ကလေးများရဲ့ အနာဂတ်ဟာ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်နဲ့ အများကြီး သက်ဆိုင်ပါတယ်။ ကလေးများကို ပြုစုပျိုးထောင်ပေးခြင်းဟာ နိုင်ငံရဲ့ အနာဂတ်ကို ပုံသွင်းခြင်း တခုပါပဲ။ ဒါကြောင့်မို့လို့ ကလေး များဟာ နိုင်ငံတနိုင်ငံ အတွက် သိပ်ကိုမှ အရေးကြီးတဲ့ သူများပဲ ဖြစ်ပါတယ်။ ကလေးများ စိတ်ရည်၊ ဉာဏ်ရည်မြင့်မားဖို့၊ တာဝန်ယူတတ်တဲ့ စိတ်တွေ ရှိစေဖို့၊ လူကြီးလူကောင်း စိတ်တွေ မွေးတတ်စေဖို့အတွက် ငယ်ငယ်ကတည်းက ကလေးတို့ကို လေ့ကျင့် သင်ကြားပေးဖို့ လိုပါတယ်။
စည်းကမ်းရှိတဲ့၊ တာဝန်ယူတတ်တဲ့၊ စာနာနားလည်တတ်တဲ့၊ ကိုယ့်အမှားကိုယ် တာဝန်ယူတတ်တဲ့ လူများနဲ့ ဖွဲ့စည်း ထားတဲ့ လူ့အဖွဲ့အစည်းကြီး တခု ပေါ်ပေါက်လာစေဖို့အတွက် ကလေးတို့နဲ့ နီးစပ်သူ ဆရာ၊ဆရာမတိုင်း၊ ဆွေမျိုး မိဘ တိုင်းမှာ တာဝန်ရှိပါတယ်။
ကျမတို့ လူ့အဖွဲ့အစည်းမှာ လူကြီးနေရာမှာ နေနေကြပေမယ့် လူကြီးမဆန်တဲ့သူတွေ၊ အမှားကို ဝန်မခံဘဲ ရှောင်လွှဲတတ်တဲ့ လူတွေ၊ မျက်နှာလိုက်တတ်တဲ့ လူမျိုးတွေ၊ သူများစကားကို နားမထောင်ဘဲ ကိုယ့်ဆန္ဒ၊ ကိုယ့်စိတ်ကို သာ ဦးစားပေးတတ်တဲ့ လူမျိုးတွေကို အများကြီး တွေ့နေကြရတာပါပဲ။ တွေ့မြင်တိုင်းလည်း စိတ်ပျက်မိကြရတာပါပဲ။ ဒီလို မယဉ်ကျေးတဲ့၊ ငါနဲ့ငါသာနှိုင်းစရာ ဆိုတဲ့လူတွေ အနာဂတ် လူ့အဖွဲ့စည်းမှာ နည်းပါးသွားစေဖို့ အတွက် အနာဂတ်မှာ လူကြီးဖြစ်လာမယ့် ကျမတို့ရဲ့ ကလေးတွေကို ငယ်ငယ်ကတည်းက ထိန်းကျောင်းလေ့ကျင့် သင်ကြားပေးဖို့ လိုပါတယ်။
အိမ်ထောင်စု တော်တော်များများက သားသမီးများနဲ့ မိဘ ဆက်ဆံရေးများကို လေ့လာ ကြည့်မယ်ဆိုရင်ဖြင့် သားသမီးနဲ့ မိဘတို့ ဆက်ဆံရေး များဟာ ပွင့်ပွင့်လင်းလင်း ရင်းရင်နှီးနှီး သိပ် မရှိကြတာ များပါတယ်။ အထူးသဖြင့် ကျမတို့ နိုင်ငံမှာ ဆိုရင်ဖြင့် အဖေနဲ့ သားသမီးများဟာ မရင်းနှီးကြပါဘူး။ အဖေက ပြောစရာ ရှိတာ (အမိန့်ပေးစရာ ရှိတာ) ကိုသာ ပြောပါတယ်။ သားသမီးရဲ့ ခံစားချက်၊ သားသမီးပြောချင်တဲ့ စကား၊ သူကြုံတွေ့ လာရတဲ့ အခက်အခဲ စတာတွေကို အချိန်ပေးပြီးတော့ နားထောင်တာမျိုး သိပ်မရှိလှပါဘူး။ သားသမီးပြောချင်တာကို အချိန်ပေးပြီးတော့ နားထောင်ခြင်းဟာ ကလေးတယောက်ကို ပြုစုပျိုးထောင်ဖို့ အတွက် အင်မတန်မှ လွယ်ကူပါတယ်
ကလေးဘာဖြစ်နေလဲ၊ ဘာခံစားနေရလဲ၊ ဘယ်လို အခက်ခဲတွေ ရှိနေလဲ၊ ဘာတွေကို ကျေနပ်ပြီးတော့၊ ဘာတွေကို မကျေမနပ် ဖြစ်နေလဲ ဆိုတာကို မိဘက အချိန်ပေးပြီးတော့ ဂရုတစိုက် နားထောင်ဖို့ လိုပါတယ်။ မိဘဆူမှာကို မကြောက်ရဘဲနဲ့ သူ့ရင်ထဲက ခံစားချက်ကို လွတ်လွတ်လပ်လပ် ပြောဆိုရင်ဖွင့်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့်မို့ ကလေးတို့ရဲ့ ခံစားချက် (စိတ်တိုတာ၊ ဝမ်းနည်းတာ၊ ပျော်တာ၊ အားငယ်တာ) စတာတွေကို မိဘကို လာပြောပြတဲ့ အခါမျိုးမှာ သူ့ခံစားချက် များကို ကိုယ်ချင်းစာနာမှု အပြည့်နဲ့ သေသေချာချာ နားထောင်ပေးရပါမယ်။
“မင်းက အသုံးမှမကျတာ”
“ဒါကို ဒီလို မျိုးလုပ်လိုက်ပါလားကွ” စသဖြင့်ကလေးကို အပြစ်တင် ဝေဖန်တဲ့ စကားမျိုးတွေ လုံးဝမပြောရပါဘူး။
ကလေးရဲ့ ခံစားချက်ကို လေးလေးစားစား နားထောင်ပေးရပါမယ်။ ကလေးက ကိုယ်လက်မခံနိုင်တဲ့ အပြုအမူ တခုခုကို လုပ်လာမိတယ် ဆိုရင်လည်း ကလေးကို ဘာမှမမေးမြန်းဘဲ အော်ဟစ်ဆူပူလိုက်တာမျိုး မလုပ်ရပါဘူး။ ဘာကြောင့် ဒီလို လုပ်လာရသလဲ ဆိုတဲ့ ကလေး ရင်ထဲက အကြောင်းရင်းကို သိအောင် မေးမြန်းရပါမယ်။
လူ့လောကမှာ ကိုယ့်ခံစားချက် ကိုယ့်အမြင်နဲ့ မတူတဲ့ ခံစားချက်တွေ၊ အမြင်တွေ၊ ရှုထောင့်တွေ ရှိသေးကြောင်းကိုလည်း သူတို့လေးတွေကို သင်ပေးရပါမယ်။ ကိုယ်က အနီရောင်ကြိုက်ပေမယ့် ၊တဘက်လူက အပြာရောင်ကြိုက်နိုင်ကြောင်း၊ ကိုယ့်အတွက် အနီရောင်ဟာ အလှဆုံး အရောင်ဖြစ်ပေမယ့် တဘက်လူအတွက်တော့ အပြာရောင်ဟာ အလှဆုံး အရောင်ဖြစ်နေမှာပဲ ဆိုတဲ့ အကြောင်းကလေး နားလည်အောင် ရှင်းပြပြောဆိုရပါမယ်။
တဖက်သားရဲ့ စကားကို လေးလေးနက်နက် နားထောင်တတ်တဲ့ အကျင့် ရစေဖို့အတွက် ကလေးက ကိုယ့်ကို စကား လာပြောတဲ့ အခါမျိုးမှာ သတင်းစာ ဖတ်နေရင်းတန်းလန်းနဲ့ နားထောင် နေတာမျိုး၊ ပန်းကန်ဆေးရင်း တန်းလန်းနဲ့ နားထောင်နေတာမျိုး၊ တီဗီကြည့်ရင်း တန်းလန်းနဲ့ နားထောင် နေတာမျိုး မလုပ်ရပါဘူး။ ဖတ်နေတဲ့ သတင်းစာ၊ ဆေးနေတဲ့ ပန်းကန်၊ ကြည့်နေတဲ့ တီဗီကို ခဏရပ်ပြီးတော့ ကလေးပြောတာကို စိတ်ဝင်တစားနဲ့ သေသေချာချာ နားထောင် ပေးရမှာပါ။
တခါတလေမှာ ကလေး ပြောတဲ့ စကားတွေထဲမှာ ကိုယ့်အတွက် စိတ်တိုစရာ၊ စိတ်ဆိုးစရာ၊ လက်မခံချင်စရာတို့ ပါလာ နိုင်ပါတယ်။ ရုတ်တရက် စိတ်တို၊ စိတ်ဆိုးပြီး ကလေးကို အော်ငေါက်လိုက်တာမျိုး လုံး၀ မလုပ်ရဘူး။ ကိုယ့်ရဲ့ စိတ်ခံစားချက် (Emotion) ကို ထိန်းချုပ်ပြီး ကလေးပြောတာဆုံးတော့မှ ကလေးကို အကျိုးသင့် အကြောင်းသင့် ရှင်းပြ ပြောဆိုသင့်ပါတယ်။
ကျမတို့ လူကြီး တော်တော်များများဟာ ကလေးတွေ စကားပြောနေတဲ့ အချိန်မျိုးမှာ ကလေးတွေပြောနေတာပဲ ဆိုပြီးတော့ ဂရုတစိုက် နားထောင်လေ့မရှိပါဘူး။ ကလေး ပြောတာ မဆုံးသေးပေမယ့်လည်း ဖြတ်ပြောတာမျိုး၊ လုပြောတာမျိုးတွေ လုပ်တတ်ကြပါသေးတယ်။ အမှန်တော့ ဒါဟာ ကလေးကို လုပ်လိုက်တဲ့ ကိစ္စလေးဆိုပေမယ့် အင်မတန်မှ ရိုင်းတဲ့ အပြုအမူပါ။ ကလေး ရှေ့မှာ ကလေးကို လုပ်လိုက်ခြင်းဟာ အဲဒီရိုင်းစိုင်းတဲ့ အပြုအမူတရပ်ကို လူကြီးက ရှေ့ဆောင် လမ်းပြအနေနဲ့ ကလေးကို သင်ပေးလိုက်ရာ ရောက်ပါတယ်။
ကလေးများဟာ လူကြီး လုပ်တာကို အတုခိုးပြီးတော့ လိုက်လုပ်တတ်ကြတဲ့ အမျိုးပါ။ ငယ်ငယ်ကတည်းက ကိုယ့်ရဲ့ စကားကို ဂရုတစိုက် နားထောင်တတ်တဲ့၊ ကိုယ်ချင်းစာနာတတ်တဲ့ လူကြီးများနဲ့ ကြီးပြင်းခွင့် ရတဲ့ ကလေးများဟာ ကြီပြင်းလာတဲ့ အချိန်မှာလည်း လူတဘက်သား စကားကို ဂရုတစိုက် နားထောင်တတ်ကြ၊ ကိုယ်ချင်းစာတရား ရှိတတ်ကြပါတယ်။
လူတဘက်သား စကားကို နားထောင်တတ်တဲ့ လူများဟာ တဘက်သားရဲ့ ခံစားချက်ကိုလည်း နားလည် နိုင်တာမို့ မှားယွင်း ဆုံးဖြတ်တာလည်း နည်းတတ်ပါတယ်။ အထူးသဖြင့် နိုင်ငံတနိုင်ငံရဲ့ ခေါင်းဆောင်၊ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်လုပ်မယ့် သူများဟာ လူအများရဲ့ အသံကို ဂရုတစိုက် နားထောင်တတ်တဲ့ လူများ ဖြစ်ရပါမယ်။ ဘယ်သူ့အသံ၊ ဘယ်သူ့စကားမှ နားမထောင်ဘဲနဲ့ ကိုယ်ပြောချင်တာ၊ ကိုယ်အမိန့်ပေးချင်တာကို ပြောဆိုပြီးတော့ ဆုံးဖြတ်ချက် ချတာမျိုးတွေ လုပ်လာတဲ့ အခါမျိုးမှာ အမှားအယွင်းတွေ ရှိလာရစမြဲပါပဲ။ ဒါကြောင့်မို့လို့ လူ့အဖွဲ့အစည်းတခုမှာ တဘက်သားစကားကို စိတ်ရှည်ရှည်နဲ့ နားထောင်တတ်တဲ့၊ ကိုယ်ချင်းစာတတ်တဲ့လူများ များစွာ လိုပါတယ်။
ဒီလို စိတ်ရှည်ရှည်နဲ့ နားထောင်တတ်တဲ့၊ ကိုယ်ချင်းစာတတ်တဲ့ လူများ များပြားလာပြီဆိုရင်ဖြင့် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးတဲ့ လူမျိုးတမျိုး အဖြစ် ပေါ်ပေါက်လာမှာ အမှန်ပါပဲ။
ဒါကြောင့်မို့လို့ ကျမတို့ရဲ့ အနာဂတ်မှာ ယဉ်ကျေးတဲ့ လူအဖွဲ့အစည်း တခု ပေါ်ပေါက်လာစေဖို့ အတွက် ကလေးများကို ငယ်စဉ်ကတည်းက လေ့ကျင့် သင်ကြားပေးကြပါဦးလို့ …။