စီမံကိန်းများ တရုတ်အကျိုးစီးပွား အတွက်များလျှင် အချူပ်အခြာ အာဏာ ထိပါးလာဖွယ်ရှိဟု ဆို
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် ကျောက်ဖြူ ဒေသတွင် တည်ဆောက်မည့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းနှင့် တခြား စီမံကိန်းများသည် တရုတ် အကျိုးစီးပွားအတွက် ဖြစ်နေပါက မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ လုံခြုံမှုကို ထိပါးလာနိုင်ဖွယ် ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပါတီက ဆိုသည်။
“ဂက်စ်နဲ့ ရေနံပိုက်လိုင်းက တရုတ် အတွက် အင်မတန် အရေးပါတဲ့ အတွက် တရုတ်ရဲ့ အကျိုးစီးပွား ဖြစ်နေတယ်၊ မြန်မာနိုင်ငံ အတွက် အကျိုးစီးပွား မပါဘဲ နှစ်ပေါင်း ၅၀ လောက် လုပ်ခွင့် ပေးရမယ်၊ အခွန်အခ ရနေရုံလောက်နဲ့ ကျေနပ်နေရင် အိမ်ငှားစားတဲ့ အဆင့်ပဲ ဖြစ်နေမယ်၊ ဒါဟာ နိုင်ငံရဲ့ စီးပွားရေး အချုပ်အခြာ အာဏာကို ထိပါးတာပဲ”ဟု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။
စီမံကိန်းများ အားလုံးသည် အမျိုးသား အကျိုးစီးပွားကို ကာကွယ်သည့် စီမံကိန်းများ ဖြစ်စေလိုပြီး နောက်ဆက်တွဲ ဖြစ်ပေါ် လာမည့် ပတ်ဝန်းကျင် ပျက်စီးမှုများကို ကာကွယ်နိုင်သည့် စီမံကိန်းများ ဖြစ်ရန် လိုကြောင်း၊ ထို့ကြောင့် အာဏာရ အဖွဲ့နှင့် အစိုးရတို့ သိရှိစေရန် နိုင်ငံရေးအရ အသိပေးသည့်အနေဖြင့် ကြေညာချက်တစောင်ကိုလည်း မတ်လ ၁၀ ရက်နေ့ ရက်စွဲ ဖြင့် NDF ပါတီက ထုတ်ပြန်ထားသည်။
ရွှေသဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်း စီမံကိန်း တို့အပြင် တည်ဆောက်ရန် ပြင်ဆင်နေသည့် အထူး စီပွားရေး ဇုန် စီမံကိန်းများသည် ပွင့်လင်း မြင်သာမှု မရှိကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများကို ပွင့်လင်း မြင်သာမှု ရှိစွာ ရှင်းလင်း ပေးရန် စီမံကိန်း လုပ်ကိုင်မည့် ကုမ္ပဏီများနှင့် မြန်မာ အစိုးရ အာဏာပိုင်များထံ တောင်းဆိုခြင်း ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြ ထားသည်။
ဦးခင်မောင်ဆွေက“ဘယ်နိုင်ငံကပဲ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လုပ် ပြည်သူကို ပထမ ချ ပြရမယ်၊ စက်ရုံတွေမှာ ထုတ်မယ့် လုပ်ငန်း အချိုးအစားနဲ့ ပြည်သူတွေ ပါဝင်နိုင်ခွင့်၊ ရနိုင်မယ့် အကျိုးအမြတ်တွေကို ပြည်သူတွေ သိဖို့ လိုအပ်တယ်၊ အလုပ် သမား ခန့်ထားတာ အပြင် ပြည်သူတွေ ကိုယ်တိုင်လည်း ပါဝင် ရင်းနှီး မြှုပ်နှံခွင့်တွေ ရဖို့ လိုတယ်”ဟု ဆိုသည်။
ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းနှင့် အတူ ကျောက်ဖြူ-ကူမင်း ရထားလမ်း၊ ကားလမ်း များလည်း ပါဝင် တည်ဆောက် မည် ဖြစ်သည်။
ထို့အတူ ကျောက်ဖြူ စက်မှုဇုန်၌ ရေနံချက် စက်ရုံ၊ ရေနံ ဓာတု စက်ရုံများ၊ သတ္တု သန့်စင် စက်ရုံ၊ သင်္ဘောကျင်း၊ ရေထွက် ပစ္စည်းများ၊ လယ်ယာ ထွက်ကုန်၊ အထည်အလိပ်၊ ကား အပို ပစ္စည်း စသည်တို့ ထုတ်လုပ်သည့် စက်ရုံ အလုပ်ရုံများ ပါဝင် မည်ဖြစ်ပြီး ၂၀၁၅ မတိုင်မီ အကောင်အထည် ဖော်မည်ဟု သိရသည်။
ကျောက်ဖြူ အထူး စီးပွားရေးဇုန်ကို မြေဧက ၁၀၀၀ ကျော်တွင် တည်ဆောက်မည် ဖြစ်ပြီး ကျေးရွာ စုစုပေါင်း ၄၀ ကျော် ဖယ် ရှား ခံရဖွယ် ရှိသည့်အတွက် ပြည်သူများအား အတင်းအကြပ် ဖယ်ရှားခြင်း မလုပ်ဘဲ ၎င်းတို့၏ ဆန္ဒအရ လုပ်ဆောင်ရန် NDF က တိုက်တွန်း ထားသည်။
အလားတူ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စများကို စောင့်ရှောက်ရန်နှင့် အကာအကွယ် ပေးရန် စောင့်ကြည့် လေ့လာရေး လူမှု အဖွဲ့များ ထားပေးရန်လည်း NDF ပါတီက တောင်းဆို ထားသည်။
မြန်မာအစိုးရက ကျောက်ဖြူ အထူး စီးပွားရေးဇုန်နှင့် ပတ်သက်ပြီး ဒေသခံ ပြည်သူများ၏ ဆန္ဒအတိုင်း ဆောင်ရွက် သွားမည်ဟု ပြောဆိုထားသည်။
ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းများတွင် ပါဝင်သည့် ရထားလမ်း၊ ကားလမ်း စသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ဒေသခံ ပြည်သူများအား အသေးစိတ် ရှင်းလင်း တင်ပြမှု မရှိသေးကြောင်း၊ စီမံကိန်း လုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်မှု မရှိသေးကြောင်း ကျောက်ဖြူ ဒေသခံများက ဧရာဝတီကို ပြောသည်။
ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ မီးရထား ဝန်ကြီး ဌာန ဒုဝန်ကြီး ဦးမြင့်သိန်းက စီးပွားရေးဇုန် စီမံကိန်းများနှင့် ပတ်သက်ပြီး ပြည်သူများအား ပြောင်းရွှေ့နေရာ ချထားမည် ဆိုပါက ကမ္ဘာ့ဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းများ အတိုင်း ဆောင်ရွက်ရန် စီမံကိန်း တည်ဆောက်မည့် ကုမ္ပဏီများကို လမ်းညွှန်ထားကြောင်း ပြောဆို ထားသည်။
ကျောက်ဖြူ အထူး စီးပွားရေးဇုန် တင်ဒါ ခေါ်ယူမှုနှင့် ပတ်သက်ပြီး မတ်လ ၄ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဦးမြင့်သိန်းက ယင်းကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စီမံကိန်းများ၌ လုပ်သား အင်အား ၂၅၀,၀၀၀ ခန့် လိုအပ်မည်ဟု သိရသည်။
NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက အစိုးရ အာဏာပိုင်များ အနေဖြင့် ၎င်းတို့ တင်ပြ တောင်းဆိုချက်များကို အလေးထား ဆောင်ရွက်ခြင်း မရှိပါက လွှတ်တော်၌ မေးမြန်းခြင်း၊ နိုင်ငံရေး ပါတီ ၁၀ ပါတီကျော်ဖြင့် ဖွဲ့စည်းထားသည့် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် အဖွဲ့တို့ စုပေါင်းပြီး ထပ်မံ တောင်းဆို သွားမည်ဟု ဆိုသည်။