ပြည်တွင်းအခွန်များ ဦးစီးဌာန ကုမ္ပဏီများဆိုင်ရာအခွန်ရုံး အနေဖြင့် ယခုနှစ်အတွက် အခွန်စည်းကြပ်မှု ခံယူခြင်းမရှိသည့် ကုမ္ပဏီ များ စာရင်း မှားယွင်းထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်မှုကို ပြန်လည်ရုပ်သိမ်းကာ လက်ရှိအချိန်ထိ စည်းကြပ်မှု ခံယူခြင်းမရှိသည့် ကုမ္ပဏီစာရင်းကို အတည်မပြုနိုင်သေးဘဲ ပြန်လည် စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။
ပြည်တွင်း အခွန်များ ဦးစီးဌာန ဝက်ဘ်ဆိုက်မှ အခွန်စည်းကြပ်မှု ခံယူခြင်းမရှိသော ကုမ္ပဏီပေါင်း ၁၀၆၇၀ ကို မတ်လ ၇ ရက်က ထုတ်ပြန်ဖော်ပြခဲ့ရာ ထိုစာရင်းတွင် အခွန်ထမ်း ဆောင်သော ကုမ္မဏီများကိုပါ ရောထွေးစွာ မှားယွင်းထုတ်ပြန်မိသဖြင့် ပြန်လည် စိစစ် ဆောင်ရွက်နေကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ကုမ္မဏီများဆိုင်ရာ အခွန်ရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးသင်းထွဋ်ဟန် က ပြောသည်။
“ပြန်စစ်ရင်တော့ ၁၀၀၀၀ ရှိချင်လည်းရှိမယ်၊ မရှိချင်လည်း မရှိဘူးပေါ့၊ ဆက်ပြီးတော့ ဒီလိုတွေဖြစ်မှာ ဆိုးလို့ သေချာအောင် စိစစ်ပြီးတော့မှ ဆောင်ရွက်နေတာပါ၊ ကျန်ရှိနေသေးတဲ့ စစ်နေဆဲကုမ္မဏီတွေထဲမှာလည်း ဒါမျိုးအမှားမျိုး ရှိနေနိုင်ပါသေးတယ်၊ ဒါကြောင့် မို့ ကျနော်တို့ စစ်ထုတ်ပြီးလုပ်နေပါတယ်”ဟု ဦးသင်းထွဋ်ဟန် က ပြောဆိုသည်။
မှားယွင်းထုတ်ပြန်မိခဲ့သည့် စာရင်းကို Daily Eleven သတင်းစာက ဖော်ပြခဲ့ရာ AGD ဘဏ်၊ ရိုးမဘဏ်၊ Small and Medium Industrial Development Bank Co.Ltd၊ Korea Development Bank နှင့် A-1 Garment Co.ltd တို့ပါဝင်ခဲ့ပြီး AGD ဘဏ် က မီဒီယာများနှင့် တွေ့ဆုံ၍ ယမန်နေ့က ရှင်းလင်းမှုပြုလုပ်သည်။
AGD ဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက“အခွန်ဆောင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြောကြဆိုကြ၊ ဝေဖန်ကြတာတွေရှိပါတယ်၊ မှန်တာလည်း ရှိပါလိမ့်မယ်၊ အားလုံးမမှန်တာလည်း ရှိပါလိမ့်မယ်၊ ကုမ္ပဏီတချို့ဟာ အခွန်တွေရှောင်တယ်၊ ကုမ္ပဏီတချို့က စာရင်း ပိတ်တဲ့အချိန်မှာ အခွန်တွေကို မှန်မှန်မဆောင်ဘူး၊ ကုန်ကျစရိတ်တွေ တိုးပြတာရှိ ကောင်းရှိပါလိမ့်မယ်၊ ဒါပေမယ့် ဘဏ်လောကမှာ ဒါမျိုး လုံး၀ မရှိပါဘူး၊ ဘဏ်မှာရှိတဲ့စာရင်းတွေဟာ နေ့စဉ် ဗဟိုဘဏ်ကို ပို့ရပြီး နှစ်ချုပ်တဲ့အခါ အဲဒီစာရင်းတွေနဲ့ ချုပ်ရတာဖြစ်တဲ့အတွက် ကျနော်တို့စာရင်းတွေဟာ လုံး၀ ပြန်ပြင်တဲ့စာရင်းတွေ မဟုတ်ပါဘူး”ဟု ပြောကြားသည်။
ထို့အပြင် ၎င်းတို့ AGDဘဏ်၏ အခွန်ဆောင်ထားသော သက်သေ လက်မှတ်များကိုလည်း မီဒီယာများသို့ ပြသခဲ့သည်။ မှားယွင်း ဖော်ပြမှုတွင် ပါဝင်ခဲ့သည့် ရိုးမဘဏ်မှ အမှုဆောင် ဒါရိုက်တာ ဒေါ်အေးအေးစိုး ကလည်း ၎င်းတို့ဘဏ်၏ အခွန်ပေးဆောင်မှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
အခွန်ဦးစီးဌာနမှ မှားယွင်းဖော်ပြခဲ့မှုနှင့်ပတ်သက်၍ ကွန်ပျူတာ စာရင်း မှားယွင်းမှုကြောင့်သာ ဖြစ်သည်ဟု ပြောဆိုခဲ့ပြီး သက်ဆိုင် ရာ ကုမ္ပဏီများ အပေါ်တွင်လည်း အနူးအညွတ် တောင်းပန်ကြောင်း ပြောဆိုသည်။
လက်ရှိအချိန်တွင် အခွန်ဦးစီးဌာနမှ ပြန်လည်စိစစ်ပြီးသော ကုမ္ပဏီများကို စိစစ်ထုတ်ပြန်လျက်ရှိပြီး ယခင် ကုမ္ပဏီ ၁၀၆၇၀ မှ ကုမ္ပဏီ ၁၃၀၅ ခုကိုသာ ဌာန ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်နိုင်သေးကြောင်း သိရသည်။
ယင်းသို့သော မှားယွင်းမှုများနှင့် ပတ်သက်၍ အခွန်ဌာနတွင် လုပ်ထုံးလုပ်နည်းဆိုင်ရာ အားနည်းချက်တချို့ ရှိကြောင်း နှင့် စနစ် တကျ စိစစ်နိုင်မှု အပိုင်းတို့တွင် များစွာလိုကြောင်း ယခင်အခွန်ဦစီးဌာနတွင် လုပ်ခဲ့ဖူးသည့် အငြိမ်းစား ညွှန်ကြားရေးမှူး အခွန် ပညာရှင် ဦးဟန်ထွန်းက ပြောသည်။
“အရင်တုန်းကဆို ကုမ္ပဏီသက်တမ်းတိုးတာက တနှစ်ကို တခါ သက်တမ်းတိုးတယ်၊ တကယ်လို့သာ ဟိုတုန်းကတည်းက သက် တမ်း တိုးတဲ့အခါမှာ အခွန်ပေးဆောင်ထားခြင်း မရှိရင် သက်တမ်းမတိုးဘူးလို့ ဘာတို့လုပ်ခဲ့ရင် အဲဒီစနစ် ကျင့်သုံးခဲ့ရင် ဒီလိုပြဿနာ ပေါ်မလာနိုင်ဘူး၊ လုပ်ထုံးလုပ်နည်းအရ အားနည်းချက်ရှိခဲ့တယ်၊ ဒါက မူလကတည်းကပါ”ဟု ၎င်းက ဆိုသည်။
ကုမ္ပဏီများ သက်တမ်းတိုးမှုလုပ်ဆောင်ရာတွင် ယခင်က တနှစ်တကြိမ်ဖြစ်ပြီး ယခုအခါ ၅ နှစ်တကြိမ်၊ ၃ နှစ် တကြိမ်သာ သက် တမ်း တိုးသည့် အနေအထား ဖြစ်သည်။
ထို့အပြင် ယခု လုပ်ဆောင်နေသည့် ဖြစ်စဉ်အရ ကုမ္ပဏီများနှင့် အခွန်ရုံး အချိတ်အဆက် နည်းပါးမှုနှင့်ပတ်သက်၍လည်း ဦးဟန်ထွန်း က ထောက်ပြပြောဆိုသည်။
“လွတ်လပ်ရေးရပြီးခါစ အရင်တုန်းက ကုမ္ပဏီမှတ်ပုံတင်တာဆိုရင် အမြတ်ခွန်ရုံးမှာပဲ တင်ရတယ်၊ ဒီတော့ အခွန်ရုံးနဲ့ ကုမ္ပဏီနဲ့ဆက်သွယ်မှု မပြတ်ဘူးပေါ့ဗျာ၊ ၁၉၈၉ ခုနှစ်နောက်ပိုင်း ဒီဘက်ခေတ်ကြ ကုမ္ပဏီမှတ်ပုံတင်ဦးစီးဌာန ဆိုပြီး ဖွဲ့လိုက်ပြီး အဲဒီမှာတင် အဆက်ပြတ်သွားတယ်၊ ဒါက တဘက်ပေါ၊့ လုပ်ငန်း အနေအထားအရ ဖြစ်သွားတဲ့ ချွတ်ချော်မှုပေါ့”ဟု ၎င်းက ဆိုသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် ယခုကဲ့သို့ မှားယွင်းမှုမှာ အထူးဂရုပြု ဆင်ခြင်ရန်လိုသော အချက်ဖြစ်ပြီး အဆင့်ဆင့် စစ်ဆေးထုတ်ပြန်ရန်လိုကြောင်း၊ တာဝန်ခံမှုနှင့် တာဝန်ယူမှု အပိုင်းတွင်လည်း ပိုမိုအလေးထားရန်လိုကြောင်းလည်း ဦးဟန်ထွန်းက ပြောဆိုသည်။