နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် နိုင်ငံသား မဟုတ်သည့် ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူများကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုထားသည့် အတွက် ယင်းအချက်ကို ပြင်ဆင်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။
မတ်လ ၁၂ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်ရန် အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း ယင်းဥပဒေကြမ်း ပြင်ဆင်သင့်၊ မပြင်ဆင်သင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း၊ လတ်တလောတွင် နိုင်ငံသားမဟုတ်သည့် ဧည့်နိုင်ငံသား၊ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုထားသည်ဆိုသော ပြဋ္ဌာန်းချက် ကို ပြင်ဆင်ရန် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ကြားနာသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေ ပါတီတည်ထောင်ခွင့် ရှိတယ်လို့ ပါထားတာကိုး ။ အဲဒီအချက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ အခြေခံ ဥပဒေ ပုဒ်မ ၄ မှာ အချုပ်အခြာ အာဏာက နိုင်ငံသားတွေဆီက စီးဆင်းတယ်လို့ ရေးထားတာ ။ အဲဒီလူတွေက နိုင်ငံသား မဟုတ်တဲ့အတွက် နိုင်ငံသားအခွင့်အရေးတွေ မပေးသင့်ဘူး ” ဟု ပြောသည်။
ယာယီသက်သေခံ လက်မှတ်(White Card)ဆိုသည်မှာ နိုင်ငံသားလက်မှတ်ရရန် စောင့်ဆိုင်းနေသူများသာ ကိုင်ဆောင် ခွင့် ရှိပြီး အချိန်ကာလတခုတွင် နိုင်ငံသားဖြစ်ခွင့်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် သူများ ကို မည်သည့် ဥပဒေနှင့် ထုတ်ပေးခဲ့ပါသနည်းဟု မေးခွန်းထုတ်လိုကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ အစိုးရ အနေဖြင့် White Card ထုတ်ပေးခွင့် မရှိဟု ဒေါက်တာအေးမောင်က ဆိုသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၇ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း ခေါ် ဦးဇာယာဒ်က ၁၉၉၃ ခုနှစ်တွင် ဘူးသီးတောင်၊ မောင်တော ဒေသတွင် နေထိုင်သူများကို အစိုးရက ယာယီသက်သေခံ လက်မှတ်(White Card) ထုတ်ပေးခဲ့ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အမြော်အမြင်ကြီးစွာ နိုင်ငံသားများ အနေဖြင့် ရသင့်ရထိုက်သည့် ရွှေးကောက်ပွဲတွင် မဲပေးခွင့်ပြုခဲ့ကြောင်း၊ မိမိတို့ အဘိုးအဘွား၊ အဖေအမေများမှာ နိုင်ငံ့ဝန်ထမ်းများ
ဖြစ်သော်လည်း White Card သာ ကိုင်ဆောင်ခွင့်ရခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
“ ၉၃ ခုနှစ်မှာ တချို့ဆိုရင် နိုင်ငံသားလက်မှတ်ရနေပြီ။ အစိုးရက အကုန်သိမ်းပြီး White Card ပြန်ထုတ်ပေးတာ။ အခု ဥပဒေကြမ်းကို မဆွေးနွေးမီမှာ ဒီ White Card ပြဿနာကို အရင်ရှင်းပေးသင့်တယ်။ အစိုးရကတော့ ကျနော်တို့ ဒေသက လူတွေကို နိုင်ငံမဲ့ဖြစ်အောင် မလုပ်ဘူးလို့တော့ကျနော်ယုံတယ်” ဟု ဦးဌေးဝင်း ခေါ် ဦးဇာယာဒ်က ပြောသည်။
နိုင်ငံရေး ပါတီတခုသည် တိုင်းပြည်တွင် အလွန်အရေးကြီးသောကြောင့် ပါတီတည်ထောင်လိုသူများသည် နိုင်ငံသား ဖြစ်ရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူဦးရေ ၈ သိန်းခွဲ အပြင် ကချင်ပြည်နယ်၊ ကိုးကန့် နယ်စပ် နှင့် “ဝ´´ နယ်စပ်တို့တွင်လည်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ရှိကြောင်း ၊ ထိုပြဿနာကို အစိုးရအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖြေရှင်းရန် လိုအပ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။