Human Rights

မြန်မာအတွက် ဖွံ့ဖြိုးရေး အကူအညီ တိုးမြှင့်ပေးရန် ဗြိတိန် အစိုးရကို တိုက်တွန်း

This article has been converted from Zawgyi One to Unicode

လူ့အခွင့်အရေး အခြေအနေ စိုးရိမ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံအား ဗြိတိန်က ထောက်ပံ့ ပေးနေသည့် ဖွံ့ဖြိုးရေး အကူ အညီ စတာလင်ပေါင် သန်း ၆၀ ပေးနေရာမှ သန်း ၁၀၀ အထိ ဘတ်ဂျက် တိုးမြှင့်ကူညီရန် ဗြိတိန် ပါလီမန် အမတ်များက ဗြိတိန် အစိုးရကို တိုက်တွန်းကြောင်း သိရသည်။

အဆိုပါ တိုးမြှင့် ထောက်ပံ့ငွေများဖြင့် မြန်မာ့ လွှတ်တော်များ အင်အား ပိုမို တောင့်တင်း လာစေရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဆရာ၊ ဆရာမများအား လေ့ကျင့် သင်ကြားပေးရေး အပါအဝင် ပညာရေး ဆိုင်ရာများ အတွက် ကြီးမားသည့် အထောက်အပံ့ ဖြစ်နိုင်ကြောင်း ဗြိတိန် ပါလီမန် အမတ်များက ပြောသည်ဟု ယူကေ ပါလီမန် ဝက်ဘ်ဆိုက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ အဖြစ် ဆက်ရှိနေသေးပြီး နိုင်ငံတကာက အကူအညီများ ပေးနေသော် လည်း တိုးတက်လာသည့်လက္ခဏာ မတွေ့ရဘဲ အချည်းအနှီး ဖြစ်သည်ဟူသော ဝေဖန်မှုများ ရှိနေသည်။

ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေး ဆိုင်ရာ ကော်မတီ(DFID)က အဆိုပါ အကူအညီများသည် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး အပေါ် အထောက်အကူ ဖြစ်စေမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် လွန်ခဲ့သည့် နှစ်အနည်းကစတင်ပြီး ပြုပြင် ပြောင်းလဲရေးများ ဖော်ဆောင်လာသည်မှာ ထင် ရှားသည့် တိုးတက်မှုများဖြစ်သဖြင့် မြန်မာ အစိုးရ အတွင်းရှိ ပြုပြင်ပြောင်းလဲရေးသမားများအား အကူအညီပေးရန် ဗြိတိန် အစိုး ရ ၏ ချဉ်းကပ်မှုကို ပါလီမန် အမတ်များက ထောက်ခံ အားပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

“အပြောင်းအလဲ လုပ်မယ် ဆိုတာကို အများက ယုံကြည်မှု မရှိသေးတဲ့ ကိုယ်ကျိုးကြည့် စိတ်ဓာတ် အပြုအမှုဟာ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေး အရည်အသွေး တိုးတက် လာမှာတော့ မဟုတ်သေးဘူး”ဟု DFID က ဆက်ပြောသည်။

မြန်မာအပေါ် ဗြိတိန် အစိုးရ၏ ချဉ်းကပ်မှုကို ကော်မတီက ထောက်ခံခဲ့သည့်အတွက် ကျေနပ်ကြောင်း နိုင်ငံကာ ဖွံ့ဖြိုးရေး ဆိုင်ရာ ဝန်ကြီး အာလန် ဒန်ကန် (Alan Duncan) က ပြောသည်။

DFID နှင့် တွဲဖက် လုပ်ကိုင်နေသည့် မြန်မာ အခြေစိုက် နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ ဌာန အကြီးအကဲ လစ်ဘရယ် ဒီမိုကရက် အမတ် Sir Malcolm Bruce က မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု လျှော့ချရေး အပါအဝင် ဖြေရှင်းစရာများစွာ ကျန်ရှိနေသော် လည်း ယင်းပြဿနာများကို အမိအရ ဆုပ်ကိုင်ပြီး အခွင့်အလမ်းတခုအဖြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကူညီခြင်းဖြင့် အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်ကို အထောက်အကူ ဖြစ်စေနိုင်မည်ဟု ဆိုသည်။

မြန်မာ အစိုးရအား ဝေဖန်ရန် လိုအပ်သကဲ့သို့ ဖွံ့ဖြိုးရေးတွင် နိုင်ငံရေး အရလည်း ယခုထက် ပိုမို ထိတွေ့ ဆက်ဆံသင့် ကြောင်း၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာစေရေးနှင့် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ဖြစ်ရေး ကန့်သတ် ပိတ်ပင်ထားသည့် ဖွဲ့စည်းပုံပါ ဥပဒေများ ပြင်ဆင်ရေးအတွက် ဆက်လက် ဖိအားပေးသင့်ကြောင်း DFID က သုံးသပ် ထားသည်။ ထို့အပြင် စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသည်ကိုလည်း သတိ ပေးထားသည်။

ရိုဟင်ဂျာ အရေးနှင့် ပတ်သက်ပြီး ဗြိတိန်အစိုးရက ခိုင်မာသည့် ရပ်တည်ချက်ဖြင့် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိစေရေး အလေးထား ဆောင်ရွက်သင့်ကြောင်း၊ ဘာသာမတူကွဲပြားမှုများအကြား တွေ့ဆုံဆွေးနွေးမှုများ ယခုထက် အရှိန်မြှင့် လုပ်ဆောင်သင့်ကြောင်း DFID က အကြံပြု ထားသည်။

ငှက်ဖျားရောဂါ တိုက်ဖျက်ရေး၊ လူထုဘဏ္ဍာငွေ စီမံမှု တိုးတက်ရေး၊ အမျိုးသမီးများ၏ အခွင့်အရေး စွမ်းရည် မြှင့်တင်ရေး၊ ဒုက္ခသည် စခန်းများအား ဘတ်ဂျက် ကူညီ ထောက်ပံ့ရေး၊ ဒုက္ခသည်များ မူလ နေရပ်ကို ပြန်လည် ပြောင်းရွှေ့နိုင်ရေး အစီအစဉ်များ အတွက် ထောက်ပံ့ရေးကို ဆက်လက် ဆောင်ရွက်ရန်လည်း DFID က ဆိုသည်။

ယူကေ ပါလီမန် ထုတ်ပြန်ချက်၌ မြန်မာ့ တပ်မတော် ပြုပြင်ပြောင်းလဲရေးအပြင် ငြိမ်းချမ်းရေးဆိုင်ရာ ဘဏ္ဍာငွေ ရန်ပုံငွေ ရရှိရေး အတွက် DFID က ဆက်လက် လုပ်ဆောင်သင့်ကြောင်းလည်း ဖော်ပြထားသည်။

DFID သည် မြန်မာနိုင်ငံတွင် ယခင် စစ်အစိုးရ လက်ထက်ကတည်းက စတင်ပြီး ဆယ်စုနှစ် တခုကျော်ကြာ ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေး စသည့် ကဏ္ဍများ အတွက် ထောက်ပံ့ကူညီ ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။

Loading