ဦးနေဝင်းလည်း မရှိတော့တဲ့အပြင် အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး တင်ဦးကလည်း ၂၀ဝ၁ ခုနှစ်ထဲမှာ ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်သွားပြီးတဲ့နောက် စစ်အစိုးရ ခေါင်းဆောင်တွေထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပခုံးချင်း ယှဉ်နိုင်တဲ့သူဆိုလို့ ဒုဗိုလ်ချုပ်ကြီး ခင်ညွန့်တယောက်ပဲ ကျန်တော့တယ်။
စစ်ထောက်လှမ်းရေးရဲ့ ပြည်သူ့ဆက်ဆံရေး အဖွဲ့တွေကလည်း သူတို့ရဲ့အကြီးအကဲကို အလယ်အလတ် သဘောထားရှိသူ၊ နိုင်ငံတကာ ရေးရာတွေမှာလည်း သူ့လောက် ပညာသင်ကြားခွင့် မရခဲ့သလို နိုင်ငံခြား ခရီးစဉ်တွေလည်း အများကြီး မသွားခဲ့ဖူးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး မောင်အေး တို့ထက်ပိုပြီး တာဝန်ရှိသူအဖြစ် ပုံဖော်ပေးခဲ့ကြတယ်။
နောက်ထပ် ဆိုးတာတခုက စစ်တပ်နဲ့ ထောက်လှမ်းရေးရဲ့ကြားက တင်းမာမှုကလည်း ညှိနှိုင်းစေ့စပ်လို့ မရနိုင်တဲ့ အခြေအနေကို ရောက်နေပြီ။ တိုက်ခိုက်ရေး တပ်မှူးတွေနဲ့ တိုင်းမှူးတွေ အားလုံးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီး မောင်အေးတို့ဘက်မှာ ရပ်တည်ကြပါတယ်။ စစ်တပ်ထဲမှာရှိသူ အားလုံးဟာ ထောက်လှမ်းရေးအဖွဲ့ ဖယ်ရှားခံလိုက်ရတာနဲ့ ရှန်ပိန်ပုလင်းဖောက်ပြီး အောင်ပွဲခံရမယ့် အချိန်ကို စောင့်မျှော်နေကြပါတယ်။
အမှန်ကတော့ ဒုဗိုလ်ချုပ်ကြီး ခင်ညွန့်မှာပဲ ထိပ်တန်းတပ်မှူးကြီးတွေရဲ့ ရန်သူလို သဘောထားခံရတဲ့ အန္တရာယ်ရှိနေတာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဇနီးဖြစ်တဲ့ ဒေါ်ကြိုင်ကြိုင်ကလည်း ဒုဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ ဇနီးဖြစ်တဲ့ ဒေါ်ခင်ဝင်းရွှေ အပေါ် မုန်းတီးစက်ဆုပ်မှုကို ဘယ်တုန်းကမှ ဖုံးကွယ်မထားခဲ့ပါဘူး။ ဆရာဝန် တယောက်လည်းဖြစ်တဲ့ ဒေါ်ခင်ဝင်းရွှေဟာ လူမှုရေးအဖွဲ့အစည်း တော်တော်များများရဲ့ ဥက္ကဋ္ဌအဖြစ်နဲ့ အခမ်းအနားတွေ အမြောက်အမြား တက်ရောက်နေရတဲ့သူပါ။
ဒုဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ ဒေါ်ခင်ဝင်းရွှေ တို့ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ လင်မယားကို အနှစ်မရှိသူတွေ၊ ငြီးငွေ့ဖွယ်ကောင်းပြီး ပညာမတတ်တဲ့ သူတွေလို့ မြင်ကြတယ်။ ဝန်တိုတတ်တဲ့ ဒေါ်ကြိုင်ကြိုင်ကလည်း ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ လင်မယားနဲ့ ပတ်သက်တဲ့ အတင်းအဖျင်းတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို ပို့ပေးပြီး ဒေါသတကြီး တိုက်ခိုက်တယ်။ ဒေါ်ခင်ဝင်းရွှေကို တိုက်ခိုက်ဖို့အတွက် လောကီပညာ အောက်လမ်းနည်းတွေကိုတောင် သုံးစွဲခဲ့တယ်လို့ ကောလာဟလတွေ ထွက်ခဲ့တယ်။
၂၀ဝ၃ ခုနှစ်၊ မေလ၊ ဒီပဲယင်း အရေးအခင်း ဖြစ်ပွားခဲ့ပြီး မကြာမီမှာပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တဲ့အခါ သူကျရှုံးတော့မယ်၊ သူ့ကိုယ်သူ ကာကွယ်ဖို့တောင်မှ အင်အားမရှိတော့ဘူးဆိုတာ ထင်ရှားလာပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဗိုလ်ချုပ် မှူးကြီး သန်းရွှေက မလွဲမသွေ ဖယ်ရှားပါတော့မယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ လူယုံတယောက်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်က သူ့ရဲ့ ဝန်ကြီးချုပ်ဟာ အန္တရာယ်ထဲမှာ ရောက်နေပြီး တိုင်းပြည်ကနေ ထွက်ပြေးဖို့ လိုနေပြီလို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို ပြောခဲ့တယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေက သံတမန်ဆက်ဆံရေး ထိခိုက်ပျက်ပြားမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လက်မခံရဲကြဘူး။
၂၀ဝ၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့် မန္တလေးက အပြန်မှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရတယ်။ နောက်နာရီ အနည်းငယ်အတွင်းမှာပဲ သူ့ရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေ အားလုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး ဖျက်သိမ်းလိုက်တယ်။ ပြန်လည်ခုခံမှု မရှိခဲ့တဲ့ ဒီစစ်ဆင်ရေးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က ကြီးကြပ်ကွပ်ကဲခဲ့တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို အမိန့်မနာခံမှု၊ အကျင့်ပျက် ခြစားမှုတွေနဲ့ အရေးယူပြီး အင်းစိန်ထောင်ကို ပို့ခဲ့ပါတယ်။
အင်းစိန်ထောင် ရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းဖို့အတွက် သူ့ရဲ့အမိန့်နဲ့ ဆောက်လုပ်ခဲ့တဲ့ ဘန်ဂလိုလေးမှာ ဗိုလ်ချုပ်ကြီး ခင်ညွန့် နေခဲ့ရတယ်။ နောက်တော့ သူ့ကို ဆိုင်းငံ့ထောင်ဒဏ် ၄၄ နှစ် ချမှတ်လိုက်ပြီး နေအိမ်မှာ အကျယ်ချုပ်နဲ့ ထားခဲ့တယ်။ သူ့ကိုဖယ်ရှားလိုက်ပြီးတဲ့နောက် စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးကိုလည်း စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့လို့ အမည်ပြောင်းလဲလိုက်တယ်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်အောက်ကို အပြည့်အဝ ရောက်ရှိသွားခြင်းလည်း ဖြစ်တယ်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖမ်းဆီးထိန်းသိမ်းလိုက် ပြီးတဲ့အခါ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းတို့က ပြုလုပ်ခဲ့တဲ့ အထူးရှင်းလင်းပွဲမှာ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေကို ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖယ်ရှားရခြင်း အသေးစိတ် တွေနဲ့ စစ်ထောက်လှမ်းရေး အရာရှိတွေရဲ့အကျင့်ပျက် ခြစားမှုတွေအကြောင်းကို ရှင်းပြခဲ့တယ်။
ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိဘူးလို့လည်း ကြေညာတယ်။ အစိုးရအနေနဲ့ အကျင့်ပျက် ခြစားမှုရှိတယ်လို့ တွေ့ရှိရတဲ့ မည်သူ့ကိုမဆို အရေးယူသွားမယ်လို့ သူတို့က ဆိုလိုချင်ပုံ ရပါတယ်။ ဒါပေမယ့် ဒီသတိပေးချက်ကို ဘယ်သူကမှ အလေးအနက် မထားကြပါဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စစ်အစိုးရ ထိပ်ပိုင်းမှာ အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုက ကင်ဆာရောဂါလိုပဲ ခိုင်ခိုင်မာမာ ပြန့်ပွား အမြစ်တွယ်နေပါပြီ။ မြန်မာနိုင်ငံသားတွေက တိုင်းပြည်အုပ်ချုပ် နေသူတွေကို လူသတ်သမားတွေ အဖြစ်တောင်မကဘူး သူခိုးတွေ၊ ဓားပြတွေ ဖြစ်နေပြီလို့တောင် ဟာသလုပ်နေကြပြီ ဖြစ်ပါတယ်။
သူ့ရဲ့ ပုဂ္ဂိုလ်ရေး ပြိုင်ဘက်တွေအားလုံး သေတဲ့သူသေ၊ ဘေးရောက်တဲ့သူရောက် ဖြစ်သွားတဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ရဲ့ ရာထူးတည်မြဲရေး၊ ပြည်တွင်း ဆူပူအုံကြွမှုတွေနဲ့ နိုင်ငံခြားက စစ်ရေးအရ၊ သံတမန်ရေးအရ ကျူးကျော်စွက်ဖက်မှုတွေကို ကာကွယ်တားဆီးနိုင်ရေးဘက်ကို အားစိုက်လာခဲ့တယ်။
၂၀ဝ၆ ခုနှစ်မှာ စစ်အစိုးရက ရန်ကုန်ကနေ နေပြည်တော်ကို မြို့တော်အဖြစ် ပြောင်းရွှေ့ ရုံးစိုက်လိုက်တယ်။ အသစ်တည်ဆောက်လိုက်တဲ့ နေပြည်တော်ဟာ တောတောင်ထူထပ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက ပျဉ်းမနားမြို့နားမှာ တည်ရှိပြီးတော့ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေနဲ့ နီးတယ်။ တိုင်းပြည်ရဲ့ အတွင်းပိုင်းမှာရှိတဲ့ ကွပ်ကဲရေးဌာန အသစ်မှာရှိတဲ့ ဗိုလ်ချုပ်ကြီးတွေက လူထုစစ်ပွဲရဲ့ ကြာရှည် ခုခံတိုက်ခိုက်မှုကြောင့် အားနည်းနေတဲ့ ရန်သူတပ်တွေကို မြန်မာနိုင်ငံအလယ်ပိုင်း တောတောင်တွေထဲကို ဆွဲဆောင်ခေါ်ယူပြီး မြန်မာလက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ အလွယ်တကူ ချေမှုန်းလိုက်နိုင်မယ့် အားသာချက်ရှိတယ်လို့ တွေးကြတယ်။
၁၉၆၀ နဲ့ ၇၀ နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ ပြင်ပ ရန်သူက မြောက်ဘက်က တရုတ်နိုင်ငံ ဖြစ်ခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့တပ်မှူးကြီးတွေက ပြင်ပတိုက်ခိုက် မှုဟာ ရခိုင်ပြည်နယ်ကနေ တဆင့် ကြည်းကြောင်း၊ ရေကြောင်း ပူပေါင်းစစ်ဆင်မှုနဲ့ တောင်ဘက်က ဖြစ်စေ၊ ထိုင်းနိုင်ငံကနေတဆင့် ကရင်ပြည်နယ်ထဲကို မြေပြင်စစ်ဆင်မှုနဲ့ အရှေ့ဘက်ကဖြစ်စေ ဝင်ရောက် လာနိုင်တယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဒီလမ်းကြောင်း တခုခုက ဝင်လာရင်၊ ဒါမှမဟုတ် နှစ်ဖက်လုံးကနေ တပြိုင်တည်းလာရင် ရန်ကုန်ဟာ ဖြတ်တောက်ခံရပြီး အင်အားချည့်နဲ့သွားမှာဖြစ်လို့ နိုင်ငံခြား ကျူးကျော် သူတွေလက်ထဲကို ရက်ပိုင်းအတွင်း ကျရောက်သွားနိုင်တယ်။ ဒီလိုအတွေးနဲ့ နေပြည်တော်ကို သူတို့ ရွှေ့ပြောင်းခဲ့ကြတာလည်း ဖြစ်ပါတယ်။
မြန်မာစစ်တပ် အရာရှိတွေလည်း အီရတ်မှာ တိုက်ခိုက်ခဲ့တဲ့ ကန္တာရမုန်တိုင်း စစ်ဆင်ရေး၊ အာဖဂန် စစ်ပွဲနဲ့ ကိုဆိုဗို စစ်ပွဲတွေက ကျူးကျော်ဝင်ရောက်မှု အစီအစဉ်တွေကို အမြောက်အမြား လေ့လာခဲ့ကြတယ်။ အမေရိကန်ရဲ့ နည်းဗျူဟာတွေကို ဦးတည်အလေးပေး လေ့လာခဲ့ကြရတာလည်း ဖြစ်တယ်။ မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေဟာ မြောက်ကိုရီးယားရဲ့ ကာကွယ်ရေး အစီအစဉ်ဖြစ်တဲ့ လိုဏ်ခေါင်း စစ်ပညာကိုလည်း လေ့လာခဲ့ကြတယ်။ တိုးတက်နေတဲ့ ခေတ်သစ် ဗုံးနည်းပညာတွေကြောင့် ဒီဥမင် လိုဏ်ခေါင်းတွေက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံက သတိပေးခဲ့ပေမယ့် စစ်အစိုးရက ၂၀ဝ၀ ပြည့်နှစ် အစောပိုင်းတွေမှာ ဥမင်လိုဏ်ခေါင်း နည်းဗျူဟာကို အကောင်အထည်ဖော်ခဲ့တယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက အတည်ပြုခဲ့ကြပါတယ်။ ၂၀ဝ၇ ခုနှစ်မှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ပြီး နောက်ပိုင်းမှာလည်း ပြုံယမ်းကို ကိုယ်စားလှယ်အဖွဲ့တွေ အမြောက်အမြား စေလွှတ် ခဲ့ပါသေးတယ်။
ဒါပေမယ့် “နေပြည်တော်ခရီး (မြို့တော်ကို ရွှေ့ပြောင်းရန် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို ခံစားကြည့်ခြင်း)” ဆိုတဲ့ စာတမ်းတစောင်မှာ စာတမ်းရှင် မောင်အောင်မျိုးက မြို့တော်ကို ဝေးလံပြီး ခံတပ်အသွင်ဆောင်တဲ့ နေရာကို ဗျူဟာမြောက် ပြောင်းရွှေ့ခဲ့ပေမယ့် မြန်မာနိုင်ငံကို ပြည်ပက တိုက်ခိုက်လာမယ်ဆိုရင် လေ့ကျင့်ရေး၊ စစ်ပွဲအတွေအကြုံနဲ့ စစ်ဆင်ရေး စွမ်းဆောင်ရည် အားနည်းမှုတွေ ရှိနေတဲ့ မြန်မာစစ်တပ်အတွက်တော့ စမ်းသပ်မှု တခုပဲလို့ရေးတယ်။ ဒီအားနည်းချက်တွေက၂၀ဝ၈ ခုနှစ်မှာ သိသာမြင်သာ ဖြစ်ခဲ့တယ်။ နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်ရသူတွေကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးနိုင်ဖို့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်က ရေတပ်ကယ်ဆယ်ရေး သင်္ဘောတွေ မြန်မာ့ရေပိုင်နက် အနားကို ရောက်ရှိလာချိန်မှာ ထိပ်တိုက် ရင်ဆိုင်ဖို့အတွက် မြန်မာစစ်တပ်က ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်တွေကို ချိန်သားကိုက် မပြုလုပ်နိုင်တာ တွေ့ရတယ်။
ပြင်ပ ခြိမ်းခြောက်မှုတွေနဲ့ အတွင်းက အားနည်းချက်တွေကို သုံးသပ်မိသွားတဲ့ နောက်မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့တပ်မှူးကြီးတွေဟာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ သင်ကြားနေတဲ့ လူထုစစ်ပွဲ ဗျူဟာအစား ခေတ်အခြေအနေနဲ့ ကိုက်ညီတဲ့ လူထုစစ်ပွဲဗျူဟာကို ပြောင်းလဲလိုက်တယ်။ ပြင်ပခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ပြောက်ကျား စစ်ပညာ၊ ဥမင်လိုဏ်ခေါင်း စစ်ပညာတွေသာမက အွန်လိုင်းဆိုက်ဘာ နည်းပညာနဲ့ သတင်းအချက်အလက် နည်းပညာဆိုင်ရာ စစ် ပညာတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်တယ်။ စစ်လက်နက်ပစ္စည်းတွေ ပိုမိုဝယ်ယူဖို့လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ထုတ်လိုက်တယ်။ သူ့ရဲ့ အမှာစာရင်းထဲမှာ MiG 29 ဂျက် တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ ဒုံးပျံတွေနဲ့ ရေငုပ်သင်္ဘောတွေ ပါဝင်ပါတယ်။ နျူကလီးယားလက်နက် ထုတ်လုပ် နိုင်ရေးအတွက်တောင် သူက အားထုတ်ခဲ့သေးတယ်လို့ ကောလာဟလတွေ ထွက်ခဲ့ပါသေးတယ်။