲ့ နေရာတွေက လှိုင်သာယာ မြို့နယ်တခုတည်းတင် မဟုတ်ပါဘူး။ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် ၄၅ မြို့နယ်မှာ ၄၄ မြို့နယ်က ကျူးကျော် နေထိုင်သူတွေရှိပြီး မြို့နယ်တိုင်းမှာ ကျူးကျော်ဆိုင်ခန်းတွေ မပါဘဲ အနည်းဆုံး ကျူးကျော် တဲ၊ အိမ်၊ အဆောက်အဦး ၅ ပုံ ၁ ပုံစီခန့် ရှိနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ဥပဒေ ကော်မတီက ခန့်မှန်းခြေ အတည်ပြုထားတယ်။ ကျူးကျော်ထားတဲ့ အိမ်တွေမှာ လက်ရှိ နေထိုင်နေကြတဲ့သူ အများစုကလည်း အခြေခံလူတန်းစား၊ လက်လုပ် လက်စားတွေက များပါတယ်။
ဝင်ငွေ နိမ့်ပါးကြသူတွေဖြစ်လို့ အိမ်ငှားခ၊ အဆောင်ငှားခတွေ၊ ကုန်ဈေးနှုန်းတွေက မြင့်တက်လာပေမယ့် လက်လုပ်လက်စားတွေရဲ့ ဝင်ငွေနဲ့ ရပ်တည်ဖို့ ခက်ခဲလာတာကြောင့် တစတစနဲ့ ကျူးကျော်လာခဲ့ရာ ဒီနှစ်ပိုင်းတွေအတွင်းမှာ စီးပွားရေးတခုလို အခွင့်အလမ်းတွေ ဖြစ်လာတယ်။
“ကျနော် လေ့လာမိသလောက် ကျူးကျော်သူတွေမှာ တကယ်နေစရာမရှိလို့ ကျူးကျော်ခဲ့ကြတဲ့ သူတွေရှိသလို တချို့ကျတော့ စီးပွားရေးအရပါ လုပ်စားနေကြတဲ့ သူတွေလည်းရှိတယ်။ ဒီနေရာမှာ ကျူးကျော်၊ အကွက်ရိုက်၊ ပြီးရင် ပြန်ရောင်းစားကြ၊ နောက်တနေရာ ထပ်ကျူးကျော်နဲ့။ အခုနှစ်ပိုင်းမှာ ကျူးကျော်တာကို ပြန်ကြည့်ရင် နောက်ကွယ်ကနေ ငွေထုပ်နဲ့လိုက်ပြီး မရှိဆင်းရဲသားတွေကို မြှောက်ပေးပြီး စီးပွားရှာတဲ့ အုပ်စုလည်း ရှိနေတာကို တွေ့ရတယ်” လို့ ဦးနေလင်းက ဆိုတယ်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာရပ်ကွက်က ကျူးကျော် နေထိုင်သူတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အင်အားသုံး ဖယ်ရှားသည့်အတွက် ကျူးကျော်နေထိုင်ကြသူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကျူးကျော်သူတချို့ အဖမ်းခံလိုက်ရသေးတယ်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလပိုင်း အတွင်းက လှိုင်သာယာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်က ပီမိုးနင်းလမ်းမှာ ကျူးကျော်အိမ်တွေ ဆောက်လုပ်တာ ညတွင်းချင်း အိမ်အလုံး ၁ ထောင်နီးပါးလောက် ဖြစ်သွားသလို ဖယ်ရှားဖို့ ကြိုးစားတဲ့ အာဏာပိုင်တွေနဲ့ ပဋိပက္ခဖြစ်ကြတဲ့ အခြေအနေအထိ ရောက်ခဲ့ဖူးပါတယ်။
ဒါ့အပြင် ၂၀၁၃ ခုနှစ် ဇန်နဝါရီ လပိုင်းကလည်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်မှာ ပြည်သူ့အိမ်ယာ စီမံကိန်း ဆောက်လုပ်မယ့် သတင်း ထွက်ပေါ်လာတဲ့အခါ ဆောက်လုပ်မယ့် နေရာတွေကို ကျူးကျော်နေထိုင်သူတွေ၊ ကျူးကျော်ပြီးသား နေရာတွေကို ပြန်ရောင်းဝယ်တာတွေ ဖြစ်ပျက်ခဲ့ပါသေးတယ်။
၂၀၁၃ ဒီဇင်ဘာလမှာ လှိုင်သာယာမြို့နယ်ထဲက ကျူးကျော်တွေကို ဖယ်ရှားဖို့ မြို့နယ်အုပ်ချုပ်ရေးဘက်က ညွှန်ကြားချက် ထုတ်ပြန်လိုက်တဲ့အခါမှာ အဲဒီ ကျူးကျော်နေထိုင်သူတွေက ပန်းလှိုင်တံတား အောက်၊ တွံတေးမြို့နယ် အပိုင်ဘက်က မြေနုကျွန်းတွေမှာ “ဆင်းရဲ ဒုက္ခရောက်နေသော အိုးမဲ့ အိမ်မဲ့ ပြည်သူများ သောင်ထွန်း မြေနုကျွန်းပေါ်မှာ ခေတ္တယာယီ တဲထိုးနေထိုင်သော ဒေသ” ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ဆွဲပြီးတော့ မြေနေရာ လာဦးကြပါတယ်။
အဲဒီအတွက်လည်း အနီးနားက ခြံပိုင်ရှင်တွေ၊ မြေပိုင်ရှင်တွေနဲ့ ပြဿနာဖြစ်ပွားကာ ကျူးကျော်သူ တွေမှာလည်း အစပိုင်းက သွားလာမှုတွေမှာတောင် တုတ်၊ ဓားတွေ အသင့်ကိုင်သွားကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် မကြာမီ မြေပိုင်ရှင်တွေ၊ အာဏာ ပိုင်တွေနဲ့ညှိနှိုင်းပြီးတော့ မကျူးကျော်ရနေရာ သတ်မှတ်လိုက်တဲ့ အတွက် အေးချမ်းတဲ့အသွင် ဆောင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း မြေနုကျွန်းရဲ့ အကျယ်အဝန်း နဲ့ ကျူးကျော်လာတဲ့သူဦးရေ မမျှတဲ့အပြင် ဒီနေရာမှာ ကျူးကျော်လို့ ရတယ်ဆိုတဲ့ အမြင်တွေကြောင့်လည်း သတ်မှတ်ချက်တွေကိုကျော်ပြီး ကျူးကျော်ကြတဲ့အပြင် တွံတေးမြို့နယ် ကားလမ်းဘေးတလျှောက် ကျူးကျော်လာပါတယ်။ တချို့ ကျူးကျော်တဲတွေဆောက်ပြီး ကျပ် ၃ သိန်း၊ ၄ သိန်း၊ ၅ သိန်း စသဖြင့် ပြန်လည် ရောင်းချကြတာတွေလည်း သိရပါတယ်။
အဲဒီလို ကျေးရွာတွေအထိ ကားလမ်းဘေးတွေမှာ ကျူးကျော်တဲ့ အတွက်လည်း ဒေသခံ ရွာသားတွေနဲ့ ကျူးကျော်ကြတဲ့ သူတွေအကြား အစပိုင်းမှာ ပဋိပက္ခ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းတွင် ဒေသခံရွာသားများက တားမြစ်ခြင်း မပြုကြတော့ကြောင်း တွံတေးမြို့နယ်၊ ခလောက်ချိုင့် ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“အစကတော့ ရွာသားတွေက ကျူးကျော်တာကို တားပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်း ပြောမရတာနဲ့ အတိုက်အခံ မလုပ်ကြတော့ဘူး။ သူတို့ကို တားလိုက်ရင် သူတို့က ကျနော်တို့ကို ရန်ပြန်ရှာရော။ တုတ်၊ ဓားတွေနဲ့ အုပ်စုလိုက်ဆိုတော့ ကျနော်တို့လည်း ပြဿနာ အတက်မခံတော့ဘူး။ ကျနော်တို့ရွာ အုပ်ချုပ်ရေးမှူးကလည်း သက်ဆိုင်ရာ လူကြီးတွေ စီစဉ်လိမ့်မယ်။ ပြဿနာ အတက်မခံကြနဲ့လို့ ကျနော် တို့ကိုပြောထားတယ်”ဟု ရေကျော်ကျေးရွာမှဒေသခံ တဦးက ဆိုပါတယ်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်မှာတော့ အာဏာပိုင်တွေက အရှေ့ဘက်မှာ ကျူးကျော်တဲ့သူတွေနဲ့ ဖယ်ရှားတဲ့ အာဏာပိုင်တွေ ပဋိပက္ခဖြစ်ခဲ့တာကို အခြေခံပြီး ဒီကားလမ်း တလျှောက်နဲ့ မြေနုကျွန်းပေါ်က ကျူးကျော်တွေကို ညဘက်ပိုင်းမှာ လက်ဦးမှုရအောင် စတင်ဖယ်ရှားခဲ့ပါတယ်။
ပန်းလှိုင်တံတား အောက်ဝန်းကျင် ပန်းလှိုင်မြစ်ဘေးနှင့် ကားလမ်းဘေးများတွင် ဆောက်လုပ်ပြီး တဲ ၈၂ လုံး၊ ဆောက်လုပ်ဆဲ တဲ ၄၉၄ လုံး၊ တိုင်စိုက်ထူပြီး ဆောက်လုပ်ဆဲတဲ ၁၄၉၀ လုံးအထိ ရှိလာပြီး သက်ဆိုင်ရာမှ ၂၀၁၃ ဒီဇင်ဘာလအတွင်း ၉ ကြိမ်၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် တကြိမ် ဖယ်ရှားရေး၊ ဆက်လက် မကျူးကျော်ရေးအတွက် အသိပေး တားမြစ်ခဲ့ပေမယ့် လိုက်နာမှုမရှိဘဲ ဆက်လက် ကျူးကျော်ခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် အစိုးရသတင်းစာမှာ ထုတ်ပြန်ခဲ့ပါတယ်။
ထို့သို့ ကျူးကျော်လာမှုကို ဒေသခံလူထုက ကြိုက်နှစ်သက်မှု မရှိတဲ့အတွက် ယခုနှစ် ဇန်နဝါရီ ၃ ရက်နေ့က ပန်းလှိုင်တံတား အနီးမှာ တမာတကောကျေးရွာ ဒေသခံများ ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း၊ ကျူးကျော်တဲ့သူတွေက ဒေသခံတွေကို ရန်စောင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ဒေသခံများ ညအချိန် သွားလာရာတွင် လုံခြုံမှုမရှိခြင်း စတာတွေကြောင့်ပဲ ဇန်နဝါရီ ၁၄ ရက်နေ့မှ စတင်ကာ ကျူးကျော်တဲ ၂၃၇၈ လုံး၊ ဇန်နဝါရီ ၁၅ ရက်မှာ ကျူးကျော်တဲ ၄၂၆ လုံးကို ရှင်းလင်းဖျက်သိမ်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကျူးကျော်တဲတွေကို ဖယ်ရှားရာမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေကို ခဲ၊ လေးခွတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက ကျူးကျော်သူ ၁၆ ဦးကို လှိုင်သာယာ ရဲစခန်းနဲ့ အင်းစိန် မြို့မရဲစခန်းတွေမှာ တည်ဆဲဥပဒေတွေနဲ့အညီ စစ်ဆေးအရေးယူတယ်လို့ သိရပါတယ်။
မိမိတို့အနေနဲ့က ဥပဒေမဲ့ ကားလမ်းဘေးတွေ၊ ပိုင်ရှင်ရှိတဲ့ မြေတွေမှာ ကျူးကျော်တာ မဟုတ်ဘဲ သဘာဝအရ ပန်းလှိုင်မြစ် ကောလာပြီး ဖြစ်လာတဲ့ မြေနုကျွန်းပေါ်မှာနေဖို့ စီစဉ်ထားတာဖြစ်တဲ့ အကြောင်း၊ သူများတကာလို ကားလမ်းဘေးတွေမှာ ကျူးကျော်အိမ်ဆောက်ပြီး စီးပွားရှာတဲ့သူတွေလည်း မဟုတ်ပေမယ့် ဘာ့ကြောင့်များ ဖယ်ရှားရတာလဲကို မစဉ်းစားတတ်တော့ဘူးလို့ မြေနုကျွန်းပေါ်မှာ ကျူးကျော်နေထိုင်ခဲ့တဲ့ ကရင်တိုင်းရင်းသား ကိုပေါက ဧရာဝတီကို ပြောပါတယ်။
ကိုပေါတို့ မိသားစုဟာ နာဂစ်မုန်တိုင်း တိုက်ခတ်ခံလိုက်ရတဲ့အခါ ဧရာဝတီတိုင်းမှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေတော့တဲ့အတွက် ရန်ကုန်ကို တက်လာပြီး ကြုံရာကျပန်းနဲ့ ဘဝကို ဖြတ်သန်း နေရသူပါ။ တနေ့ကို ဝင်ငွေ ၄ ထောင်ဝန်းကျင်ရတဲ့ ပန်းရန်အလုပ်ကို လုပ်ကိုင်ရင်း အလုပ်မရတလှည့်၊ ရတလှည့်ဖြစ်တဲ့အတွက် အိမ်ငှားနေဖို့လည်း မတတ်နိုင်တော့လို့ အလုပ်ခွင်နဲ့နီးတဲ့ လှိုင်သာယာမြို့နယ်ထဲက မြေနေရာအလွတ်မှာ ပထမ ကျူးကျော်နေခဲ့ပါတယ်။
ဒါပေမယ့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံမှာ လက်ခံကျင်းပတဲ့အခါ ဆီးဂိမ်းအလံတိုင် သယ်ယူမယ့် လမ်းကြောင်းနဲ့ မလွတ်လို့ဆိုပြီး သူတို့ ကျူးကျော်တဲကို ဖယ်ရှားတဲ့အတွက် မြေနုကျွန်းပေါ်ကို ထပ်မံရောက်လာတဲ့သူပါ။ အခုလို မြေနုကျွန်းပေါ်က ကျူးကျော်တွေကို ဖယ်ရှားလိုက်တဲ့ အတွက်ကြောင့် ဇန်နဝါရီ ၁၅ ရက်နေ့ တညလုံး ကားလမ်းဘေးမှာ တမိသားစုလုံး အိပ်ခဲ့ရတဲ့အကြောင်း ပြောပြတယ်။ သူတို့မိသားစုတွေလို လမ်းဘေးမှာ ဖြစ်သလို တညတာကို ဖြတ်သန်းရတဲ့သူတွေ အများအပြားရှိတယ်လို့ သူကဆိုပါတယ်။
“အခုတော့ အဲဒါတွေပါ ဖယ်ရှားလိုက်တော့ ကျနော်တို့ ဘယ်နေရာမှာ သွားနေရတော့မလဲဗျာ။ အမှိုက်တွေတောင်မှ ပုံစရာနေရာ သတ်မှတ်ချက် ရှိသေးတာ။ ကျနော်တို့လို မရှိဆင်းရဲသားတွေအတွက် နေရာသတ်မှတ်ချက်လေးတောင် မရှိတော့ဘူးလား” လို့ ကိုပေါက ညည်းတွားပါတယ်။
ဒါပေမယ့် ကျူးကျော်နေထိုင်မှုကို အိမ်မဆောက် ခင်ကတည်းက ဒီလိုမဖြစ်အောင် အစိုးရအဖွဲ့တွေ အနေနဲ့ ထိထိရောက်ရောက် အဖြေရှာဖို့ လိုလာပြီး ကျူးကျော် အိမ်ဆောက်ပြီးမှ ဖယ်ရှားမယ်၊ ဥပဒေအတိုင်း ဆောင်ရွက်မယ်ဆိုရင် တကယ်နေထိုင်နေ ကြတဲ့သူတွေက မရှိဆင်းရဲသား ပြည်သူများပင်ဖြစ်တော့ သူတို့နဲ့ပဲ ထိပ်တိုက်တွေ့ရဖို့ ဖြစ်လာမယ် လို့ လှိုင်သာယာမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းက ပြောပြတယ်။
ကျူးကျော်တာကို အခြေပြုပြီး စီးပွားရှာတဲ့ သူတွေက ရှာပေမယ့် ဆင်းရဲသား ပြည်သူတွေအနေနဲ့က တန်ဖိုးအရမ်းကို နည်းပါးတဲ့ဈေးနဲ့ နေစရာတခုလေး ရမယ့်အတွက် ဝယ်ပြီးနေကြရတာ များတယ်လို့ သူက ဆက်ပြောပြတယ်။
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း ချောင်းဘေးမှာ ကျူးကျော်နေထိုင်ဖို့ ပြင်ဆင်ကြလို့ ရဲတွေနဲ့ ကျူးကျော်သူတွေ ပဋိပက္ခ ဖြစ်ခဲ့ရတဲ့အပြင် ဒီဇင်ဘာ ၃၀ ရက်မှာ အဲဒီ နေရာမှာပဲ ကျူးကျော်နေတဲ့ သူတွေနဲ့ နောက်ထပ် ကျူးကျော်ချင်ကြတွေအကြား ပဋိပက္ခ ဖြစ်ခဲ့ပါသေးတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ခန့်ကတည်းက နေထိုင်လာခဲ့ကြတဲ့ လှည်းကူးမြို့နယ် သမီးကလေး ကျေးရွာ တပ်ပိုင်မြေထဲမှာ ကျူးကျော်တဲ့အတွက် ဆိုပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဖယ်ရှားခဲ့ပါတယ်။ သမီးကလေးကျေးရွာထဲမှာ အိမ်ခြေ ၃၀ဝ ကျော် ရှိတဲ့အပြင် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း တကျောင်းမှာ ရှိနေခဲ့တာကိုလည်း ဖယ်ရှားခဲ့တယ်။
ဒီလို ဖယ်ရှားခဲ့တဲ့ အတွက်ကြောင့် လူဦးရေ တထောင်ကျော်က အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ အစိုးရနဲ့ ပြည်သူကြားမှာ သမီးကလေး ကျေးရွာဟာ အမှန်တကယ် ရှိမရှိ ဆိုတာကို တဖက်နဲ့တဖက် အပြန်အလှန် ငြင်းချက်ထုတ်ခဲ့ကြတယ်။ သမီးကလေး ကျေးရွာက ဖျက်သိမ်းခံလိုက်ရလို့ ပဲခူးတိုင်းဒေသကြီးထဲက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းထဲမှာ အိမ်ထောင်စု ၁၅၃ စု ခိုလှုံခဲ့တာကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်နေ့က ထပ်မံဖယ်ရှားဖို့ အမိန့်ထုတ်ခဲ့တယ်။
ဒီလိုနဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့ (DKBA) က သမီးကလေး ကျေးရွာက အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူတွေကို အစိုးရဘက်က တာဝန်ယူ မဖြေရှင်းပေးရင် သူတို့နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်ထဲကို ခေါ်သွားပြီး မြေနေရာနဲ့ အလုပ်အကိုင တွေကို စီစဉ်ပေးမယ်ဆိုပြီး လာခေါ်ခဲ့တယ်။ ဒါပေမယ့်လည်း သမီးကလေးကျေးရွာ ဒေသခံတွေ ဘယ်သူမှ လိုက်ပါသွားခဲ့ခြင်း မရှိခဲ့ပါဘူး။ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ သမီးကလေးကျေးရွာက အဖျက်ခံ လိုက်ရတဲ့ ပြည်သူတွေဟာ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအနီးမှာ ဆန္ဒပြခဲ့ကြတယ်။
နောက်ဆုံးမှာတော့ သမီးကလေးကျေးရွာနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့က ရန်ကုန်တိုင်းနဲ့ တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှာ တန်ဖိုးသင့် အိမ်ရာတွေ၊ မြေကွက်တွေ ဖော်ထုတ်ပြီး အမှန်တကယ် မြေယာလက်မဲ့များ လက်ထဲသို့ ရောက်အောင်ဆောင် ရွက်မယ့်အကြောင်း ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ထုတ်ပြောလာရတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး ငွေကြေးရယူ အကွက်ချမယ့် လှုပ်ရှားသူတွေ၊ အမြတ်ထုတ်သူတွေကိုတော့ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သူကဆိုခဲ့ပါတယ်။
အစိုးရ အစီအစဉ်နဲ့ ရန်ကုန်တိုင်းဒေသကြီး အနှံ့ရှိ ကျူးကျော်နေထိုင်ကြသူတွေကို ဖယ်ရှားတဲ့ စီမံကိန်း လုပ်နေချိန်မှာ သန်လျင်မြို့နယ် ကျိုက်ခေါက် ဘုရားအနီးက သဘာဝ တရားရိပ်သာက ဦးဆောင်ဆရာတော် ဦးဥတ္တမသာရက သူပိုင်တဲ့ လယ်မြေပေါ်မှာ လွန်ခဲ့တဲ့ လေးနှစ်ခန့်ကတည်းက အိုးမဲ့အိမ်မဲ့တွေကို မြေနေရာအကွက် ချပေးနေထိုင်စေခဲ့ပါတယ်။ အခုလည်း သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ အုပ်စု ကွမ်းခြံကျေးရွာရှိ ဇာမဏီဆည် ပတ်ဝန်းကျင်က ကျူးကျော်နေထိုင်ကြတဲ့ သူတွေကို လှည်းကူးမြို့နယ် ထဲမှာရှိတဲ့ ဆရာတော်ပိုင်မြေမှာ ခွဲဝေပေးဖို့လည်း စီစဉ်နေတယ်လို့ သိရတယ်။
ရွှေပြည်သာမြို့နယ်က စက်မှုဇုန်မှာတော့ မြေနေရာအလွတ်တွေမှာ ဝင်ရောက် ကျူးကျော်နေထိုင် ကြသူတွေကို တချို့စက်ရုံပိုင်ရှင်တွေက ပဋိပက္ခမဖြစ်အောင်၊ အေးဆေးပြေလည်စွာဖြင့် မိမိလုပ်ငန်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် မြေနေရာ အစားပေးခြင်း၊ လျော်ကြေး အတင့်အသင့်ပေးလိုက် ခြင်းများရှိကြောင်း သိရပါတယ်။
ရွှေပြည်သာစက်မှုဇုန် အကွက် ၉၂၊ ၉၃ ပေါ်ရှိ ကျူးကျော်နေထိုင်ကြတဲ့ အိမ်ထောင်စုပေါင်း ၃၁၄ ဦးကို လှိုင်သာယာမြို့နယ်ထဲမှာ တအိမ်ထောင်ကို ပေ ၁၅/၃၀ မြေတကွက် အစားပေးတဲ့အပြင် ပြောင်းရွှေ့စရိတ် ၅ သောင်းကျပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ကြတယ်လို့ အဆိုပါ အကွက်မှာ ကုန်ပစ္စည်းထုပ်ပိုးစက်ရုံ တည်ဆောက်ဖို့ စီစဉ်နေတဲ့ M.R ကုမ္ပဏီထံမှ သိရပါတယ်။
နိုင်ငံအတွင်း လက်ရှိဖြစ်ပျက်နေတဲ့ ကျူးကျော် ကိစ္စများနဲ့ ပက်သက်ရင် အစိုးရက လုပ်ဆောင်နေတဲ့ ဆင်းရဲမွဲတွေမှု လျော့ကျရေး စီမံချက်တွေ၊ တန်ဖိုး နည်း အိမ်ရာတွေက အမှန်တကယ်မရှိတဲ့ ဆင်းရဲ သားထုတွေကို အထောက်အပံ့ မပေးနိုင်တဲ့အပြင် ဆင်းရဲသားလူထုတွေမှာ ကိုယ့်ရပ်တည်မှုအတွက် ဘယ်သူ့ကို အားကိုးရမှန်းမသိ၊ ယခုလို လာရောက် ဖိနှိပ်တဲ့ အခါမှာလည်း ဆင်းရဲသားလူထုသာ ခံရတဲ့ ဘက်မှာ ရှိနေတယ်လို့ ပန်းလှိုင်မြစ်ကမ်း မြေနုကျွန်း ပေါ်မှာ ကျူးကျော်နေတဲ့ ကိုငထွန်းက ဆိုပါတယ်။
ယခုလို အမှန်တကယ် မရှိဆင်းရဲသားတွေကို သေချာစွာ စာရင်းကောက်ယူပြီး နေရာချထားရေး အတွက် အစိုးရဘက်မှ တစုံတခု စီစဉ်ပေးမယ်ဆိုရင် ဆင်းရဲသားတွေ အနေနဲ့ကလည်း ဥပဒေကို ချိုး ဖောက်သလို ဖြစ်ရပ်တွေဖြစ်မလာတဲ့အပြင် စီးပွား ရေး လုပ်စားကြတဲ့ သူတွေရဲ့ ရန်ကလည်း ကာကွယ် နိုင်မယ်လို့ ထင်မြင်ကြောင်း ကျူးကျော်သူများကို ကူညီပေးနေတဲ့ ကိုမြင့်အောင်က ပြောပါတယ်။
“အစိုးရ အဆက်ဆက် မြေတွေ၊ လယ်တွေကို သိမ်းလိုက်ကြတာ။ ကျနော်တို့ အခုနေစရာ တကယ် မရှိလို့ နိုင်ငံတော်ပိုင် မြေနုကျွန်းလေးကို ကျူးကျော် တာကြတော့ အတင်းအင်အားသုံး ဖိနှိပ်နေလိုက် တာ။ စည်ပင်သာယာအဖွဲ့တွေ၊ ချမ်းသာတဲ့ သူတွေ အုပ်စိုးတာကြောင့်ပဲ ကျနော်တို့လို ဆင်းရဲသားလူထု မှာ အခုဆိုရင် နေစရာမရှိတော့ဘူး။ ကိုယ့်ဝင်ငွေနဲ့ ကိုယ့်မိသားစုကို စားဖို့ လောက်ငှအောင် မနည်းလုပ် နေရတဲ့ အချိန်မှာ ဒီနေစရာအတွက် စိတ်ဖိစီးမှုက ထပ်ဝင်လာတော့ ဘယ်လိုလုပ်ပြီး အသက်ဆက်ရှင်ရ တော့မလဲ မသိတော့ပါဘူး” ဟု ကရင်တိုင်းရင်းသား ကိုပေါက ဆိုပါတယ်။