ပုံနှိပ် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေနှင့် သတင်းမီဒီယာ ဥပဒေများကို အတည်ပြုပြဌာန်းပြီးနောက် အဆိုပါ ဥပဒေများ ၏ နည်း ဥပဒေများကို အမြန်ဆုံး ထွက်ပေါ်လာရန် ပြန်ကြားရေး ဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရသည်။
ပုံနှိပ် ထုတ်ဝေခြင်းဆိုင်ရာ နည်းဥပဒေအတွက် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် အဆင်သင့် ရေးဆွဲထားပြီး ဖြစ်၍ ရက်ပေါင်း ၆၀ အတွင်း ပေါ်ထွက်လာရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။
သတင်းမီဒီယာ နည်းဥပဒေကိုမူ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) မှ စိတ်ကြိုက် ရေးဆွဲရမည်ဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီး ဌာနအနေဖြင့် အကြံပြုရုံသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန အဆောက် အအုံ၌ ယမန်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီသို့ ပြောကြားသည်။
“ပုံနှိပ်နည်းဥပဒေကတော့ ကျနော်တို့မှာ အဆင်သင့်ဖြစ်နေပါပြီ၊ စာနယ်ဇင်း ကောင်စီနဲ့တော့ မဆွေးနွေးဖြစ်သေးဘူး၊ ကျနော်တို့
ရေးဆွဲထားတာကလည်း ထုတ်ဝေခွင့် လိုင်စင်လောက်သာ ပြန်ကြားရေးက ကိုင်တွယ်မှာဆိုတော့ သိပ်တောင် ညှိနှိုင်းစရာ မရှိတဲ့ အနေအထားမှာ ဖြစ်လာမှာပါ၊ စာနယ်ဇင်း ကောင်စီကိုတော့ ဘာတွေ အကြံပြုချင်လဲဆိုတာ ညှိမှာပါ၊ သတင်းမီဒီယာ နည်းဥပဒေ ကိုတော့ စာနယ်ဇင်းကောင်စီကို ဘယ်လိုရေးဆွဲရမယ်ဆိုတာ ကျနော်တို့က ညွှန်ကြားမှာမဟုတ်ဘူး၊ သူတို့ရေးပြီးလို့ ကျနော်တို့ကို
ချပြရင် ကျနော်တို့ ဘက်ကလည်း အကြံပြုချက်တွေလောက်ပဲ ပေးမှာ”ဟု ဦးအောင်ကျော်ဦးက ဆိုသည်။
နည်းဥပဒေများသည် လက်တွေ့ကျင့်သုံးသော အပိုင်းတွင် အရေးကြီးသော ဥပဒေဖြစ်ပြီး ယခင်ကတည်းက ပြန်ကြားရေး ဝန်ကြီး ဌာနနှင့် စာနယ်ဇင်း ကောင်စီတို့အကြား သတင်းမီဒီယာ နည်းဥပဒေကို စာနယ်ဇင်းကောင်စီမှ ရေးဆွဲရန် ညှိနှိုင်းချက် ရှိထားပြီးဖြစ် ကြောင်း၊ စာနယ်ဇင်းကောင်စီ အနေဖြင့်လည်း ပြင်ဆင် ဆောင်ရွက်နေကြောင်း စာနယ်ဇင်း ကောင်စီအဖွဲ့ဝင် မြန်မာဂျာနယ်လစ် ကွန်ရက်မှ အတွင်းရေးမှူး ဦးမြင့်ကျော်က ဧရာဝတီသို့ ပြောသည်။
နည်းဥပဒေသည် ပင်မဥပဒေပါ အချက်အလက်များကို အနှစ်သာရ မပျက်စေဘဲ လက်တွေ့ကျင့်သုံးသင့်သည့် အပိုင်းတွင် ပင်မ ဥပဒေ၏ တင်းကျပ်မှုကို ပြန်လည်ဖြေလျော့သွားစေရန် ပြုလုပ်နိုင်ကြောင်း၊ ပုံနှိပ်နှင့် ထုတ်ဝေခွင့်ဆိုင်ရာ နည်းဥပဒေကိုတော့ ယခင် ကတည်းက ဆွေးနွေး ညှိနှိုင်းထားခြင်း မရှိသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာနယ်ဇင်း ကောင်စီအား ၎င်းတို့ရေးဆွဲထားသည့် နည်းဥပဒေပါ အချက်များကို ပြင်ဆင်ခွင့် ပေးချင်မှပေးနိုင်မည်ဖြစ်ကြောင်း ဦးမြင့်ကျော်က ဆက်ပြော သည်။
ထို့အပြင် စာနယ်ဇင်းကောင်စီကို အတည်ဖြစ်စေရန်အတွက် မည်ကဲ့သို့ ဖွဲ့စည်းမည်၊ မည်သည့်အရေအတွက်ဖြင့် ဖွဲ့စည်းမည် ဆို သည့် အချက်များကလည်း အရေးကြီးသော အချက်များတွင် ပါဝင်လာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒါတွေ လုပ်တယ်ဆိုတာ အစိုးရအနေနဲ့က မဖြစ်မနေ လွတ်လပ်ခွင့်ပေးရမယ်၊ မပေးရင် အဝေဖန်ခံလာရမှာစိုးလို့ ဒီလို လုပ်တာ လို့ပဲ ယူဆတယ်၊ ပုံနှိပ်နည်းဥပဒေကို သူတို့ဘာသာ ရေးဆွဲထားတယ်ဆိုတော့ သူတို့စိတ်ကြိုက် လုပ်ထားတာတွေ ဖြစ်လာမှာပဲလို့ ကျနော်ယူဆတယ်”ဟု Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောသည်။
ပုံနှိပ်နှင့် ထုတ်ဝေခြင်းဆိုင်ရာ နည်းဥပဒေများတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ထုတ်ဝေခွင့် မှတ်ပုံတင်လျှင် ဝန်ကြီးဌာနရုံး သို့ တိုက်ရိုက် လျှောက်ထားစရာမလိုတော့ဘဲ ထုတ်ဝေမည့်ဒေသ၏ ခရိုင်ရုံးများတွင်ပင် လျှောက်ထားပြီး မှတ်ပုံတင်ခြင်းကို ငြင်း ပယ်ခွင့်မရှိကြောင်း၊ ရက်ပိုင်းအတွင်း ပြီးပြတ်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရားမဝင် ထုတ်ဝေစာနှင့် ပတ်သက်ပြီးတရားရုံး၏ အဆုံးအဖြတ်ပေါ်တွင်သာ မူတည်သွားမည် ဖြစ်ကြောင်း ဦးအောင်ကျော်ဦးက ဆိုသည်။
မှတ်ပုံတင် လျှောက်ထားရာတွင် အချက်အလက်မှန်ကန်ရန် လိုအပ်ကြောင်း၊ လိမ်လည်လျှောက်ထားလျှင်တော့ ပယ်ဖျက်ခြင်း၊ အရေးယူခြင်းများ ရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ထို့အပြင် ရုပ်သံထုတ်လွှင့်ခွင့်ဆိုင်ရာ ဥပဒေကိုလည်း မတ်လ ၇ ရက်နေ့တွင် လွှတ်တော်သို့ တင်သွင်းထားပြီးဖြစ်ကြောင်း၊ အဆိုပါ ဥပဒေကို လွှတ်တော်တွင် ဆွေးနွေးညှိနှိုင်းမှုပေါ် မူတည်၍ အချိန်အတိုင်းအတာတခု ကြာမြင့်နိုင်ပြီး ယခုနှစ်အတွင်း အဆိုပါ ဥပဒေ ကို အတည်ပြုနိုင်ရန် မျှော်မှန်းထားကြောင်း ဦးအောင်ကျော်ဦးက ဆိုသည်။
“ပုံနှိပ်ဥပဒေ၊ မီဒီယာ ဥပဒေတွေက ကျနော်တို့ဘက်ကလည်း ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေကို ဆွဲကိုင်ပြီး ဆွေးနွေး၊ စာနယ်ဇင်းသမား တွေဘက်ကလည်း ငြင်းခုန်၊ လွှတ်တော်မှာလည်း ငြင်းခုန်ခဲ့ကြတော့ တနှစ်ကျော်တဲ့ အချိန်ကြာခဲ့တယ်၊ အခု ရုပ်သံဥပဒေက အသစ် ဆိုတော့ အဲဒီလောက် မကြာဘူးလို့ မျှော်လင့်ရတယ်၊ လွှတ်တော်မှာ ဘယ်လိုဆက်ဖြစ်လာမလဲတော့ မပြောတတ် သေး ဘူး၊ မြန်မြန်ပြီးပြတ်တာကိုတော့ လိုချင်တယ်၊ တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသား ရေဒီယိုတွေကအစ လုပ်ချင်နေကြတာ
ကျနော်သိတယ်”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
မတ်လ ၉ ရက်က ပုံနှိပ် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ၊ သတင်းမီဒီယာ ဥပဒေ၊ အများပြည်သူ ဝန်ဆောင်မှု ဥပဒေများ အပါအဝင် DVB-T2 လွှင့်စက် များ တပ်ဆင်မှု၊ Set Top Box များ အခမဲ့ ဖြန့်ဝေမှု၊ FM လွှင့်စက်များ ထပ်မံတပ်ဆင်ခြင်းများနှင့် ပတ်သက် သည့် သတင်းစာ ရှင်း လင်းပွဲကို ပြန်ကြားရေး ဝန်ကြီးဌာနက ပြုလုပ်ခြင်း ဖြစ်သည်။