ယမန်နှစ် နိုဝင်ဘာလအတွင်း သမ္မတဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသား ၆၉ ယောက်ကို ထပ်လွှတ်ပေးရာ နိုင်ငံတော်အာဏာသိမ်းရန် ကြံစည်မှုဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသော ကိုအေးနေဝင်းလည်း ပါဝင်ခဲ့သည်။ ကွယ်လွန်သူ အာဏာရှင်ကြီး ဦးနေဝင်း၏ မြေးတဦးဖြစ်သူ ကိုအေးနေဝင်းသည် အဖမ်းခံရချိန်တွင် အသက် ၂၆ နှစ်သာ ရှိသေးသည်။ သူသည် ၁၂ နှစ်ကြာ အကျဉ်းထောင်ထဲတွင် နေခဲ့ရပြီး ယခုအခါ မိသားစု စီးပွားရေးလုပ်ငန်းများတွင် ပြန်လည်လုပ်ကိုင်နေကာ ဘဝသစ်ကို တည်ဆောက်နေပေပြီ။ သူ့မိသားစု၊ သူ့အမှုနှင့် သူ့နိုင်ငံရေး ယုံကြည်ချက်များကို ဧရာဝတီအယ်ဒီတာ ရဲနည်နှင့် တွေ့ဆုံရာတွင် ကိုအေးနေဝင်းက ယခုကဲ့သို့ ဖွင့်ဟပြောဆိုသွားသည်။
မေး။ ။ အဖမ်းမခံရခင် ထိပ်တန်းနိုင်ငံရေးမိသားစု အသိုင်းအဝိုင်းမှာ ချမ်းချမ်းသာသာနေခဲ့ရတဲ့ ဘဝကနေပြီးတော့ အဖမ်းခံရပြီး ထောင်ထဲရောက်သွားတဲ့အခါကျတော့ အကူးအပြောင်းပေါ့၊ အဲ့ဒါကို ဘယ်လိုရင်ဆိုင်ခဲ့ရလဲ။
ဖြေ။ ။ ပြောရလို့ရှိရင် နံပါတ်တစ်တချက်က ထောင်ထဲရောက်တယ်ဆိုတာတော့ ဘယ်သူ့မှာပျော်တဲ့အချိန် မဟုတ်ဘူးပေါ့၊ ဒါပေမယ့် ကျနော်အနေနဲ့က ထောင်ထဲရောက်သွားတဲ့ အခြေအနေကြီးကို ငိုခြင်းချပြီးတော့ ဒါကိုပဲ အလွမ်းသည်ပြီးတော့ စိတ်မကောင်း ဖြစ်စရာ ပြန်ပြောဖို့ အင်မတန်ကိုပဲ ဝန်လေးမိပါတယ်။ ဘာလို့ဝန်လေးမိလဲဆိုတော့ ကျနော်တို့ကို ထောင်ချခဲ့တဲ့အချိန်မှာ ထောင်ချဖို့ စီစဉ်ဆောင်ရွက်တဲ့လူ၊ အမိန့်ပေးတဲ့လူက ကျနော်တို့ကို ဒုက္ခရောက်အောင် ရည်ရွယ်ပြီးတော့ လုပ်ခဲ့တာပဲလေ။ နောက်ဆုံးကျနော်တို့ သာမန်အကျဉ်းသားတွေတောင် ရတဲ့အခွင့် အရေးဖြစ်တဲ့ ထောင်ဝင်စာတွေ့ခွင့်ကိုတောင် ပိတ်ပင်ထားပြီးတော့ ကျနော်တို့ ၁၂ နှစ်တာ နေခဲ့ရတာပါ။
သို့သော် တဖက်ကပြန်ကြည့်တော့လည်း ကျနော်တို့က နိုင်ငံရေးမှာ အထင်ကရ ဖြစ်တဲ့ မိသားစုထဲမှာ ပါဝင်ခဲ့တာဖြစ်တဲ့အတွက် ကျနော်တို့ဟာ ထောင်ထဲမှာ ထောင်ကျခဲ့ရတယ်ဆိုပေမယ့်လည်း အပြင်ပန်း အနေအထားအရ ဆင်းရဲဒုက္ခတွေ ကြုံတွေ့ရ စိတ်ဒဏ်ရာမရအောင် ဝိုင်းဝန်းပြီးတော့ စေတနာထားပြီး ဆောင်ရွက်ပေးတာလည်းရှိပါတယ်။ ဒါ ကျနော့်အဘိုးရဲ့ ကျေးဇူးပဲ။ ကျနော့်နာမည်ကိုမှာမှ အဘိုးရဲ့ နာမည်ပါတယ်။ ကျနော်တို့ မိသားစုက အဘိုးရဲ့ မိသားစုဖြစ်နေတဲ့အတွက် အဲ့ဒီအရှိန်အဝါက ကျနော်တို့မှာ ရှိနေတယ်။
တဖက်က ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့နဲ့ အတွေးအခေါ်အယူ ရာနှုန်းပြည့် တူချင်မှ တူလိမ့်မယ်၊ တခြား တိုင်းပြည်အပေါ်မှာ စေတနာရှိလို့ ထောင်ထဲဝင်ခဲ့တဲ့သူတွေ၊ နယ်စွန်နယ်ဖျားကို အပို့ခံရတဲ့လူတွေ၊ ဒီလူတွေ ကြုံတွေ့ခဲ့ရတဲ့ဒုက္ခ၊ သူတို့ရဲ့ မိသားစုတွေ ရင်ဆိုင်ခဲ့ရတဲ့ ဆင်းရဲနဲ့စာလို့ရှိရင် ကျနော်တို့က အခြေအနေ တွေ အများကြီးတော်ပါသေးတယ်။
နောက်တချက်က ကိုယ့်ကိုယ်ကို အပြစ်တခုကြောင့် အရေးယူခံရတယ်၊ ကိုယ်ဟာ ရာဇဝတ်မှုတခုကို ပြုလုပ်ခဲ့တယ်၊ အမှားကိုလုပ်ခဲ့တယ်ဆိုပြီး ထောင်ထဲမှာ နေရင်တော့ စိတ်က သိမ်ငယ်မှု ရှိရင်ရှိမှာပေါ့။ အခု ကျနော်တို့က ပြစ်မှု တစုံတရာ ကျူးလွန်ခဲ့ခြင်းမရှိဘဲနဲ့ လုပ်ကြံတဲ့ အမှုတခုနဲ့ ထောင်ထဲကို ရောက်နေတယ်ဆိုတဲ့စိတ်၊ ကိုယ့်လိပ်ပြာကိုသန့်နေတဲ့စိတ်ဓာတ်ကိုက ကျနော်တို့ရဲ့ စိတ်ဓာတ်ခွန်အားတခု ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ထောင်ထဲမှာ ၁၂ နှစ် နေခဲ့ရတဲ့အကြောင်းအရာကြောင့် ဘဝရဲ့ ကြီးမားတဲ့ အချိန်တွေ ကုန်ခန်းသွားတာလွဲလို့ တခြား ကျနော့်မှာ တကယ်နာကျည်းမှုဖြစ်စရာ ဒဏ်ရာတခုမှ ကျန်ခဲ့တာ မရှိဘူးလို့ပဲ ပြောချင်ပါတယ်။
မေး။ ။ ဒါပေမယ့် တဖက်ကနေ စွပ်စွဲတာက နိုင်ငံတော်အာဏာသိမ်းမယ်ဆိုတဲ့ အခြေအနေတခု ထိတောင် လုပ်ခဲ့တယ်။ စစ်အဝတ်အစားတွေရော တခြားဆက်သွယ်ရေး ပစ္စည်းတွေကအစ နောက်ဆုံး ဗေဒင်ဆရာအထိပါ သူတို့သီအိုရီကို တည်ဆောက်ပြတာပေါ့။ စောင့်ကြည့်သူတွေက နိုင်ငံရေးဘက်မှာ အကျဘက်ကိုရောက်လာတဲ့ ဦးနေဝင်းနဲ့ အတက်ဘက်ကိုရောက်လာတဲ့ ဦးသန်းရွှေ အဲ့ဒီ မိသားစု နှစ်စုကြားရဲ့ လွန်ဆွဲမှုလို့ ပြောကြတဲ့အပေါ်မှာ သဘောတူပါသလား။
ဖြေ။ ။ လူဆိုတာက မှန်တဲ့သီအိုရီ ရှိသလို၊ မှားတဲ့ သီအိုရီလည်းရှိတယ်လေ။ အားလုံးသိတဲ့အတိုင်းပဲ ကျနော်တို့ မိသားစု အထူးသဖြင့် ကျနော်တို့အဘိုးဟာဆိုရင် ၁၉၈၁ ခုနှစ်ကတည်းက နိုင်ငံတော် သမ္မတ ရာထူးကို သူ့သဘောနဲ့ သူ စွန့်လွတ်ခဲ့ပါတယ်။ စွန့်လွတ်ဖို့ လုပ်တဲ့ အချိန်ကတည်းက နိုင်ငံရေးကို လုံးဝအနားယူဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အပေါ်မှာ ဒီလိုမလုပ်ဖို့ ဝိုင်းပြီး တားတဲ့သူတွေရှိလို့ နောက်ထပ် ၈ နှစ်လောက်ဆက်ပြီး ပါတီဦးဆောင်မှုအပိုင်းတွေကို လုပ်ခဲ့တာပါ။
၁၉၈၈ ခုနှစ် ဇူလိုင်လမှာ ကျန်းမာရေးအနေအထားအရဆိုရင်လည်း သန်စွမ်းနေတဲ့ အနေအထားရှိတယ်။ နောက်ပြီးတော့ နိုင်ငံရေးအနေအထားမှာဆိုရင်လည်း သူ့ကို ဘယ်သူ့မှ တုပြိုင်လို့မရအောင်အနေအထားရှိနေတဲ့ အချိန်မှာပဲ တိုင်းပြည်ရဲ့ လိုအပ်တဲ့စနစ်ဖြစ်တဲ့ တပါတီစနစ်ကိုသွားမလား၊ ပါတီစုံစနစ်ကိုသွားမလားဆိုတဲ့ လမ်းကြောင်းကိုဖွင့်ပေးတယ်။
အဲ့လိုဖွင့်ပေးတဲ့ဲ့အချိန်မှာပဲ သူရဲ့ အရိပ်အာဝါသအောက်မှာ ဆက်လုပ်နေမယ် ဆိုလို့ရှိရင် သူရဲ့ အရိပ်က လွှမ်းမိုးနေမယ်ဆိုလို့ရှိရင်၊ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့သူတွေအတွက် တနည်းတဖုံ မလုပ်ရဲမကိုင်ရဲဖြစ်နေမှာဆိုးတဲ့အတွက် သူကိုယ်တိုင်ကကို နိုင်ငံရေးကနေအနေယူပြီး နုတ်ထွက်တော့မယ်ဆိုပြီး ဇူလိုင်လမှာ နုတ်ထွက်ခဲ့ပါတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ နိုင်ငံတော်တာဝန်ကို ဆက်လက်ထမ်းဆောင်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ ကြားထဲမှာ တဖက်နဲ့တဖက် ပဋိပက္ခဖြစ်စရာ အာဏာလွန်ဆွဲစရာအကြောင်း လုံးဝမရှိတော့ဘူးဆိုတာတော့ ကျနော်ပြောချင်ပါတယ်။
ဒါပေမယ့် အပြောင်းအလဲကို မြန်မြန်ထက်ထက် ဖြစ်စေချင်တယ်။ တိုင်းပြည်နဲ့လူမျိုး အကျိုးရှိတဲ့ အနေအထားမျိုးကို ဖြစ်ပွားစေချင်တယ် ဆိုတဲ့ဟာက အတိုက်အခံ အင်အားစုတွေ၊ နိုင်ငံခြားရောက်နေတဲ့သူတွေ၊ တခြားတောတွင်းအဖွဲ့အစည်းတွေမှာ ရှိသလို တပ်မတော်ထဲမှာရော အစိုးရအဖွဲ့ထဲမှာရော ရှိပါတယ်။ ရှိတယ်ဆိုပေမယ့် အဲ့ဒီအချိန် အဲ့ဒီအခါမျိုးမှာ လွတ်လွတ်လပ်လပ် ပြောခွင့်ဆိုခွင့်မရှိတဲ့အတွက် ဒီအသံမျိုးတွေက ကျနော်တို့နားထဲမှာတော့ လာကြားနေရတာတော့ ရှိပါတယ်။
ကျနော်တို့ မိသားစုရဲ့ အယူအဆအရ ဒီအပြောင်းအလဲကို လိုလားတဲ့ အင်အားစု၊ တပ်မတော် အစိုးရထဲမှာ စေတနာမှန်ကန်တဲ့ပုဂ္ဂိုလ်တွေ၊ အတိုက်အခံအင်အားစုတွေနဲ့ ပူးပေါင်းပါဝင်ပြီးတော့ တခုခု အပြောင်းအလဲကို လုပ်လိုက်မယ်ဆိုလို့ရှိရင် တိုင်းပြည်ရဲ့ အခြေအနေဟာ အများကြီးကောင်းသွားမယ်လို့ ယုံကြည်မှုတော့ ရှိပါတယ်။ အဲ့လိုမျိုးအပြောင်းအလဲဖြစ်အောင်ပဲ ကိုယ်ကိုယ်တိုင် ရာထူးနေရာကို ဝင်ယူဖို့ စိတ်ဆန္ဒမရှိသော်လည်း တတ်နိုင်တဲ့ဘက်က ကိုယ်မိသားစုရဲ့ အစဉ်အလာနဲ့ အရှိန်အဝါကို သုံးပြီးတော့ ကူညီ မယ်လို့ စိတ်ဆန္ဒလည်း ရှိခဲ့ပါတယ်။
တဖက်ကပြန်ကြည့်တော့ ဒီလိုအပြောင်းအလဲမျိုးကို မလိုလား၍သော်လည်းကောင်း၊ ဒါမှမဟုတ် ကျနော်တို့ လိုလားသော အပြောင်းအလဲကို သူတို့ဘက်က ဖြစ်စေချင်တဲ့ အပြောင်းအလဲမျိုးနဲ့ ထပ်တူထပ်မျှ မရှိ၍သော်လည်း၊ မကျေနပ်တဲ့ အနေအထားတွေလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ အဲ့လိုရှိတဲ့အခါကျရင်တော့ သူတို့က ကျနော်တို့ လုပ်တဲ့လုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည် မဖော်စေချင်တဲ့အတွက် ကျနော်တို့ ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်တာမျိုးပဲ ကြုံတွေ့ရတယ်လို့ ကျနော်ပြောချင်ပါတယ်။
မေး။ ။ တပ်မတော်အသိုင်းအဝိုင်းထဲမှာ ပြုပြင်ပြောင်းလဲရေးကို ဝိုင်းဝန်းကူညီချင်တယ်ဆိုတာ ဦးခင်ညွန့်ကို ရည်ညွှန်းထားတာလား။ အမှုကိစ္စမှာ အဲဒီအချိန်က တိုင်းမှူး ဗိုလ်ချုပ်အေးကြွေ၊ လေတပ်က ဗိုလ်ချုပ်မြင့်ဆွေတို့ ပါဝင်ပတ်သက်နေတယ်ဆိုတာကရော ဘယ်လောက်အထိ မှန်လဲ။
ဖြေ။ ။ ဒါက ရာဇသတ်ကြီးထဲမှာ အကြီးဆုံးဖြစ်တဲ့ နိုင်ငံတော်သစ္စာဖောက်တဲ့ ပုန်ကန်မှုနဲ့ ကျနော်တို့ တရားစွဲခံရတယ်၊ ကျနော်တို့ သေဒဏ်လည်း ပေးခံရတယ်။ ဒီအမှုကြီးမှာ ဒီလူတွေ ပါလား၊ မပါ လားဆိုတဲ့မေးခွန်းကို ဖြေဖို့ ကျနော့်မှာ ဝန်လေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖမ်းခံခဲ့ရပြီးပြီ၊ သေဒဏ် လည်း ကျခံရပြီးပြီ၊ အဲ့ဒီသေဒဏ်ကလည်း ပြန်လွတ်ခံခဲ့ရပြီးပြီ။ ဒါပေမယ့် တခြားသူတွေကို ဘယ်အတိုင်း အတာထိ ဘယ်သူတွေကပါခဲ့သလဲဆိုတာပြောရင် သူတို့ရဲ့ လုံခြုံရေးက အများကြီး ထိခိုက်လာနိုင်စရာ အကြောင်းရှိပါတယ်။
အဲဒါကြောင့်မို့လို့ ကျနော် အကောင်းဆုံး အဖြေပေးရရင် အဲ့ဒီအချိန် အဲ့ဒီအခါတုန်းက ကျနော်တို့နဲ့ ပတ်သက်ပြီး အပြစ်ပေးခံရတဲ့သူများသည် ကျနော်တို့ မိသားစုနဲ့ ရင်းနှီးတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အဲ့ဒီလူတွေအပြင် တခြားလည်း တပ်မတော်တွင်းမှာ အပြောင်းအလဲကို လိုလားတယ်၊ နိုင်ငံတွင်းမှာ ကောင်းမွန်တဲ့အနေအထားကို တပ်မတော်က ဦးဆောင်ပြီးတော့ အများပြည်သူက လက်ခံအောင် လုပ်နိုင် ကိုင်နိုင်ဖို့ အနေအထားလည်း ရှိတယ်၊ စေတနာလည်း ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။
ထိုသူတွေဟာ တချို့ဆိုရင် စစ်ဘက်၊ နယ်ဘက်၊ နိုင်ငံရေးဘက်မှာရော ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကောင်းရှိနေနိုင်သေးတဲ့အတွက် အဲ့ဒီမေးခွန်းကို ကျနော် ဘယ်သူဘယ်ဝါဆိုတာ အသေးစိတ်မဖြေပါရစေနဲ့လို့ပဲ ပြောချင်ပါတယ်။
မေး။ ။ ကြားဖူးတာ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ယာဉ်တန်းကို ဆိုင်ကယ်နဲ့ လိုက်နှောင့်ယှက်လို့ ဆိုပြီးတော့ ရန်ကုန်မှာ ဆိုင်ကယ်တွေ ပေးမစီးဘူး ကျနော်တို့ အဲ့လိုမျိုး သိထားတာပေါ့၊ အဲ့ဒီဇာတ်လမ်းကရော မှန်သလား။
ဖြေ။ ။ ကျနော်တို့ ညီအစ်ကို သုံးယောက်စလုံး ဆိုင်ကယ်ပိုင်လည်း မရှိပါဘူး၊ ဆိုင်ကယ်လည်း မစီးဖူးပါဘူး။ နောက်တချက်က ဆိုင်ကယ်နဲ့ သော်လည်းကောင်း၊ တခြားသော ယာဉ်ရထားနဲ့သော်လည်းကောင်း၊ နိုင်ငံအကြီးအကဲထဲက ဘယ်ပုဂ္ဂိုလ်ရဲ့ ယာဉ်တန်းနဲ့မှ ငြိခဲ့တယ်ဆိုတာ မရှိခဲ့ပါဘူး။ ဒါတွေအကုန်လုံးက ကောလဟာလပဲဖြစ်ပါတယ်။ အဲဒါကျနော် ရှင်းချင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ပတ်သက်လို့ပြောရရင် ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ကျနော်တို့နဲ့ မိသားစုချင်း ဘာမှပြဿနာမရှိတဲ့အပြင် အင်မတန် ချစ်ခင်လေးစားတဲ့ ဦးလေးတယောက်လည်း ဖြစ်ပါတယ်။ ဘယ်လောက်ထိတောင် ကျနော်တို့နဲ့ ချစ်ခင်လည်းဆိုတော့ အရင်သူ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ သူတို့အိမ်မှာ ထမင်းစားတယ်ဆိုလို့ရှိရင် သူ့အမျိုးသမီး အန်တီစန်းကိုယ်တိုင်ကိုယ်က ကျနော်တို့ကို စားစရာသောက်စရာဆိုရင် အရိုးကို နွှင်ပေးတာကအစ စားပွဲထိုးတာကအစ လုပ်ပြီးတော့ မိသားစုလိုမျိုး ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနေခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။
မေး။ ။ အဲဒီကာလက စကော်ပီယမ်ဂိုဏ်းဆိုတာ ကိုအေးနေဝင်းတို့ ညီအစ်ကိုသုံးယောက် ဦးဆောင်တယ်ဆို။
ဖြေ။ ။ ကျနော့်မှာပြောရရင် ပြောစရာလည်းမရှိပါဘူး။ ဘာလို့မရှိလဲဆိုတော့ ပထမတချက် စကော်ပီယမ်ဂိုဏ်း ဆိုတာက ဒါဟာ လေထဲကဂိုဏ်း တခုပဲ ဖြစ်ပါတယ်။ အဲ့ဒီဂိုဏ်းက ဘယ်သူတွေပါဝင်ပြီး၊ ဘာတွေလှုပ်ရှားခဲ့လည်းဆိုတာကိုပဲ ကျနော်တို့မှာက ပုံပြင်ဒဏ္ဍာရီတခုအနေနဲ့ ကြားဖူးတာပါ။ သူတို့တွေ ဘယ်ဂိုဏ်းဖွဲ့ပြီးတော့ ဘယ်နေရာမှာ ဘယ်လိုတွေလုပ်ခဲ့လဲ၊ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိခဲ့လဲဆိုတာတော့ ကျနော်တို့ အကောင်အထည်အနေနဲ့လည်း မမြင်ဖူးပါဘူး။ မမြင်ဖူးသလို အဲ့ဒီဂိုဏ်းနဲ့လည်း ကျနော်တို့ ကိုယ်တိုင် ပတ်သက်ခဲ့တာလည်း မရှိပါဘူး။
အကယ်၍ ဂိုဏ်းရှိခဲ့တယ် ဆိုရင်တောင်မှ အဲဒီဂိုဏ်းထဲမှာ ပါဝင်တယ်လို့ နာမည်ထွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်ကိုလည်း မေးကြည့်လို့ရပါတယ်၊ သူတို့တွေနဲ့ ကျနော်တို့နဲ့ ပူးပေါင်းပါဝင်ပြီးတော့ လုပ်ကိုင်ခဲ့တယ်ဆိုတာလည်း လုံးဝမရှိပါဘူး။ ဒါဟာ အဲ့လောက်ကြီးအထိ ဘာလို့ သတင်းကြီးသွားတာလဲဆိုတာကို ကျနော် သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင် ကျနော် ၂၀၀၂ ခုနှစ် မတ်လမှာ ကျနော်တို့ ညီအစ်ကို သုံးယောက်စလုံး အရေးယူခဲ့ပါတယ်။ ဒီလိုလူသိများတဲ့ မိသားစု တစုကို အရေးယူဖို့ဆိုလို့ရှိရင် အများပြည်သူရဲ့ စိတ်ထဲမှာ ကျနော်တို့ကို ဖမ်းလိုက်တဲ့သူဟာ ဒါဟာ တရားသောကိစ္စ၊ မှန်ကန်သောအရေးယူမှု ကိစ္စတခုကို လုပ်လိုက်တယ်ဆိုတဲ့ အမြင်ရှိဖို့အတွက် ဒါဟာကြိုတင်ပြီးတော့ အများပြည်သူအကြားမှာ သံသယဖြစ်အောင်၊ ဝါဒဖြန့်ထားတာ တခုလို့ပဲ ကျနော်ပြောချင်ပါတယ်။
မေး။ ။ ဒေါ်စန္ဒာဝင်းက ကိုအေးနေဝင်းအဘိုး ဦးနေဝင်းရဲ့ အချစ်ဆုံးသမီး၊ နောက် တိုင်တိုင်ပင်ပင် အမြဲတမ်းရှိတယ်ဆိုတာ ကြားဖူးတဲ့အခါကျတော့ ၈၈ အာဏာသိမ်းတဲ့ ကိစ္စမှာ ခြေရာလက်ရာ မကင်းဘူးလို့ ပြောကြပါတယ်၊ အဲဒါကရော ဟုတ်လား။
ဖြေ။ ။ အဲ့ဒါ စွပ်စွဲချက်တခုလို့ ကျနော်မပြောချင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ကိုယ်နှိုက်ရဲ့ အမြင်ပြောရရင် ၈၈ အာဏာသိမ်းမှုက မှန်ကန်တဲ့လုပ်ရပ်လို့ ကျနော်မြင်တယ်။ ဒါကတချက်၊ နံပါတ် ၂ တချက်က ကျနော်တို့ မိသားစုမှာ တကယ်တမ်း တာဝန်ယူပြီးတော့ ထမ်းဆောင်နေရတဲ့သူက အဘိုး၊ အဘိုးရဲ့ အရှိန်အဝါ သုံးပြီးတော့ သြဇာအာဏာသုံးတာမျိုး၊ မလျော်ကန်တဲ့ အခွင့်အရေးယူတာမျိုးကို ကျနော်တို့ကို လုံး၀ ပိတ်ပင်တားဆီးထားတယ်။ ငယ်ငယ်ကတည်းက အဲ့လိုဖြစ်တဲ့အတွက် ကျနော်တို့အမေဟာ အဘိုးရဲ့ အရှိန်အဝါသုံးပြီးတော့ တခြားအောက်လက်ငယ်သားတွေကို အမိန့်ပေးတယ်၊ သြဇာပေးတယ်ဆိုတာ လုံးဝမရှိ ခဲ့တာအမှန်ပဲ။
သို့သော် အကိုပြောတဲ့အတိုင်း အချစ်ဆုံးသမီးတယောက်ဖြစ်တယ်၊ တိုင်ပင်ဖော် တိုင်ပင်ဖက် တယောက်ဖြစ်တဲ့အတွက် အဘိုးအပေါ်မှာ အမေရဲ့ အတွေးအခေါ်တွေ များစွာ လွှမ်းမိုးခဲ့တာကတော့ အမှန်ပဲဖြစ်ပါတယ်။ နောက်တခုက ၈၈ အာဏာသိမ်းတယ်ဆိုတဲ့ ကိစ္စမှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ရှင်းလင်းချက်ထဲမှာလည်း ပါပါတယ်။ ဒါက တပ်မတော်ကိုယ်တိုင်က မလုပ်မဖြစ် လုပ်ရတော့မယ်ဆိုတာကို အဲဒီအချိန်တုန်းက ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စောမောင် ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ရဲ့ ဆုံးဖြတ်ချက်ပဲ။ အဲ့ဒီ ဆုံးဖြတ်ချက်ကို လာပြီးတော့ ကျနော်တို့အဘိုးဆီ တင်ပြခဲ့တယ် ဆိုတာလည်း မှန်ပါတယ်။ အဲ့လို တင်ပြခဲ့တာနဲ့ပတ်သက်ပြီး အဖိုးက အုပ်ချုပ်နေတဲ့ သမ္မတကြီး ဒေါက်တာမောင်မောင်နဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ခေါ်ယူပြီး နှစ်ဘက်ညှိနှိုင်းပြီးတော့ အလွှဲအပြောင်း လုပ်တဲ့အခါမှာ ညင်ညင်သာသာနဲ့ စည်း စနစ်ဖြစ်အောင် ညွှန်ကြားပေးခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။
မေး။ ။ ကိုအေးနေဝင်းတို့ မလွတ်ခင်တုန်းက ဒေါ်စန္ဒာဝင်းတို့ဆီကို ဒေါ်အောင်ဆန်းစုကြည်က လူလွှတ်ပြီးတော့ စိတ်မကောင်းဖြစ်တဲ့အကြောင်း ပြောခဲ့တာကို ကြားဖူးတယ်။ ဒေါ်စန္ဒာဝင်းနဲ့ ကိုအေးနေဝင်းတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အစီအစဉ် ရှိလား။ ကမ်းလှမ်းတာတွေရော ရှိလား။
ဖြေ။ ။ အဲ့ဒါနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုလို့ရှိရင် အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ အလုပ်အများဆုံး ပုဂ္ဂိုလ်တဦးဖြစ်နေပါတယ်။ အဲတော့ တဖက်ကပြန်ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ မိသားစု သံယောဇဉ်က ဟို ရဲဘော်သုံးကျိပ်ခေတ်ထဲက တယောက်နဲ့တယောက် ရှိနေတာအမှန်ပါပဲ။ ကျနော်တို့ အချင်းချင်းသည် မျက်နှာချင်းမဆိုင်လောက်ရအောင်၊ မတွေ့ရလောက်အောင် ဘာမှပြဿနာဖြစ်တာ မရှိတဲ့အတွက် တွေ့ဖို့ကိစ္စကို ကျနော်တို့ဘက်က ကြုံကြိုက်လာရင် ဘာမှဆန့်ကျင်စရာ၊ ငြင်းဆန်စရာအကြောင်းမရှိသလို တဖက်ကလည်း အင်မတန်ကြီးမားတဲ့ တာဝန်တွေကိုထမ်းဆောင်နေရတဲ့ တိုင်းပြည်မှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တဲ့အတွက် ကိုယ့်အတွက်နဲ့ မကုန်သင့်တဲ့ အချိန်တွေမကုန်ရအောင် တကူးတက သွားရောက် ပြီးတော့ အချိန်ဖဲ့ဖို့လည်း ကျနော်တို့ဘက်က တောင်းဆိုစရာအကြောင်းမရှိပါဘူး။
မေး။ ။ တလျှောက်လုံး ရန်ဘက်လိုဖြစ်လာတဲ့ ဒီမိုကရေစီလှုပ်ရှားတဲ့သူတွေက ကိုအေးနေဝင်းတို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် စာရင်းသွင်းလိုက်ပြီး လွတ်ပေးဖို့တောင်းဆိုတဲ့အခါမှာ ဘယ်လိုခံစားမိလဲ။
ဖြေ။ ။ ဘာသာရေးအရ ပြောရရင် ပဋိကတ်တော်မှာလာတဲ့ မှန်ကန်စွာ နှလုံးသွင်းမှုပေါ့၊ အဲ့ဒီ မှန်ကန်စွာ နှလုံးသွင်းမှုလေးနဲ့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် အားလုံးဟာ ဗြဟ္မစိုရ်တရားနဲ့ တယောက်နဲ့တယောက် မေတ္တာထားပြီးတော့ ရှုမြင်နိုင်တဲ့ အနေအထားလို့ပဲ ပြောချင်ပါတယ်။ ဟုတ်တယ်၊ တချို့ကပြောကြတယ် သီအိုရီအရ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားတဲ့ သူတွေနဲ့ ကျနော်တို့နဲ့က ဆန့်ကျင်ဘက်ပုံမျိုး ပြောကြတယ်။ ဒါပေမယ့် ကျနော်ကိုယ်နှိုက် ပုဂ္ဂိုလ်ရေး ပုံစံမျိုးပြောရရင် ကျနော်တို့က အဲ့ဒီပုဂ္ဂိုလ်တွေကို ရန်ဘက်လို့ လုံး၀ နှလုံးမသွင်းထားပါဘူး။
ဟုတ်တယ်၊ တချိန်တခါတုန်းက သူတို့ပြောခဲ့တာက ကျနော်တို့ မိသားစုအပေါ် ဆန့်ကျင်တဲ့သဘောမျိုး ပါကောင်းပါနိုင်လိမ့်မယ်။ ဒါပေမယ့် ဒါက တဦးတယောက်ချင်းရဲ့ အယူအဆ၊ ဒါမှမဟုတ်လည်း ဒါဟာ မေ့ပျောက်လို့ ရတဲ့ အနေအထားဖြစ်တယ်။ အားလုံး တတိုင်းပြည်လုံး အနေအထားနဲ့ ခြုံကြည့်မယ်ဆိုလို့ရှိရင် ၁၉၈၈ ခုနှစ် ဇူလိုင်လ မတိုင်ခင်တုန်းက ဆိုရှယ်လစ်စနစ်ကြီးကို ဖျက်သိမ်းပြီးတော့ ပါတီစုံစနစ်ကို ပြန်သွားရမယ်ဆိုတဲ့ အယူအဆမျိုး အတွေးအခေါ်မျိုးကို ဘယ်သူကမှ ရှေ့တန်းမတင်ခဲ့ဘူး။ မတင်တဲ့အပြင် ၁၉၈၅ ခုနှစ်လောက်က ဒီပါတီစုံစနစ်ကိုသွားမယ်ဆိုပြီးတော့ တောတွင်း အင်အားကြီး လက်နက်ကိုင်အဖွဲ့အစည်း ကိုယ်တိုင်ကိုယ်က ချပြတာကိုမှ ပြည်သူလူထုက စိတ်မဝင်စားခဲ့ဘူး။ ဆိုလိုတဲ့ သဘောက ၁၉၈၈ ခုနှစ် ဇူလိုင်လမှာ ကျနော်တို့အဖိုး ပါတီညီလာခံမှာ ပါတီစုံစနစ်နဲ့ တပါတီစနစ် ဘယ်စနစ်ကို ရွေးမယ်ဆိုတဲ့ဟာက ပြည်သူလူထုရဲ့ အတွေးအခေါ်ကို တပ်လှန့်လိုက်သလို ဖြစ်သွားတယ်။
အဲဒီတော့ နောက်ပိုင်းမှာ ဆန့်ကျင်တယ်လို့ တချို့ယူဆသူတွေက တံဆိပ်တပ်လိုက်ပေမယ့် ကျနော့်အမြင်ကတော့ ကျနော်တို့မိသားစုကလည်း အပြောင်းအလဲလုပ်တဲ့နေရာမှာ အခြေခံအုတ်မြစ်ကနေ လှန်ပြီးတော့ အပြောင်းအလဲလုပ်ဖို့ ဆန္ဒရှိသလို အဲ့ဒီအချိန် အဲ့ဒီအခါမှာ နောက်ပိုင်းမှာရော ဒီမိုကရေစီ လှုပ်ရှားဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ သူတွေကလည်းပဲ ဒီ ပါတီစုံစနစ်ကိုသွားဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းပြီး လုပ်ခဲ့တာဖြစ်တဲ့ အတွက် ကျနော်တို့နဲ့ သဘောထားရည်ရွယ်ချက်ချင်း ဆန့်ကျင်နေတယ်လို့တော့ မမြင်ပါဘူးလို့ ဒီတချက်ကို ကျနော်ပြောချင်ပါတယ်။
အဲ့ဒီအချိန်အခါတုန်းက အစိုးရဆန့်ကျင်ရေး လုပ်ခဲ့တဲ့သူတွေအကုန်လုံးကို ကျနော်တို့က ပုဂ္ဂိုလ်ရေးအရ အာဃာသ ထားစရာ မရှိပါဘူး။ ကျနော်တို့ မိသားစုကို ဆန့်ကျင်ခဲ့တဲ့သူတွေ၊ ကျနော်တို့မိသားစု အကျိုးစီးပွားကို ပျက်စီးရာ ပျက်စီးကြောင်း အားထုတ်ခဲ့တဲ့ သူတွေလို့ မမြင်ပါဘူး။ တိုင်းပြည်ကောင်းရာကောင်းကျိုးကို အားလုံး လုပ်ခဲ့တဲ့နေရာမှာ အချိန်အခါရယ် အနေအထားရယ် တိုင်းပြည်ရဲ့ ကံကြမ္မာအပေါ် မူတည်ပြီးတော့ ကံမကောင်း အကြောင်းမလှစွာ မပေါင်းစည်းနိုင်ခဲ့တဲ့ အနေအထားတခုလောက်သာ ရှိပါတယ်။
မေး။ ။ ဦးနေဝင်း သူမထွက်ခင် စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးလို့ ပြောပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်က ပစ်တာခတ်တာတွေ လုပ်ခဲ့တဲ့အခါကျတော့ သွေးမြေကျခဲ့ရတယ်။ အဘိုးမြေးတယောက်အနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကာလမှာ အဘိုးရဲ့ကိုယ်စား ဘာထပ်ပြောချင်သေးလဲ။
ဖြေ။ ။ အဲ့ဒီစကားနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုလို့ရှိရင် ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ပြောသင့် ပြောထိုက်တဲ့ စကားကိုပြောခဲ့တယ်လို့ပဲ ကျနော်ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ စကားပြောခဲ့တာဟာ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့မှာပါ။ အဲ့ဒီ ၂၃ ရက်နေ့မတိုင်ခင် ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ၂၁၊ ၂၂ လောက်မှာ ရန်ကုန်မြို့နဲ့ ပြည်မြို့မှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ အဲ့ဒီမြို့နှစ်မြို့ကို ကွက်ပြီးတော့ စစ်အုပ်ချုပ်ရေးကြေငြာလိုက်ရပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ လုပ်တဲ့ လုပ်ရိုးလုပ်စဉ်တခုပါပဲ။
မြို့ပြအုပ်ချုပ်ရေးက မနိုင်နှင်းတော့တဲ့အချိန်မှာ စစ်ဘက်အုပ်ချုပ် ရေးက ဝင်ပြီးတော့ ထိန်းသိမ်းရတဲ့ Aid to civil power ဆိုတာ့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ Manual ရှိပြီးသားပါ။ အဲ့လိုလုပ်တဲ့အခါမှာ စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့အချိန်နဲ့ စစ်အုပ်ချုပ်ရေး မကြေငြာထားတဲ့အချိန်မှာ သုံးရမယ့် အဓိကရုဏ်းလက်စွဲ ပုံစံတွေက အများကြီး ပြောင်းလဲသွားပါတယ်။ လုံထိန်းတွေဆိုတာက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ အစိတ်အပိုင်းတခု၊ ရိုက်တာ နှက်တာတွေ ဖြေရှင်းတာတွေရှိမယ်။ စစ်အုပ်ချုပ်ရေး ကြေငြာလိုက်ရင် စစ်တပ်က ဝင်ပြီးတော့နှိမ်နင်းတဲ့ အခါကျတော့ ပုံစံတွေက ပြောင်းသွားမယ်။
ဆိုတော့ ပထမ လုံထိန်းနဲ့ ပြည်ထဲရေးက နှိမ်နင်းတဲ့ ပုံစံတွေကို မြင်ဖူးတဲ့လူတွေက ပြည်သူလူထုတွေမှာ စစ်အုပ်ချုပ်ရေးကြေငြာလိုက်ရင် ဒီပုံစံအတိုင်းပဲ ဆက်သွားမှာပဲဆိုတာမျိုးပဲ ထင်နေရင် အများကြီး အသေအပျောက် များလာစရာအကြောင်း ရှိပါတယ်။ အဲ့ဒီအတွက် စစ်အုပ်ချုပ်ရေး ကြေငြာတဲ့အခါမှာ သုံးရမယ့် လက်စွဲ ဥပဒေတွေထဲမှာက စစ်တပ်တွေသည် မြို့ပေါ်ဝင်ပစ်တဲ့အခါမှာ မိုးပေါ်ထောင်မပစ်ရဘူး၊ ပစ်ရင် တိုက်ပေါ်တွေက လူတွေ တခြား ဈေးတွေ၊ ကျောင်းထဲ၊ ဆေးရုံက လူတွေ ထိမှာစိုးလို့ မိုးပေါ်ထောင် မပစ်ရဘူးဆိုတာ ကျနော်တို့နိုင်ငံမှာ နောက်ဆုံး ၁၉၄၀ ပြည့်နှစ်မှာ ပြင်ထားတဲ့ အဓိကရုဏ်းလက်စွဲ ဥပဒေထဲမှာ ပါထားပါတယ်။ သဘောကတော့ စစ်အုပ်ချုပ်ရေးကြေငြာလိုက်တယ်ဆိုတဲ့ သဘောသဘာဝကို မသိလိုက်လို့ အသေအပျောက်မများအောင် ဒါက နိုင်ငံခေါင်းဆောင် တယောက်အနေနဲ့ သတိပေးခဲ့တဲ့စကားကို ပြောခဲ့တယ်လို့ပဲ ကျနော်တင်ပြချင်ပါတယ်။