ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦး သယ်ဆောင်လာသော မလေးရှားလေကြောင်းလိုင်းမှ MH 370 လေယာဉ်သည် မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် ကွာလာလမ်ပူလေဆိပ်မှ တရုတ်နိုင်ငံ ဘေဂျင်းမြိ့သို့ ပျံသန်းစဉ် လေဆိပ်မှ ထွက်ခွာပြီး ၁ နာရီခန့် အကြာ၌ ပျောက်ဆုံးသွားရသော ကိစ္စသည် ၄ ရက်မြောက်သည် အထိ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ရှိနေဆဲ ဖြစ်သည်။ ဘိုးအင်း 777 အမျိုးအစား MH 370 နှင့် ပတ်သက်သော သဲလွန်စ အချက်အလက်များ ယခုအချိန်အထိ မတွေ့ရှိရသေးပါ။ လေယာဉ်ပေါ်တွင် နိုင်ငံ ၁၄ နိုင်ငံမှ ခရီးသည်များ လိုက်ပါသွားပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်သည်။
မတ်လ ၈ ရက် (စနေနေ့)
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်မှ ထွက်ခွာသွားပြီး ၁ နာရီခန့် အကြာတွင် လေယာဉ်နှင့် လေကြောင်းထိန်းသိမ်းရေးတို့ အဆက်အသွယ် ပြတ်တောက်ခဲ့သည်ဟု မလေးရှားလေကြောင်းလိုင်းက ထုတ်ပြန်သည်။
ဗီယက်နမ်နိုင်ငံက လေယာဉ်သည် ၎င်းတို့၏ လေပိုင်နက်အတွင်းတွင် ပျောက်ဆုံးခဲ့သည်ဟု ဆိုသည်။ ရှာဖွေမှုများလည်း ပြုလုပ်ခဲ့သည်။ တောင်တရုတ်ပင်လယ် အတွင်းတွင် အရှေ့တောင်အာရှနိုင်ငံများ၊ သြစတေးလျ၊ တရုတ်၊ နယူးဇီလန်နှင့် အမေရိကန် နိုင်ငံများမှ သင်္ဘော ၄၁ စီး၊ လေယာဉ်၊ ရဟတ်ယာဉ် ၃၆ စီးဖြင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။
ညနေစောင်းချိန်တွင် လေယာဉ် နောက်ဆုံးတည်ရှိခဲ့သော နေရာအနီးတွင် ကြီးမားသည့် ဆီကွက်နှစ်ကွက် တွေ့ရှိရသည်ဟု ဗီယက်နမ်နိုင်ငံက ထုတ်ပြန်ခဲ့ပြီး အဆိုပါနေရာသို့ သင်္ဘောများ စေလွှတ်ခဲ့သော်လည်း လေယာဉ်ဆီ မဟုတ်ဘဲ လေယာဉ်နှင့် ပတ်သက်သော အရိပ်အယောင် မတွေ့ရှိရဟု သိရသည်။
လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ခရီးသည် ၂ ဦး၏ ဥရောပ သမဂ္ဂ နိုင်ငံကူးလက်မှတ်များသည် ထိုင်းနိုင်ငံတွင် ခိုးယူခံခဲ့ရသော နိုင်ငံကူးလက်မှတ်များ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်ဆိုသော ကောလာဟလများလည်း ပျံ့နှံ့ခဲ့သည်။
မတ်လ ၉ ရက် (တနင်္ဂနွေနေ့ )
လေယာဉ်ပျောက်ဆုံးနေခြင်းတွင် အကြမ်းဖက်မှုနှင့် ဆက်သွယ်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးနေကြောင်း မလေးရှားနိုင်ငံက ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုကလည်း စုံစမ်းစစ်ဆေးမှုတွင် ကူညီရန် FBI မှ စုံထောက်များ စေလွှတ်ပေးခဲ့သည်။
နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) က လေယာဉ်ပေါ်မှ ခရီးသည် ၂ ဦးသည် ခိုးယူလာသော နိုင်ငံကူး လက်မှတ်များကို အသုံးပြုခဲ့ကြောင်း အတည်ပြုလိုက်သည်။
လေယာဉ်သည် အမျိုးအမည် မသိသော အကြောင်းပြချက်တခုဖြင့် ကွာလာလမ်ပူဘက်ဆီသို့ ပြန်လှည့်လာခြင်း ဖြစ်နိုင်ကြောင်း မလေးရှား တာဝန်ရှိသူများက ပြောသည်။
ညနေပိုင်းတွင် ဗီယက်နမ် အနောက်တောင်ပိုင်း Tho Chu ကျွန်းအနီးမှ ပင်လယ်ပြင်၌ လေယာဉ်၏ အပိုင်းအစများ တွေ့မြင်ခဲ့ရသည်ဟု ဗီယက်နမ်လေယာဉ် တစင်းက သတင်းပို့ခဲ့သော်လည်း မှားယွင်းမှုသာဖြစ်ကြောင်း သိရသည်။
မတ်လ ၁၀ ရက် (တနင်္လာနေ့)
မတ်လ ၁၀ ရက်နေ့တွင် တာဝန်ရှိသူများက ရှာဖွေရေး ဧရိယာကို ၂ ဆတင်ပြီး အချင်းဝက် ရေမိုင် ၁၀၀ အထိ တိုးမြှင့်လိုက်သည်။ ရှာဖွေရေးဧရိယာကို လေယာဉ်အား ရေဒါတွင် နောက်ဆုံးမြင်ခဲ့ရသည့် နေရာကို ဗဟိုပြု၍ သတ်မှတ်ခြင်း ဖြစသည်။
တရုတ်နိုင်ငံကလည်း စုံစမ်းစစ်ဆေးမှုကို အရှိန်မြှင့်တင်ဖို့ လိုအပ်ကြောင်း မလေးရှားနိုင်ငံကို တိုက်တွန်းလိုက်သည်။
လေယာဉ်ပျောက်ဆုံးပြီးနောက် စတော့ဈေးကွက် ပြန်လည်ဖွင့်လှစ်သည့် ၁၀ ရက်နေ့တွင် မလေးရှားလေကြောင်း၏ ရှယ်ယာဈေး ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ဈေးကွက် ပိတ်သည့်အချိန်တွင် ၄ ရာခိုင်နှုန်း ကျဆင်းနေဆဲဖြစ်သည်။
နေ့ခင်းပိုင်းတွင် အသက်ကယ်လှေတစီး မြင်တွေ့ရသည် ဆိုသောနေရာကို ရှာဖွေရန် မလေးရှားနိုင်ငံက သင်္ဘောများ စေလွှတ်ခဲ့သော်လည်း သင်္ဘောပျက် အပိုင်းအစတခုသာ ဖြစ်ကြောင်း ထိုနေရာသို့ ပထမဆုံးရောက်ရှိသွားသည့် ဗီယက်နမ် သဘောၤတစီးက တွေ့ရှိခဲ့သည်။
မလေးရှားနိုင်ငံက ပြုလုပ်ခဲ့သည့် ဓာတုဗေဒ စစ်ဆေးချက်အရလည်း ပင်လယ်ပြင်တွင် တွေ့ရှိရသော ဆီများနှင့် ပျောက်ဆုံးနေသော လေယာဉ်တို့ ဆက်စပ်မှုရှိကြောင်း သက်သေမပြနိုင်ခဲ့ပါ။
ရှာဖွေရေးတွင် ပူးပေါင်းပါဝင်ရန်အတွက် အမေရိကန်ရေတပ်က ဖျက်သင်္ဘောတစီး ထပ်မံ စေလွှတ်လိုက်သည်။
အမေရိကန် အခြေစိုက် ဘိုးအင်းလေယာဉ် ကုမ္ပဏီများလည်း စုံစမ်းစစ်ဆေးမှုတွင် ပါဝင်လာခဲ့သည်။ ရောက်ရှိနှင့် နေပြီးဖြစ်သော US National Transportation Safety Board မှ အဖွဲ့ကို နည်းပညာ အကြံဉာဏ်များ ပေးသွားမည်ဟု ကုမ္ပဏီက ပြောသည်။
မတ်လ ၁၁ ရက် (အင်္ဂါနေ့)
ဖြန့်ကျက်လွှတ်တင်ထားသည့် ဂြိုလ်တု ၁၀ လုံးခန့်ကို လေယာဉ် ရှာဖွေရန်အတွက် အသုံးပြုမည်ဖြစ်ကြောင်း တရုတ် နိုင်ငံပိုင် သတင်း မီဒီယာများက ဖော်ပြခဲ့သည်။
ရှာဖွေရေး ဧရိယာကို မလေးရှားကျွန်းဆွယ်၏ အနောက်ဘက်ခြမ်း အင်ဒို နီးရှားနိုင်ငံ ဆူမတြာကျွန်း၏ မြောက်ဖက်ပိုင်း
ပင်လယ်ပြင်အထိ တိုးချဲ့လိုက်ပြီဖြစ်သည်။ အဆိုပါ နေရာသည် MH370 သွားရမည့် ပုံမှန်လမ်းကြောင်းနှင့် အလွန်ဝေး ကွာသည်။
ဗီယက်နမ်နိုင်ငံက လေယာဉ်ကို ရေဒါတွင် နောက်ဆုံး မြင်တွေ့ခဲ့ရသည့် ၎င်း၏ တောင်ဖက်ကမ်းရိုးတန်းမှ ငါးဖမ်းလှေများကို ရှာဖွေရေးတွင် ကူညီပေးရန် တောင်းဆိုခဲ့သော်လည်း ရလဒ်ကောင်း ထွက်လာရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိတော့ကြောင်း ပြောသည်။
မလေးရှားရဲတပ်ဖွဲ့က MH 370 ပျောက်ဆုံးခြင်းသည် လေယာဉ်အပိုင်စီးခြင်း၊ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း သို့မဟုတ် လေယာဉ်ဝန်ထမ်းနှင့် ခရီးသည်များ၏ ကိုယ်ရေးကိုယ်တာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေကြောင်း ပြောသည်။
ခိုးယူခဲ့သော နိုင်ငံကူးလက်မှတ်ဖြင့် လိုက်ပါသွားသော ခရီးသည်သည် အသက် ၁၉ နှစ်အရွယ်ရှိ အီရန်နိုင်ငံသားတဦး ဖြစ်သည်ဟု ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း မလေးရှား ရဲတပ်ဖွဲ့ အကြီးအကဲက ပြောသည်။ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံရန် ဥရောပသို့ သွားခြင်းဖြစ်နိုင်သည်ဟုလည်း ယူဆရကြောင်း အကြမ်းဖက် အဖွဲ့အစည်းတခုခု၏ အဖွဲ့ဝင် မဟုတ်နိုင်ကြောင်းလည်း သူကဆိုသည်။ အခြားတယောက်ကိုမူ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။
မလေးရှားကျွန်းဆွယ်တွင်လည်း ရှာဖွေနေကြောင်း မလေးရှားလေကြောင်းလိုင်းမှ ပြောသည်။ ဗီယက်နမ် စစ်တပ်ကလည်း ဝေးလံသောတောင်များနှင့် လူသူမရှိသော တောများအတွင်းတွင် လေယာဉ်ပျက်ကျသည့် အထောက်အထား တစုံတရာ တွေ့ရှိနိုင်ရန် ရှာဖွေနေကြောင်း သိရသည်။
ယနေ့ ထုတ်ပြန်ခဲ့သည့် မလေးရှားလေကြောင်းလိုင်း၏ ကြေညာချက်တွင် “Subang လေဆိပ်သို့ MH 370 ပြန်လှည့် လာခဲ့သည်ဆိုသော ယူဆချက်နှင့် ပတ်သက်သော ဖြစ်နိုင်ခြေမှန်သမျှကို တာဝန်ရှိသူများက ရှာဖွေနေကြောင်း၊ ရှု့ထောင့် အားလုံးမှ စုံစမ်းနေပြီး မည်သည့် ဖြစ်နိုင်ခြေကိုမျှ မိမိတို့ မငြင်းပယ်ကြောင်း” ဖော်ပြခဲ့သည်။
Subang လေဆိပ်သည် MH370 ထွက်ခွာခဲ့သော ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်၏ အနောက်မြောက်ဖက် မလှမ်းမကမ်းတွင်ရှိသည့် လေဆိပ်တခုဖြစ်သည်။
မလေးရှားလေတပ် အကြီးအကဲက စစ်ဖက်ရေဒါတွင် တွေ့ရှိမှုအရ ပျောက်ဆုံးလေယာဉ်သည် ဂငယ်ကွေ့ ပြန်ကွေ့လာခဲ့ နိုင်ကြောင်းပြောသည်။ ဗီယက်နမ် စစ်တပ်မှ ဒုတိယ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Vo Van Tuan က မြေပြင်မှ တာဝန်ရှိသူများကိုလည်း လေယာဉ်ကို ရှာဖွေရန် အမိန့်ထုတ်ထားကြောင်း၊ ဗီယက်နမ် တပ်ဖွဲ့များက လာအို နှင့် ကမ္ဘောဒီးယားနယ်စပ်တွင် ရှာဖွေနေကြောင်း AP သတင်း ဌာနသို့ပြောသည်။
ထိုင်ဝမ်နှင့် နယူးဇီလန်တို့ကလည်း ရှာဖွေမှုတွင် ပူးပေါင်းပါဝင်ခဲ့သည်။ ရှာဖွေရေး ဧရိယာကို ရေဒါတွင် နောက်ဆုံးမြင်ခဲ့ရသည့် တောင်တရုတ်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့ သာမက မလေးရှား နိုင်ငံဖက်သို့ လေယာဉ် ပြန်လှည့်လာနိုင်ခြင်းကိုပါ ထည့်သွင်း စဉ်းစား၍ မလေးရှားနိုင်ငံ အနောက်ဖက်ကမ်းရိုးတန်းနှင့် ကပ္ပလီပင်လယ် အထိပါ တိုးချဲ့လိုက်သည်။
လေယာဉ် မပျောက်ဆုံးမီ ၁၂ ရက်အလိုက ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ ပြုလုပ်ခဲ့သေးကြောင်း၊ မည်သည့် အပြစ်အနာအဆာမှ မတွေ့ရကြောင်း မလေးရှား လေကြောင်းက အတည်ပြုခဲ့သည်။ လေယာဉ်၏ သက်တန်းမှာ ၁၂ နှစ် ရှိပြီ ဖြစ်ပြီး ပျံသန်းချိန် ၅၃၅၀၀ နာရီ ရှိပြီဟုလည်း ၎င်းတို့က ပြောသည်။
လေယာဉ်၏ စက်ပိုင်းဆိုင်ရာ အခြေအနေကို မြေပြင် ပြုပြင်ထိန်းသိမ်းရေး စခန်းသို့ အလိုအလျောက် သတင်းပြန်ပို့ပေးသည့် ACARS ဟုခေါ်သည့် ကွန်ပျူတာ စနစ်တခု ပါရှိသော်လည်း MH 370 ပျောက်ဆုံးသည့် အချိန်တွင် မည်သည့် သတင်းပေးပို့မှုမှ မရရှိခဲ့ကြောင်း စုံစမ်းရေးတွင် ပါဝင်သော သတင်းရင်းမြစ်တခုက Reuters သတင်းဌာနသို့ ပြောသည်။