အချိန်က နံနက် ၃ နာရီရှိပြီ ဖြစ်ပါသည်။ လှေသားတယောက်က ကမ်းခြေသို့ မီးရောင်ဖြင့် အချက်ပြနေချိန်တွင် မြိတ်ကျွန်းစုများထဲရှိ ကျွန်းတကျွန်းအနားက ပင်လယ်ပြင်တွင်ရှိနေသည့် ကုန်တင်လှေ တစီးပေါ်၌ ကျနော်ထိုင် နေသည်။
မြိတ်ဆိပ်ကမ်းတွင်စောင့်ကြပ်နေသော လူဝင်မှု ကြီးကြပ်ရေး အရာရှိများ၏ စစ်ဆေးခြင်းကို ရှောင်ရှားနိုင်ရန် ကျနော့်၏ လမ်းပြလည်းဖြစ် မိတ်ဆွေလည်းဖြစ်သူ ဦးစိုးခိုင် (နာမည်လွှဲပြောင်းထားပါသည်) က ကျနော့်ကို လှေပေါ်သို့ ခိုးပြီး ပို့ပေးခဲ့သည်။ စာနယ်ဇင်းသမားတယောက်အဖြစ် ခွင့်ပြု ချက်ရထားသည့်အတွက် ကျွန်းများ ဆီသို့ အတား အဆီးမရှိ သွားရောက်နိုင်ပါလျက် မည်သည့်အတွက်ကြောင့် ယခုလိုလုပ်ရသနည်းဟု ကျနော် မေးကြည့်ခဲ့ရာ သူက “ဒီနည်းနဲ့သွားရင် လူဝင်မှု ကြီးကြပ်ရေးက မမြင်တော့ မကြားတော့ဘူးပေါ့” ဟု ဖြေပါ သည်။
မြန်မာနိုင်ငံ တောင်ဘက်ဖျားပိုင်းမှာ သီးသီးခြားခြား နေထိုင်ကြသည့် ပင်လယ်ဂျစ်ပစီခေါ် မော်ကင်းခေါ် ဆလုံ များကို ရှာဖွေမည့် ကျနော့်၏ ၆ ရက် ခရီးစဉ်ကို ထိုနည်းအတိုင်း ခိုးကြောင်ခိုးဝှက်ဖြင့် စတင်ခဲ့ရပါသည်။ ခရစ္စတီယန်ကျွန်းဟု ကျနော်နောက်မှ နာမည်သိရသော ကျွန်းသည် မြိတ်မြို့နှင့် မြန်မာနိုင်ငံတောင်ဘက် အစွန်ဆုံးဖြစ်သော ကော့သောင်းမြို့ ကြားထဲတွင် ပြန့်ကျဲ တည်ရှိနေသော ကျွန်းပေါင်း ၈၀ဝ ကျော်ထဲမှ ကျွန်းတကျွန်း ဖြစ်ပါသည်။ ဆလုံလူမျိုးဟု တရားဝင်သိကြသော မော်ကင်းများသည် ထိုကျွန်းစုများနှင့် အခြားတဖက်ရှိ ထိုင်းနိုင်ငံ ကမ်းရိုးတန်းတွင် နေထိုင်ခဲ့ကြသည်မှာ နှစ်ပေါင်း ၃၅၀ဝ ခန့်ရှိပြီ ဖြစ်ပါသည်။
ထိုဒေသတွင် ကာလရှည်ကြာစွာ နေထိုင်ခဲ့ကြသော်လည်း ငါးဖမ်းခြင်းနှင့် သစ်ထုတ်လုပ်ခြင်း၏ အကျိုးဆက် ဖြစ်သည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ၏ သက်ရောက်မှု ဖိအားကြောင့် မော်ကင်းတို့၏ ရိုးရာဘဝနေထိုင် မှုများ လျင်မြန်စွာ ပျောက်ကွယ်လာနေသည်။ ဆက်လက်ရပ်တည်နေနိုင်ရေးအတွက် ခေတ်သစ်နေထိုင်မှုကို လက်ခံကျင့်သုံးရင်း သူတို့၏ ဓလေ့ထုံးတမ်းမှ ကျန်ရစ်ခဲ့သည်များကို အတတ်နိုင်ဆုံး ဆက်လက်ထိန်းသိမ်းနေ ကြရသည်။
တနှစ်တာကာလ၏အချိန်အများစုကို မော်ကင်းတို့က သစ်ပင်၏ ပင်စည်ကို ထွင်းထားသည့် ကဘောင်ဟု ခေါ်သည့် လှေပေါ်တွင်နေထိုင်ရင်း ပင်လယ်ထဲတွင် ရှိနေကြသည်။ သူတို့၏ ဘဝတခုလုံးသည် ထို လက်ထွင်း သစ်လုံးလှေများတဝိုက်တွင်သာ ရှိနေကြသည့်အတွက် လှေသည် မော်ကင်းတို့အတွက် ခရီးသွားလာရေးယာဉ် သက်သက်မဟုတ် သူတို့၏ နေအိမ်လည်းဖြစ်သည်။ မော်ကင်းတို့အတွက် လှေသည် သက်ရှိတခု၊ သူတို့၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းတခုအဖြစ်လည်း သတ်မှတ်ယူဆနိုင်ပါသည်။
ရိုးရာအစဉ်အလာအရ စုံတွဲတတွဲက လက်ထပ်ပြီး အတူနေရန် ဆုံးဖြတ်လိုက်ပြီဆိုလျှင် ယောက်ျားလေးက သင့်လျော်သည့် ကဘောင်လှေတစီးထွင်းပြီး လက်ထပ်မည့် မိန်းကလေး၏ ဖခင်ဖြစ်သူကို လက်ဆောင်အဖြစ် ပေးရသည်။ တနည်းအားဖြင့် လှေဖြင့် တင်တောင်းရသည်။ ယနေ့အချိန်တွင် ကဘောင်လှေ အနည်းငယ်မျှ သာ ကျန်ပါတော့သည်။ မော်ကင်းများ လှေထွင်းရန်အတွက် သစ်ပင်ခုတ်ယူနိုင်ခြင်းမရှိတော့ပါ။ ထို့အတူ သူတို့၏ အစဉ်အလာအရ အရေးအပါဆုံးသော အရည်အသွေးများပင် ပျောက်ဆုံးလာကြသည်။
ကဘောင်လှေက မော်ကင်းတို့၏ အိမ်ဆိုလျှင် ပင်လယ်ပြင်က သူတို့၏ အိမ်နောက်ဖေးကွက်လပ်ဖြစ်သည်။ မော်ကင်းများသည် အထောက်အကူ ကိရိယာမပါဘဲ ရေငုပ်ရာတွင် အလွန်ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ရေအောက်တွင် အချိန်ကြာမြင့်စွာ နေနိုင်ကြသည်။ သူတို့၏ မျက်လုံးများသည် ကင်မရာ မှန်ဘီလူးများကဲ့သို့ ချုံ့နိုင် ချဲ့နိုင်သဖြင့် ရေအောက်တွင် နှစ်ဆပို၍ မြင်နိုင်စွမ်းရှိကြသည်။
အတိတ်အချိန်က မော်ကင်းတို့၏ ရေငုပ်စွမ်းရည်ကို ပုလဲလုပ်ငန်းရှင်တို့က အသုံးချပြီး ရှားပါးသော ရွှေရောင် အရစ်ပါသည့် ကမာကောင်များကို ဖမ်းယူခဲ့ကြသည်။ ယခုအခါတွင် ထိုကမာကောင်များကို သားဖောက်မွေးမြူ ရရှိနေပြီဖြစ်သည်။ ကမာကောင် ရိုင်းများကိုဖမ်းယူနိုင်ရန်အတွက် အန္တရာယ်ကြီးသည့် ရေအောက်အနက် မီတာ ၈၀ ခန့်အထိ ကိရိယာ အကူအညီမရှိဘဲ မော်ကင်းများ ရေငုပ်ခဲ့ကြရသည်။ ရေဖိအားကို ခံစားရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများကြောင့် မော်ကင်းတို့ အသက်ဆုံးရှုံးရ ခြင်းလည်း အများအပြားရှိခဲ့သည်။ သို့သော် လည်း ယနေ့ခေတ်မှာတော့ သူတို့၏ လုပ်အားကို အသုံးမပြုတော့ပါ။ ပုလဲလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင် နေကြသူ အများစုမှာ ပြည်မမှ ရောက်လာသော မြန်မာများဖြစ်သည်ဟု Orient Pearl Company ၏ ပိုင်ရှင် ဖြစ်သူ ဦးမြင့်လွင်က ပြောသည်။ သူက အဏ္ဏဝါဇီဝဗေဒ ပညာရှင်တဦးလည်း ဖြစ်ပါသည်။
ငါးဖမ်းကုမ္ပဏီများတွင်လည်း အစုရှယ်ယာများ ထည့်ဝင်ထားသူတယောက်ဖြစ်သည့် ဦးမြင့်လွင်က ပင်လယ်ပြင် ၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်အတန်းကျဆင်းလာခြင်းကြောင့် သူ၏ ပုလဲမွေးမြူရေးလုပ်ငန်း ထိခိုက်လာပြီး ငါးဖမ်းယူနိုင်မှုလည်း လျော့နည်းသွားရသည်ဟုဆိုသည်။ မော်ကင်းများအတွက်မူ ပင်လယ်ပြင် ပျက်စီး လာခြင်းသည် ငွေကြေးအကျိုး အမြတ်ဆုံးရှုံးခြင်း တခုတည်းမဟုတ်ပါ။ သူတို့ကို နှစ်ပေါင်းထောင်ချီ၍ ထောက်ပံ့ ပေးနေသည့် အရာများကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်ပါသည်။
မြိတ်မြို့မှ ကျနော် ခိုးမထွက်လာမီ နံနက်ခင်းက မော်ကင်းတို့၏ ရိုးရာတန်ဖိုးများ တဖြည်းဖြည်း တိုက်စားခံ နေရခြင်းကို မြင်တွေ့ခဲ့ရသည်။ ဆိပ်ကမ်း တခုတွင် ဒီရေမြင့်တက်ချိန်ကို စောင့်မျှော်နေသော မော်ကင်း မိသားစုတစုက ကျနော့်ကို သူတို့ လှေပေါ်ကို ဖိတ်ခေါ်ပြီး ဘီယာ၊ ဝီစကီများနှင့် ဧည့်ခံ ပါသည်။ နံနက် ၇ နာရီသာ ရှိသေးသော်လည်း ယောက်ျားတွေက အရက်သောက်ထားပြီးကြပြီ ဖြစ်သည်။
လွန်ခဲ့သော ၁၀ နှစ်က မြိတ်ကျွန်းစုများအတွင်း တွင် လှည့်လည်နေထိုင်ကြသည့် မော်ကင်း ၁၂၀ဝ၀ ခန့် ရှိခဲ့သော်လည်း ယခုအချိန်တွင် ၂၀ဝ၀ ခန့်သာ ရှိတော့သည်။ ကျနော် စကားပြောဆိုခဲ့သည့် ပုဂ္ဂိုလ် တဦးက မော်ကင်းများကို အသုံးမဝင်သူများ ဟု ပြောဆိုခဲ့သလို ထိုင်းနိုင်ငံမှ မှောင်ခိုတင်သွင်းလာသည့် စိတ်ကြွဆေး စွဲနေသူများဟုလည်း သူကပြောသည်။
မြိတ်ကျွန်းစုများ အတွင်းတွင် နေထိုင်ဆဲဖြစ်သော မော်ကင်း အရေအတွက်လျော့ကျသွားခြင်းနှင့် သူတို့၏ ယဉ်ကျေးမှုများ ပျောက်ကွယ် သွားခြင်းတို့သည် အလွန်အကျွံသစ်ထုတ်ယူခြင်းနှင့် ငါးဖမ်းခြင်းတို့ကြောင့် တနေ့တခြားယိုယွင်းပျက်စီးလာနေသည့် သဘာဝ ပတ်ဝန်းကျင်အခြေအနေနှင့် ဆက်စပ်နေသလို ပြောင်းရွှေ့ အခြေချလာခြင်းနှင့် ခေတ်သစ် လူ့အဖွဲ့အစည်းတို့၏ ဖိအားများနှင့်လည်း သက်ဆိုင်နေသည်။
နတ်ကိုးကွယ်သူများဖြစ်သည့်အတွက် မော်ကင်း များသည် ပင်လယ်ကို လေးလေးနက်နက် ရိုသေကြသည်။ မုတ်သုံရာသီအတွင်းတွင် နှစ်ပတ်လည် အခမ်းအနားပွဲများ ပြုလုပ်ရန်အတွက် ကျွန်း ၃ ကျွန်းတွင် အဓိက ထား၍ စုရုံးလေ့ရှိကြသည်။ ရိုးရာအစဉ်အလာအယူအဆအရ သူတို့၏ ဝိညာဉ်ဆိုင်ရာ ကိစ္စများကို နတ်ဆရာ များက ဦးဆောင်လမ်းညွှန်မှု ပေးကြသည်။ သို့သော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်းတွင် ဗုဒ္ဓဘာသာကို ကူးပြောင်းကိုးကွယ်သူ အမြောက်အမြားရှိခဲ့သည်ဟု ဦးစိုးခိုင်က ပြောသည်။ မော်ကင်းတို့၏ ဘာသာစကားတွင် စိုးရိမ်ပူပန်ခြင်း ဆိုသည့်စကားလုံး မရှိခဲ့သော်လည်း ယနေ့ခေတ် ကာလတွင် နောက်လာမည့် မျိုးဆက်အထိ သူတို့၏ ရိုးရာယဉ်ကျေးမှုများ ရှင်သန်ကျန်ရှိနိုင်ပါဦးမည်လား ဟု စိုးရိမ်မှုများနှင့် ကြုံတွေ့နေရပြီဖြစ်သည်။
မော်ကင်းများနှင့် ၁၈ နှစ်ကြာမျှ အတူအလုပ် လုပ်ခဲ့သော ဦးစိုးခိုင်က ၎င်းတို့ ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါသည်။ အဏ္ဏဝါကျွန်းပေါ် ရှိ မော်ကင်းများ နေထိုင်သည့် လန်ဂွန်ရွာ အနီးကို ချဉ်းကပ်မိသည့်အခါ ဦးစိုးခိုင်က လှမ်းခေါ်နှုတ်ဆက် လိုက်သည့်အတွက် ပင်ကိုအားဖြင့် ရှက်တတ် ကြောက်တတ်ကြသောမော်ကင်း များက နူးလှေငယ်လေးများဖြင့် ထွက်လာပြီး ကြိုဆိုကြပါသည်။ လှေကလေးများသည် လူကြီးတကိုယ် မျှသာရှိပြီး လှော်တက်အစား ပလတ်စတစ်ပြားများကိုအသုံးပြုသည်ကို တွေ့ရသည်။
လန်ဂွန်ရွာက ဖြူစင်သန့်ရှင်းသည့် သဲပြင်ရှိသည့် ကမ်းခြေတွင်ရှိပြီး ကြည်လင်သည့် ကျောက်စိမ်းရောင် ရေပြင်က ဝိုင်းပတ်ထားသည်။ ကမ်းခြေတွင် ငါးဖမ်းလှေများ ဆိုက်ကပ်ထားပြီး ဆိပ်ကမ်း ငယ်တခုလည်း ရှိသည်။ တောင်ကုန်းတောင်တန်းတွေရှိသည့် ကျွန်းက စိမ်းလန်းနေပြီး အိမ်များကို ဒီရေ ကင်းလွတ်ရန်အတွက် ခြေတံရှည် ဆောက်ထားပြီး ကမ်းခြေ အထက် ၅ မီတာမှ ၆ မီတာ အမြင့်တွင်ရှိကြသည်။ အိမ်အဝင်ပေါက် များကို ပင်လယ်ဘက် သို့ လှည့်ထားသည်။ ရွာတွင် ဗုဒ္ဓဘာသာ ဘုရားကျောင်းတခု ရှိသော်လည်း မော်ကင်း ရိုးရာ နတ်ရုပ်များနှင့် အတူရှိနေခြင်းဖြစ်သည်။ ရွာ၏အကြီးအကဲ ဖြစ်သော အသက် ၉၃ နှစ်အရွယ် အဘွားအို တဦးက ကြိုဆိုခေါ်ယူသွားချိန်တွင် ရှက်ကိုးရှက်ကန်းဖြစ်နေပုံရသည့် ကလေးငယ်များက ဝိုင်းပတ်လိုက်လာပြီး ကျနော်တို့၏ အသွင်အပြင်ကို စူးစမ်းနေကြသည်။ ကျနော်တို့ သွားရောက်ခဲ့သည့် နေရာတိုင်းလိုလိုမှာပင် မည်သည့်အတွက်မျှ ငွေပေးသည်ကို လက်မခံကြပါ။ ကျနော်တို့ကို ကော်ဖီ၊ စီးကရက်၊ ငါးခြောက်များ၊ လတ်ဆတ်သည့် ကင်းမွန်များ၊ ကမာကောင်များဖြင့် ဧည့်ခံကြပါသည်။
ကျေးလက်ဒေသ၏ စိတ်ချမ်းမြေ့ဖွယ်ရာများနှင့် ချစ်ခင်နှစ်လိုဖွယ်ရာ ဧည့်ဝတ်ပြုမှုများ ကျနော်တို့ ရရှိခဲ့သော် လည်း ဒီကျွန်းက နိဗ္ဗာန်ဘုံ မဟုတ်တာ သေချာပါသည်။ အိမ်တွေဘက်ကနေ ကမ်းခြေဆီသို့ ကျနော် ဆင်း သွားကြည့်သည့်အခါ လန်ဂွန်ရွာတွင် စွန့်ပစ်အမှိုက် သိမ်းဆည်းရေးနှင့် ရေဆိုးထုတ်စနစ် မရှိတာကို ကျနော် သတိပြုမိပါသည်။ အမှိုက်တွေနှင့် စွန့်ပစ်အညစ်အကြေးတွေကို နေရာတိုင်းမှာတွေ့ရသည်။ ဒီရေသည်သာ လျှင် အမှိုက်သိမ်းသမား အဖြစ်ရှိနေသည်။
ကျွန်းပေါ်က ရွာတွေမှာ နေထိုင်သူများက ပင်လယ်ပြင်က အရာအားလုံးကို စုပ်ယူနိုင်သည်ဟု ယုံကြည်ကြ သည်။ တခါတရံ ပင်လယ်လိပ်များက ပလတ်စတစ်အိတ်များကို ဂျယ်လီငါးနှင့်မှားကာ စားသုံးမိခြင်းက ပင်လယ်လိပ် အရေအတွက် သိသိသာသာလျော့နည်းကျဆင်းလာရခြင်း၏ အကြောင်းတွေထဲက တခုဖြစ် သည်ဟု သူတို့က ပြောပြကြသော်လည်း ဤနေရာတွင် နေထိုင်ကြသော မြန်မာများ သို့မဟုတ် မော်ကင်းများ သည် သူတို့၏ အလေ့အထ သို့မဟုတ် တွေးခေါ်စဉ်းစားမှုကို ပြုပြင်ရန်လိုအပ်နေကြောင်း နားလည်ကြပုံမရပါ။
ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းများနှင့် အလွန်အကျွံ ငါးဖမ်းခြင်းကြောင့် သန္တာကျောက်တန်းများ ပျက်စီးလာပြီးနောက် ယခင်က မော်ကင်းတို့၏ လိုအပ်ချက်များကို အလျှံအပယ် ထောက်ပံ့ပေးနိုင်ခဲ့သည့် ပင်လယ်ပြင်သည် ၎င်းတို့ဘဝ ရပ်တည်ရေးအတွက် ထောက်ပံ့ပေးနိုင်စွမ်းတွေ လျော့ပါးလာခဲ့သည်။ တနည်း အားဖြင့် မော်ကင်းတို့၏ ဘဝနေထိုင်မှု နည်းလမ်းတို့သည်လည်း ထာဝရပျောက်ဆုံးသွားနိုင်သည့် စိုးရိမ်စရာ အခြေအနေတွင် ရောက်ရှိနေသည်။ ခေတ်သစ်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးလာခြင်း၏ ဆိုးကျိုးများက မော်ကင်းများ ကြားတွင် နေရာယူလာချိန်၌ သဘာဝတရားနှင့် လိုက်လျောညီထွေ ရှိခြင်းနှင့် ဝေးကွာသော ယဉ်ကျေးမှုကို တားဆီးနိုင်ခြင်းမရှိပါက ကျနော်တို့ စိုးရိမ်ပူပန်နေရသည့် ဖြစ်စဉ်များသည်လည်း အရှိန်မြင့်သွားလိမ့်မည် ဖြစ်ပါ သည်။
(Jacques Maudy ၏ Among the Moken, the Sea Gypsies of Myeik ကို နိုင်မင်းသွင် ဘာသာပြန်သည်)