ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ရွာတွင် မတ်လ ၉ ရက်နေ့ မနက်ပိုင်းက မီးလောင်မှုတရပ် ဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်မှုကြောင့် ဗလီတလုံးနှင့် နေအိမ် ၁၂ လုံးပျက်စီးသွားကြောင်း၊ ယင်းမီးလောင်မှုသည် ရှို့မီးဖြစ်ကာ တရားခံ ဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူးက ဧရာဝတီသို့ ပြောသည်။
ဒုချီးရားတန်း အလယ်ရွာတွင် မတ်လ ၉ ရက်နေ့ မနက် ၁၀ နာရီကျော်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှု ကြောင့် ဗလီ တလုံး၊ ဓနိမိုး၊ ထရံကာ လူနေအိမ် ၁၂ လုံး ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုသည် တနာရီကျော် ကြာမြင့်ခဲ့ပြီး မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊မီးလောင်မှုသည် ရှို့မီးကြောင့် ဖြစ်ပွား ခြင်း ဖြစ်ပြီး ယင်းကျေးရွာနေ အသက် ၄၂ နှစ်အရွယ် ဦးဆော်ဒီမူလာက မိမိအိမ်ကို ဓာတ်ဆီဖျန်းပြီး မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက ထွက်ဆိုထားသဖြင့် ရဲတပ်ဖွဲ့က ရှို့မီးတရားခံကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်း လျက်ရှိ ကြောင်း၊သို့ရာတွင် တရားခံ ဖမ်းဆီးနိုင်ရေးမှာ ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှု နည်းသဖြင့် တရားခံ ဖမ်းဆီးနိုင်ရေး မလွယ်ကူကြောင်း ၎င်းက ဆိုသည်။
“ မီးရှို့ထွက်ပြေးသွားသူက ရခိုင်ပြည်နယ်ထဲမှာပဲ ရှိနိုင်ပါတယ်။ မောင်တောမှာက ဘင်္ဂလီရွာတွေ အများကြီးပဲ။ နောက်ပြီး လူ ၁၀၀ မှာ ၉၅ ယောက်လောက်က ဘင်္ဂလီတွေ ဖြစ်နေတယ်။ ကျန်တာက တိုင်းရင်းသားတွေပေါ့။ ဒါကြောင့် မောင်တောတလျှောက်လုံးမှာ ဘင်္ဂလီရွာတွေက အများကြီးနဲ့ လူဦးရေက များတယ်ဆိုတော့ ကျနော်တို့အနေနဲ့ စုံစမ်းရ ခက်ခဲတာပေါ့။ ကျနော်တို့ကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တဆင့် သတင်းတွေ စုံစမ်းခိုင်းထားပါတယ်။ ကျနော်တို့ အနေနဲ့ ဖမ်းဆီးနိုင်ဖို့တော့ ခက်ခဲပါတယ်။ အခုထိလဲ ကျနော်တို့ တပ်ကြပ်တဦးပျောက်ဆုံးမှုက လုံးဝစုံစမ်းလို့ မရသေးဘူးလေ”ဟု မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူးက ရှင်းပြသည်။
မောင်တောမြို့နယ်မှ မွတ်စလင်ဒေသခံ တချို့ကမူ ဒုချီးရားတန်း အလယ်ရွာမီးလောင်မှုသည် ရှို့မီးမဟုတ်ဘဲ သာမန် ပေါ့ဆ မီးသာဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
ဒုချီးရာတန်း ကျေးရွာအနီးရှိ နိုဇိုလာကျေးရွာတွင် နေထိုင်သည့်ဒေသခံတဦးဖြစ်သူ ဦးအလီက “ ကျနော် အဲဒီ မီးလောင် တဲ့နေရာကိုရောက်တော့ ရဲတပ်ဖွဲ့က လုံခြုံရေး ယူထားပြီးပြီ။ အဲဒီကျေးရွာနေသူတွေ ပြောတာက ထမင်းချက်ရာကနေ မီးလောင်တယ်လို့ ပြောတယ်။ ပေါ့ဆမီးပါ။ အခုပြောနေတဲ့ ရှို့မီး မဖြစ်နိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ လောင်တဲ့အချိန်က နေ့လယ်ပိုင်းဆိုတော့ အားလုံးမြင်နေရတာပဲ။ ဘယ်သူက ရှို့မလဲ။ နောက်ပြီး ကျနော်တို့မှာက အိမ်မီးလောင်ရင် အိမ်ပိုင်ရှင်က အဖမ်းခံရပါတယ်။ ဒါကြောင့် ကိုယ့်အိမ်ကိုတော့ မီးမရှို့ဘူး”ဟု ပြောသည်။
အာဏာပိုင်များက ရဲတပ်ကြပ်တဦး ပျောက်ဆုံးမှု၊ မီးရှို့မှုနှင့် အမှုအခင်းများကို စုံစမ်းရာတွင် ရဲတပ်ဖွဲ့ဝင် အင်းအား များများ ဖြင့်သာ ကျေးရွာများသို့ ကွင်းဆင်း စုံစမ်းနေရပြီး ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှု နည်းပါးကြောင်း၊ မီးရှိို့မှု ကျူးလွန်သည်ဟု သံသယရှိခံရသူ ဆော်ဒီမူလာသည် ယခုနှစ်ဆန်းပိုင်း မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာ တွင်းနေသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ပဋိပက္ခဖြစ်ပွားမှုအတွင်း ပျောက်ဆုံးခဲ့သော ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အမှုနှင့် ဆက်စပ် သည်ဟု သံသယ ရှိခံရသော တရားခံပြေးတဦးလည်းဖြစ်ကြောင်း မတ်လ ၁၀ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ဒုချီးရားတန်းကျေးရွာတွင် ဇန်နဝါရီလလယ်က ဒေသခံများနှင့် ရဲတပ်ဖွဲ့များအကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး မွတ်စလင် ၄၀ ကျော် အသတ်ခံခဲ့ရသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းသတင်းများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက စုံစမ်း စစ်ဆေးမှုများပြုလုပ်ရန် တိုက်တွန်းခဲ့ပြီး သမ္မတဦးသိန်းစိန်က အဖွဲ့ဝင် ၁၀ပါ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ကို ဖေဖော်ဝါရီလဆန်းပိုင်းကဖွဲ့စည်းခဲ့ကြောင်း၊စုံစမ်းစစ်ဆေးရေး ကော်မရှင်က စုံစမ်းတွေ့ရှိချက်များကို သမ္မတဦးသိန်းစိန်ထံ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တင်ပြခဲ့ကြောင်း သိရှိရသည်။