ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့နယ်မှာရှိတဲ့ Phanason ဆောက်လုပ်ရေးကုမ္ပဏီကြီးမှာ အလုပ်လုပ်နေကြတဲ့ ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေဟာ လုပ်အားခတွေ မရကြလို့ အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
ဆန္ဒပြ မြန်မာ အလုပ်သမား ၅၀၀ ကျော်ဟာ Phanason ဆောက်လုပ်ရေးကုမ္ပဏီရဲ့ စီမံကိန်း ၁၆ ခုအနက် ၄ ခုမှာ အလုပ် လုပ် နေ ကြသူတွေ ဖြစ်ပြီး လစာတွေကို ၁၅ ရက် တကြိမ် ပုံမှန် ရှင်းပေးဖို့ အတွက် သက်ဆိုင်ရာ Phanason စီမံကိန်း ရုံးချုပ်တွေမှာ ဒီကနေ့ မနက် သွားရောက်ပြီး တချိန်တည်း တောင်းဆိုကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။
“ကျနော်တို့ကို အရင်က ၁၅ ရက်တကြိမ် လစာ ထုတ်ပေးတယ်၊ ဒီနှစ် ဇန်နဝါရီလက စပြီး ရက်မမှန်တော့တာ၊ အခု တချို့ဆိုရင် ၄၅ ရက်တောင်ရှိပြီ၊ တပြားမှ မရသေးဘူး၊ အလုပ်ကတော့ ပုံမှန်ဆင်းနေတာပဲ၊ ပိုက်ဆံမရှိတော့ အကြပ်အတည်းတွေ ဖြစ်လာ တယ်လေ၊ မခံနိုင်တော့လို့ ခုလို ဆန္ဒဖော်ထုတ်တာ” လို့ ဆန္ဒပြတဲ့ အထဲမှာ ပါဝင်တဲ့ အလုပ်သမား ကိုကျော်သူက ဧရာဝတီကို ပြောပါတယ်။
Phanason ဆောက်လုပ်ရေးကုမ္ပဏီ ဟာ ဖူးခက်မြို့နယ်အတွင်းမှာပဲ အပန်းဖြေအိမ်ရာ၊ ပန်းခြံ၊ အထပ်မြင့်အဆောက် အအုံ တွေနဲ့ သီးသန့်အိမ်ရာတွေ အပါအဝင် စီမံကိန်း ၁၆ ခုရှိပြီး အဲဒီစီမံကိန်းတွေမှာ မြန်မာ အလုပ်သမား စုစုပေါင်း အနည်းဆုံး ၃၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
Phanason ကုမ္ပဏီရဲ့ အခြားစီမံကိန်းမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေလည်း အလားတူ အခြေအနေတွေ ရင်ဆိုင်နေကြရပြီး ကုမ္ပဏီအနေနဲ့ ဒီကိစ္စကို ဖြေရင်းမပေးရင် ဆန္ဒပြတာတွေ အရှိန်မြင့်လာလိမ့်မယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ဒီနေ့ ကုမ္ပဏီက အရေးပါတဲ့ တာဝန်ရှိသူတွေ ရောက်လာတယ်။ ဒါမျိုးတွေ နောက်မဖြစ်အောင် လုပ်သွားမယ်၊ လောလောဆယ် စားစရိတ်အတွက် တယောက် ဘတ် တထောင်စီ (မြန်မာငွေ သုံးသောင်းခန့်) ထုတ်ပေးသွားမယ် ပြောတယ်၊ ဒါပေမယ့် ကျနော်တို့ စောင့်ကြည့်ဦးမယ်၊ အရင်တခေါက်တုန်းကလည်း ဒီလိုပဲ ပြောသွားပြီး ကတိမတည်ဘူး” လို့ ကိုကျော်သူ က ဆက်ပြောပါတယ်။
ကုမ္ပဏီမှာ အလုပ်မဝင်ခင်က တရက်ကို ဘတ် သုံးရာ၊ အချိန်ပိုကြေး တနာရီ ၅၆ ဘတ်နဲ့ လစာကို ၁၅ ရက် တကြိမ် ရှင်းပေးမယ်လို့ နှစ်ဖက် သဘောတူထားကြပေမယ့် အခုချိန်မှာ လုပ်အားခ တရက် သုံးရာကလွဲလို့ ကျန်တာတွေကို ကုမ္ပဏီ ဘက်က ချိုးဖောက်တယ် လို့ အလုပ်သမားတဦးဖြစ်သူ ကိုနေဇော်ဦးကလည်း ပြောပြပါတယ်။
“ဖိနှိပ်တာတွေများနေပြီ ကျနော်တို့ မခံနိုင်တော့ဘူး၊ ထွက်မယ်ဆိုတော့လည်း ပတ်စ်ပို့တွေ သိမ်းထားတယ်၊ အဲဒါကြောင့် အခု ကျနော်တို့ ထိုင်းအလုပ်သမားရုံးကိုသွားပြီး ပတ်စ်ပို့တွေ ပြန်တောင်းယူနိုင်အောင် ကြိုးစားမယ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။
အခြား အလုပ်သမားတဦးဖြစ်တဲ့ ကိုမြတ်သူ ကလည်း “ကျနော်တို့က ပတ်စ်ပို့နဲ့ တရားဝင်လာပြီး အလုပ်လုပ်ကြတာဗျ၊ တလ ပျမ်းမျ ဘတ် ၉ ထောင်လောက်ရတယ်၊ ဒီကိုလာဖို့ လယ်တွေပေါင်ပြီး တက်လာတာ၊ မိဘတွေကတော့ ပိုက်ဆံ မပို့နိုင်တော့ သုံးဖြုန်းနေတယ် ထင်နေမလားမသိဘူး၊ ဒီမှာက လစာတောင်ပုံမှန် မရဘူးဖြစ်နေတယ်” လို့ ဆိုပါတယ်။
လုပ်ခ ငွေကြေး အခက်အခဲ ဖြစ်နေတာတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို အကြိမ်ကြိမ် တယ်လီဖုန်းဖြင့် တမျိုး၊ စာနဲ့ တဖုံ ဆက်သွယ် အကြောင်းကြား ပေမယ့် သံရုံးအနေနဲ့ တိကျခိုင်မာတဲ့ ကာကွယ်မှု၊ ကူညီမှုတွေ ထိထိရောက်ရောက် လုပ်မပေးနိုင်ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ခ လစာပြဿနာ မကြာခဏ ဖြစ်နေတဲ့ အတွက်ကြောင့် သက်ဆိုင်ရာ ထိုင်း အလုပ်သမား ဝန်ကြီးဌာနနဲ့ Phanason ကုမ္ပဏီ တို့ကို ဖြေရှင်းပေးဖို့ မြန်မာသံရုံးအနေနဲ့ အကြောင်းကြားထားပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က ဧရာဝတီကို ပြောပါတယ်။
“နောက်ဆုံး အခြေအနေက အလုပ်ရှင်ကို အကြောင်းကြား ထားတယ်၊ စာလည်း ပို့ထားတယ်၊ သူတို့လုပ်ပေးမှာပါ၊ သူတို့က ၁၇ ရက်နေ့မှ ပေးမယ်လို့ ပြောနေလို့ ကျနော်တို့ ထပ်ညှိနေတာ” လို့ ဦးကျော်ကျော်လွင်က ပြောပါတယ်။
၂၀၁၃ ခုနှစ် စက်တင်ဘာလ ပိုင်းကလည်း Phanason ကုမ္ပဏီကို နှစ်နိုင်ငံ အသိအမှတ်ပြု လက်မှတ်တွေနဲ့ တရားဝင် လာရောက် အလုပ်လုပ်ကိုင် ကြတဲ့ မြန်မာတွေ စာချုပ်ပါ အချက်အလက်တွေနဲ့ မကိုက်ညီတာကြောင့် လုပ်ခလစာ ရရှိရေး ချိုးဖောက်ခံရမှုနဲ့ အုပ်စုလိုက် ပြည်တွင်းကို ပြန်သွားခဲ့ကြရ တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ အလုပ်သမား အဖွဲ့အစည်း တခုက ပြောပါတယ်။
မြန်မာ အလုပ်သမားတွေနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ အကြား နားလည်မှု စာချွန်လွှာ MOU ရှိထားပေမယ့် နှစ်နိုင်ငံ အစိုးရတွေက ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မရှိကြတဲ့ အတွက် မြန်မာအလုပ် သမားတွေ အနေနဲ့ တရားဝင်အသိမှတ်ပြု လာရောက် အလုပ် လုပ်ကိုင်နေ ကြပေမယ့်လည်း ခေါင်းပုံ ဖြတ်မှုမျိုးစုံနဲ့ ကြုံနေရတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ အလုပ်သမားတွေ အရေး လိုက်ပါဆောင်ရွက်ပေးနေတဲ့ အလုပ်သမား အဖွဲ့အစည်းတွေက ပြောပါတယ်။