ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်းတွင် အလုပ်လုပ်ကိုင် နေကြသော တရုတ် နိုင်ငံသားများနှင့် မြန်မာများ အကြား ပဋိက္ခ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဖမ်းဆီး တရားစွဲဆိုခံထားရသူ မြန်မာ ၁၇ ဦးကို ရုံးထုတ် စစ်ဆေးနေကြောင်း သိရသည်။
၎င်းတို့အား ပိုင်နက် ကျူးကျော် ဝင်ရောက်၍ အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၂၅၊ မီးရှို့မှု ၄၃၆၊ အုပ်စုဖွဲ့ အားပေး ကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် တရားစွဲ ဆိုထားပြီး မြန်မာ့ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်း (MOGE) မှ အထူး အရာရှိ ဦးမျိုးထွဋ်ဝင်း တရားလို လုပ်၍ တရားစွဲခြင်း ဖြစ်သည်ဟု အမှုအား လိုက်ပါ ဆောင်ရွက်ပေးသူ ဗဟို တရားရုံးချုပ် ရှေ့နေ ဦးအောင်သိန်းက ဧရာဝတီကို ပြော သည်။
“မီးရှို့တာ၊ ဖျက်ဆီးတာ တိကျတယ် ဆိုရင် ရဲကပဲ တရားစွဲဆိုတာ များတယ်၊ အခု ရဲက ရှောင်နေပြီး MOGE က တရား စွဲဆိုတာ ဆိုတော့ အမှုက တမျိုး ပြောင်းသွား နိုင်တယ်၊ နောက်တခုက တအိမ်တည်းမှာ အပေါ်ထပ်၊ အောက်ထပ် နေတဲ့သူအချင်းချင်း ဖြစ် တာဆိုတော့ ပိုင်နက် ကျူးလွန်ရာ မရောက်ဘူး၊ အဲဒီတော့ ပုဒ်မ ၄၂၅ လည်း ပျောက်သွား နိုင်တယ်”ဟု ၎င်းက ဆိုသည်။
ယင်းအမှုကို အမ်းမြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီလ အတွင်းက တရားစွဲဆိုထားပြီး မတ်လ ၁၀ ရက်က ရုံးထုတ် စစ်ဆေးကြောင်း၊ မတ်လ ၂၄ ရက်တွင် ထပ်မံ ရုံးချိန်းထားကြောင်း အမှုတွင် ပါဝင် ဆောင်ရွက် ပေးနေသည့် ဒေသခံ ရှေ့နေ ဦးအေးကျော်သန်း ကလည်း ဧရာဝတီကို ပြောသည်။
အမ်းမြို့နယ် အမ်းတောင် အုပ်စု ရေနံပိုက်လိုင်း ကြားခံစခန်းတွင် တာဝန် ထမ်းဆောင်နေကြသည့် တရုတ်နှင့် မြန်မာ ဝန်ထမ်းများသည် ဇန်နဝါရီ ၂၆ ရက်က အချင်းများရာမှ တဆင့် အဆောက်အအုံ တချို့ ဖျက်ဆီးမှု၊ မီးရှို့မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် အိမ်တအိမ်တည်း၌ အတူနေထိုင်ကြပြီး အပေါ်ထပ်တွင် နေထိုင်သည့် တရုတ် ဝန်ထမ်းတချို့က အပေါ်ထပ်မှ ရေသွန် ချရာ အောက်ထပ်တွင် နေထိုင်သည့် မြန်မာ အလုပ်သမား နှစ်ဦး ရေစိုသွားခြင်းကို မကျေနပ်သည့် အတွက် ပဋိပက္ခ ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးထားသည့် မြန်မာ ဝန်ထမ်းများအား ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် မကျူးလွန်သည့် အမှုကို ကျူးလွန်သည်ဟု ထွက်ဆိုစေရန် အဓမ္မ ဖိအားပေး စေခိုင်းခဲ့ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အမ်းမြို့နယ် ရဲစခန်းကို ဧရာဝတီက ဆက်သွယ်ခဲ့သော် လည်း မေးမြန်း၍ မရရှိပေ။
ရှေ့နေ ဦးအောင်သိန်းက“အဖမ်းခံရသူတွေကို တရားခွင်မှာ မေးကြည့်တော့ အမှုတွေ ကျူးလွန်တယ်လို့ ဝန်ခံ လာအောင် ရဲတွေက ညှဉ်းပန်း နှိပ်စက်၊ လက်မှတ်ထိုး ခိုင်းတယ်လို့ သူတို့က ပြောကြတယ်”ဟု ပြောဆိုသည်။
တရားစွဲဆို ခံထားရသူ ၁၇ ဦး ဘက်မှ ရှေ့နေ ဦးအောင်သိန်း အပါအဝင် ရှေ့နေ ၄ ဦး က လိုက်ပါ ဆောင်ရွက် ပေးနေကြောင်း သိရသည်။
လက်ရှိ တရားစွဲဆို ခံထားရသည့် မြန်မာ အလုပ်သမားများသည် ပိုက်လိုင်းတွင် တာဝန်ထမ်ဆောင်ခဲ့စဉ်က ၎င်းတို့ အပေါ် လုပ် အား ခ ခေါင်းပုံဖြတ်မှု၊ ခွဲခြားဆက်ဆံခံရမှု စသည့် နစ်နာမှုများအတွက် ပိုက်လိုင်းတွင် တာဝန်ယူ လုပ်ဆောင်နေသည့် ကုမ္ပဏီများရှိ တာဝန် ရှိသူများကို ဥပဒေ ကြောင်းအရ တရားစွဲဆို သွားရန် ဆန္ဒရှိ နေကြသည်ဟု ပြောဆိုကြကြောင်း ဦးအေးကျော်သန်း က ဆိုသည်။
မြန်မာ-တရုတ် ဝန်ထမ်းများ အခင်း ဖြစ်ပွားခဲ့သည့် နေရာသည် အမ်းမြို့မှ ၂၂ မိုင်ခန့် ဝေးကွာပြီး ရခိုင်ပြည်နယ်နှင့် မကွေး တိုင်း နယ်စပ် ဖြစ်ပြီး ရန်ကုန်-စစ်တွေ လမ်းပေါ်တွင် ရှိသည့် ဆီသန့်ထုတ် ကြားခံ စခန်းတခု ဖြစ်ကြောင်း၊ ယင်း စခန်း၌ တရုတ် ဝန်ထမ်း ၈၀ ခန့်နှင့် မြန်မာနိုင်ငံသား အလုပ်သမား ၁၅၀ ဝန်းကျင် လုပ်ကိုင်လျက် ရှိပြီး မြန်မာဝန်ထမ်း အများစုမှာ မကွေးတိုင်း ငဖဲမြို့နယ် မှ တောင်ပေါ် ချင်း တိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။