မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အနည်းဆုံး လုပ်ခ လစာကို ယခုနှစ် အတွင်း အပြီးသတ်မှတ်ပေးရန် ရှိကြောင်း အလုပ်သမား ရေးရာ ကိုယ်စားလှယ်များက ပြောသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရန် အတွက် စက်မှုဇုန် အလုပ်သမား အလွှာ၊ ဝန်ဆောင်မှု လုပ်ငန်းများ အလုပ်သမား အလွှာ၊ ပု့ို့ဆောင် ဆက်သွယ်ရေး အလုပ်သမား အလွှာ၊ လယ်ယာ စိုက်ပျိုးရေး အလုပ်သမား အလွှာနှင့် ပင်လယ်ရေကြောင်း အလုပ် သမား အလွှာဟု ခွဲခြား၍ သတ်မှတ် သွားရန်ရှိသည်ဟု ဆိုသည်။
အလုပ်သမားများ၏ အနည်းဆုံး လုပ်ခ လစာ သတ်မှတ်ရန် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား အဖွဲ့အစည်းများက ယမန်နှစ် နှစ် ဆန်းပိုင်းက ညှိနှိုင်းဆွေးနွေးကြသော်လည်း ယနေ့အထိ အဖြေ မထွက်သေးကြောင်း သိရသည်။
သို့ရာတွင် ယခုနှစ် ဧပြီလ နောက်ပိုင်း၌ အစိုးရ ဝန်ထမ်းများ လစာ တိုးမြှင့်တော့မည် ဖြစ်သည့်အတွက် ယင်းအကျိုးဆက်များ ရှိလာနိုင်ကြောင်း အလုပ်သမားရေးရာ ကိုယ်စားလှယ်များက သုံးသပ်ကြသည်။
“အလုပ်သမား တယောက် အတွက် တနေ့ အခြေခံ လစာက ၇၀၀၀ ကျပ် ရမှ အဆင်ပြေမယ်၊ ဒါက မိသားစု ၃ ယောက် အထက် ရှိသူနဲ့ ကလေးရှိသူ အလုပ်သမားတွေကို တွက်ထားတာ”ဟု အလုပ်သမား ရေးရာ ကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ဧရာဝတီသို့ ပြောသည်။
၎င်းသည် အနည်းဆုံး အခြေခံလုပ်ခလစာ သတ်မှတ်နိုင်ရေး ဆောင်ရွက်မှုတွင် စက်မှုဇုန် အလုပ်သမားများ အလွှာ၏ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်နေသူ တဦး ဖြစ်သည်။
အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်မှ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုရှိ မြို့နယ် ၄၉ မြို့နယ်မှ မိသားစု ၃ ဦးနှင့် အထက် ရှိသော အလုပ်သမားများအား စစ်တမ်း ကောက်ယူချက်အရ အခြေခံ လုပ်သားတဦး၏ နေ့စဉ် လုပ်ခ လစာသည် ၇၀၀၀ ကျပ် ရရှိရန် လိုအပ်ကြောင်း သိရသည်။
အဆိုပါ ငွေပမာဏသည် သားသမီး ရှိသည့် ဝန်ထမ်း အဆင့်အထိ ထည့်၍ တွက်ချက်ထားကြောင်း သိရသည်။
“ဒီနှစ်ထဲ အပြီးသတ်နိုင်အောင် ကြိုးစား နေကြတယ်၊ သတ်မှတ်ချက် ထွက်လာပြီ ဆိုရင်တော့ လုပ်ငန်း စတင်ကတည်းက အလုပ် ရှင် အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်တွေချုပ်ဖို့ အစီအစဉ်တွေ ရှိလာလိမ့်မယ်”ဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက ပြောသည်။
ပြည်တွင်းရှိ အလုပ်သမားများ အခြား နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင် နေကြခြင်းမှာ ပြည်တွင်းတွင် လစာ ရရှိမှု နည်းပါး နေခြင်းကြောင့် ဖြစ်ကြောင်း၊ အလုပ်ရှင်များဘက်က အလုပ်သမားများသို့ ပေးနိုင်မည့် ပမာဏကို တွက်ချက်နေကြဆဲ ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။
“အလုပ်သမားတွေကို လစာ ပိုပေးလိုက်လို့ လုပ်သား စွမ်းရည်တွေ တိုးတက်လာမှာလား ဆိုတာကို အလုပ်ရှင်တွေဘက်က တွက် ချက် ကြတယ်”ဟု ဦးအောင်ဌေးဝင်းက ပြောဆိုသည်။
အခြေခံ လစာ ကိစ္စနှင့် ပတ်သက်ပြီး တောင်းဆိုမှုနှင့် ဆန္ဒပြမှု အများဆုံး ဖြစ်ပွားနေကြသူများမှာ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံ များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများ ဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် တနေ့လျှင် အလုပ်ချိန် အနည်းဆုံး ၈ နာရီမှ အများဆုံး ၁၄ နာရီအထိ လုပ်ကိုင်နေကြရသော်လည်း လစာ ရရှိမှုမှာ ပျှမ်းမျှ ၆၅၀၀၀ ကျပ် မှ ၉၀၀၀၀ ကျပ် ဝန်းကျင် ရရှိနေကြသည်ဟု စက်ရုံ အလုပ်သမား တချို့က ဆိုသည်။
“စက်ရုံတွေမှာ အလုပ်သမား တည်မြဲမှု မရှိဘူး၊ သူတို့ကိုပေးတဲ့ လစာက စားဝတ်နေရေး ပြေလည်ရုံပဲ ရှိတယ်၊ စက်ရုံ အလုပ် သမား အများစုက နယ်ဘက်က လာတဲ့သူတွေ ဖြစ်တော့ တနေ့တခြား အသုံးစရိတ်တွေ တက်လာတာနဲ့ အမျှ သူတို့တွေရဲ့ လစာ ကို တိုးလာစေချင် ကြတယ်”ဟု ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်မှ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြော သည်။
လက်ရှိတွင် လှိုင်သာယာ စက်မှုဇုန် တခုတည်းတွင် မှတ်ပုံတင် ထားသည့် စက်ရုံ အလုပ်သမား ဦးရေ ၆၀၀၀၀ ကျော် ရှိကြောင်း၊ အသေးစား အလတ်စား လုပ်ငန်းများပါ ထည့်တွက်မည် ဆိုပါက တသိန်း ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။
“ဒီကို လာတဲ့ လုပ်ငန်းရှင်တွေက ဈေးသက်သာလို့ လာတာပေါ့၊ လစာ ကိစ္စတွေ ဖြစ်လာတော့လည်း သူတို့ ရင်ဆိုင်ရမှာပဲ၊ အစိုးရ က အလုပ်သမားတွေ ပြေလည်အောင်၊ အလုပ်ရှင်တွေက လုပ်ခတွေ ဈေးတက်လို့ ဆိုပြီး ပိတ်မသွားအောင် သတ်မှတ်မယ် ဆိုရင် ကောင်းမယ်”ဟု ဦးမြတ်သင်းအောင်က သုံးသပ်သည်။
အလုပ်သမားများက လုပ်ငန်း အလွှာအသီးသီး အလိုက် အနည်းဆုံး အခြေခံလစာ ငွေကြေး သတ်မှတ်ပေးရန် တောင်းဆိုနေကြပြီး အခြေခံ လစာကို တိုးမြှင့် သတ်မှတ်ပေးရန် ဆန္ဒ ထုတ်ဖော်မှုများလည်း ရှိနေသည်။
“သူတို့ ပေးတဲ့ လစာက မလောက်ငလို့ တိုးပေးဖို့ တောင်းဆို နေရတာ၊ အနည်းဆုံး လစာကို သတ်မှတ်မယ် ဆိုလို့ ကျမတို့တွေ မျှော်လင့် နေကြတယ်၊ ဒါက ဘယ်လို ဖြစ်လာဦးမလဲတော့ မသိဘူးပေါ့”ဟု မင်္ဂလာဒုံ စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံတွင် အလုပ် လုပ်ကိုင်နေသည့် အလုပ်သမ မဖြူဖြူနွယ်က ပြောသည်။
အလုပ်ရှင်များက အခြေခံ လုပ်ခ လစာ သတ်မှတ်ရေးမှာ လုပ်ငန်း အခြေအနေ၊ လုပ်ငန်း အဆင်ပြေမှု၊ မပြေမှု အပေါ် မူတည် သည့် အတွက် တပြေးညီ သတ်မှတ်ရေးမှာ လက်တွေ့ကျရန် မလွယ်ကူကြောင်း သိရသည်။
အခြေခံ လစာ သတ်မှတ် ပေးရန် ဆောင်ရွက်ရာတွင် အလုပ်သမားများ၏ အခြေအနေကို လေ့လာ ရသကဲ့သို့ လုပ်ငန်းရှင်များ၏ လုပ်ငန်း လည်ပတ်မှု စရိတ်၊ နိုင်ငံတော်သို့ ပေးသွင်းနေရသည့် အခွန်နှုန်းများ၊ ကုန်ထုတ်လုပ်မှု စရိတ် စသည့် အချက်အလက်များကို ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။
အလုပ်သမား ဝန်ကြီးဌာနက အလုပ်သမားများ အတွက် အနည်းဆုံး အခြေခံလစာ သတ်မှတ် ပေးနိုင်ရန် နိုင်ငံတကာမှ အနည်း ဆုံး အခြေခံ လစာ သတ်မှတ် ဆောင်ရွက်နေမှုများ၊ အားနည်းချက် အားသာချက်များ စသည့် အချက်အလက်များကို အလုပ် သမား ရေးရာ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းနေကြောင်း သိရသည်။
အနည်းဆုံး အခြေခံ လစာငွေ သတ်မှတ်နိုင်ရေး အတွက် အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်တွင် အတည်ပြု ပြဌာန်းခဲ့ပြီး နည်းဥပဒေများကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် အစိုးရ သတင်းစာများမှတဆင့် ထုတ်ပြန်ခဲ့ပြီး ဖြစ် သည်။