အမရပူရ တောင်သမန် အင်းစောင်း လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင့် အုတ်ဂူ တူးဖော်ရေး လုပ်ငန်းများကို မန္တလေး တိုင်း ဒေသကြီး စည်ပင်သာယာရေး ကော်မတီမှ ရပ်ဆိုင်းရန် အကြောင်း ကြားလာကြောင်း သိရသည်။
ထိုင်းဘုရင်ဟောင်း ဥတွန်ပုံ အုတ်ဂူ တူးဖော်နေသည့် ပရဝုဏ် အတွင်းမှ အဆောက်အအုံများ ဖျက်သိမ်း ပေးပါရန် ဆိုသည့် အကြောင်း ကြားစာကို မန္တလေးတိုင်း စည်ပင် သာယာရေးမှ မတ် ၁၀ ရက် က ပေးပို့လာကြောင်း ထိုင်း ရှေးဟောင်း သုတေသန တူးဖော်ရေး တာဝန်ခံ မစ်ကီဟတ်က ပြောသည်။
“စာထဲမှာ အဆောက် အအုံများ ဖျက်ပေးရန် ဆိုပေမယ့်၊ အမရပူရ မြို့နယ် အုပ်ချုပ်ရေးမှူး ပြောတာက လုပ်ငန်းတွေပါ ရပ်ဆိုင်းပေးဖို့ ပြောတယ်၊ သဘောကတော့ ဆက်လက် ထိန်းသိမ်းခွင့် မပေးတော့တဲ့ ပုံဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
ထိုင်း ဘုရင့်ဂူ တူးဖော်ရေး လုပ်ငန်းကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက စတင်ပြီး မစ်ကီဟတ် အပါအဝင် လွတ်လပ်သည့် ထိုင်း- မြန်မာ သမိုင်းနှင့် ရှေးဟောင်း သုတေသန ဆိုင်ရာ ဝါသနာရှင်များ ပူးပေါင်းပြီး ရေသဖန်းပွင့် ချစ်ကြည်ရေး အဖွဲ့ ဖွဲ့၍ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ခွင့်ပြုချက်ဖြင့် တူးဖော်နေခြင်း ဖြစ်ကြောင်း သိရသည်။
တူးဖော်ရာတွင် အရှေ့မြောက်ဘက် အရန် စေတီတိုင် အတွင်းမှ အရိုးများ ထည့်ထားသည့် ကြာဖူး ပုံသဏ္ဌာန် မှန်စီ ရွှေချ သပိတ် တလုံးနှင့် ပန်းချီ ရေးဆွဲထားသည့် မှန်ချပ်များ တွေ့ရပြီးနောက် တူးဖော်ရေး လုပ်ငန်းများ အဆုံးသတ် ခဲ့ရသည်ဟု မစ်ကီဟတ်က ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က ထိုင်းနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီး ဌာနမှ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့က အဆိုပါ သဖန်းပွင့် အဖွဲ့ ဆောင်ရွက်မှုနှင့် ပတ်သက်၍ လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
လက်ရှိ တူးဖော် ဆောင်ရွက်ထားမှု အခြေအနေနှင့် ပတ်သက်ပြီး ကွင်းဆင်း သုတေသန တူးဖော်မှု နည်းလမ်းများ အရ စနစ် တကျ ပြုလုပ်ထားသည်ကို မတွေ့ရဘဲ ကွင်းဆင်း လေ့လာ တူးဖော်မှု အစီရင်ခံစာ အားနည်းမှု ရှိကြောင်း၊ တွေ့ရှိချက်များကို သိပ္ပံ နည်းကျ DNA တိုက်ဆိုင် စစ်ဆေးပြီးမှ ရလဒ်ကို ဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆိုင်ရာ သမိုင်း ဖြစ်စဉ် ရက်စွဲများနှင့် ထိုင်းနိုင်ငံ ဆိုင်ရာ သမိုင်း ဖြစ်စဉ် ရက်စွဲများ နှစ်ဘက် တိုက်ဆိုင် သုတေသန ပြုလုပ်ပြီး တူညီမှုရှိမှသာ ပထမအဆင့် လက်ခံနိုင်မည် ဖြစ်သည့်အတွက် လက်ရှိ တူးဖော်ရေး လုပ်ငန်း ဆောင် ရွက် နေသော ရေသဖန်းပွင့် ချစ်ကြည်ရေး အဖွဲ့မှ သုတေသန ပြုမှုအား ယာယီအားဖြင့် လက်မခံနိုင်ကြောင်း ထိုင်းယဉ်ကျေးမှု ဝန်ကြီး ဌာနက ဘန်ကောက်မြို့တွင် မကြာသေးခင်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန် ပြောဆိုသည်။
ထိုင်းယဉ်ကျေးမှု ဝန်ကြီး ဌာန၏ သုံးသပ် ပြောဆိုချက်များ ထွက်ပေါ် လာပြီးနောက် ယခုကဲ့သို့ မန္တလေးတိုင်း စည်ပင် သာယာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ တားမြစ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မန္တလေး စည်ပင်သာယာရေး သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တဦးက “သူတို့မှာ တိကျကျ တင်ပြတဲ့ အထောက်အထား တွေ သက်ဆိုင်ရာကို တင်ပြမှု ညှိနှိုင်းမှု မရှိဘူး၊ အဲဒီအတွက် ကျနော်တို့ သက်ဆိုင်ရာကပဲ ထိန်းသိမ်းဖို့ လုပ်ဆောင်တာပါ”ဟု ဆိုသည်။
ထိုင်းဘုရင်ဂူကို မန္တလေးတိုင်း ဒေသကြီး အစိုးရနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနတို့နှင့် ပူးပေါင်းပြီး လတ်တလော ဆက်လက် ထိန်းသိမ်းသွားမည်ဟု အဆိုပါ တာဝန်ရှိသူက ပြောဆိုသည်။
လင်းဇင်းကုန်း သင်္ချိုင်းမြေသည် မန္တလေးတိုင်း စည်ပင်သာယာ၏ ထိန်းသိမ်း စောင့်ရှောက်မှု ဧရိယာ အတွင်းတွင် ရှိပြီး ယခုအခါ သင်္ချိုင်း ဖျက်သိမ်း၍ ပန်းခြံနှင့် ရေပေးရေး ဌာနတခု တည်ဆောက် နေကြောင်း၊ အများ ထင်မြင်ယူဆ နေ သကဲ့သို့ မြို့ကွက် ရိုက်ပြီး မြေနေရာ ရောင်းစားမည် မဟုတ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိ တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက် နေသည့် မစ်ကီဟတ်က ထိုင်းဘုရင် အုတ်ဂူ တူးဖော်မှုနှင့် ပတ်သက်ပြီး ထိန်းသိမ်းမှုများ လုပ်ဆောင် နိုင်ရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ဧရာဝတီသို့ ပြောသည်။
အယုဒ္ဓယ ဘုရင်ဟောင်း ဥတွန်ပုံ၏ အုတ်ဂူ တူးဖော်ရေး လုပ်ငန်းများတွင် မြန်မာ အစိုးရ ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနဌာနက ပါဝင်ဆောင်ရွက်ခြင်း မရှိဟုလည်း ၎င်းက ဆိုသည်။
ထိုင်းဘုရင့်ဂူ တူးဖော်ရေးနှင့် ပတ်သက်ပြီး ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာနက ယခုအခါ မြန်မာ အစိုးရ ယဉ်ကျေးမှု ဝန်ကြီး ဌာနကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် လိုလားလျက် ရှိကြောင်း သိရသည်။
ကုန်းဘောင်ခေတ် ၁၇၆၇ ခုနှစ်တွင် ဆင်ဖြူရှင်မင်း လက်ထက်က အယုဒ္ဓယသို့ သွားရောက် စစ်ပြုရာ အဆိုပါ ထိုင်း ဘုရင် ဟောင်း မင်းသားကြီး ဥတွန်ပုံကို ရဟန်းဝတ်ဖြင့် သုံ့ပန်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်သည်ဟု သမိုင်း မှတ်တမ်း များတွင် ဖော်ပြထားသည်။