သတင်း

တရုတ်သို့ သစ်မှောင်ခို ခိုးထုတ်မှု မြန်မာ အစိုးရစစ်တပ် လာဘ်ယူ ခွင့်ပြုဟု KIO ပြော

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ်မှ တရုတ်နိုင်ငံတွင်းသို့ သစ်မှောင်ခို ခိုးထုတ်မှုများတွင် မြန်မာ အစိုးရစစ်တပ်များ ပါဝင် ပတ်သက် နေပြီး မှောင်ခိုသမား များထံမှ လာဘ်ငွေယူကာ သစ်မှောင်ခို ခိုးထုတ်မှုများကို အစိုးရ စစ်တပ်က ခွင့်ပြုပေးနေကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့(KIO) ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ဧရာဝတီသို့ ပြောသည်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ဧရာဝတီသတင်းဌာနနှင့် မတ်လဆန်ပိုင်းတွေ့ဆုံစဉ် ဦးလနန်က အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ပြီး အစိုးရစစ်တပ်သည် KIO အဖွဲ့က သစ်မှောင်ခို လုပ်ငန်းများ လုပ်နေသည့်ပုံစံ ဖြစ်စေရန် ပုံဖော်လာ ကြောင်း၊ တရုတ်နယ်စပ်ဒေသတွင် နေ့စဉ် သစ်မှောင်ခို ကားအစီး ၅၀ မှ ၆၀ ကြား ဖြတ်သန်းပြီး ယင်းသစ် မှောင်ခို ကားများသည် အစိုးရစစ်တပ်၏ လာဘ်ယူ ခွင့်ပြုချက်ဖြင့် တရားဝင် လမ်းကြောင်း မှ ဖြတ်သန်း သွားလာနေခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

“ ကချင်ပြည်နယ်ကို ဖြတ်ပြီး တရုတ်နယ်စပ် မှောင်ခိုလမ်းကြောင်းဖော်ကြတယ်။ ဒီလိုလမ်းကြောင်း ဖော်တဲ့နေရာမှာ လမ်းကြောင်း တိုင်းက စစ်တပ်တွေရှိတယ်။ စစ်တပ်တွေကိုလာဘ်ထိုးပြီးဖြတ်လာတယ်။ အရင်ညှိရတယ်လို့ သိရတယ်။ လမ်းကြောင်းရှင်းမှ ဖြတ်ရတယ်။ သက်ဆိုင်ရာစခန်းကလည်း ပြောတဲ့ဈေး နဲ့ ညှိနိုင်မှလည်း ရတယ်။ တနေ့ကို ကား အစီး ၅၀၊ ၆၀ လောက်ရှိပါတယ်။ ကျနော်တို့ KIA တပ်က လိုင်ဇာမြို့ နန့်ဆမ်ယန်ကျေးရွာမှာစခန်းအဆုံးပဲ။ ဗန်းမော် မြစ်ကြီးနား ကားလမ်းမှာ ဆိုအစိုးရစစ်တပ်က လုံခြုံရေး ယူထားပါတယ်။ နယ်စပ်ရောက်ဖို့အတွက် သူတို့တွေကတဆင့်ပြီး တဆင့် တက်လာတယ်လို့ သိရတယ်။ KIA (ကချင်လွတ်လပ်ရေး တပ်မတော်) ကို သစ်နဲ့စီးပွားရှာတယ်လို့နိုင်ငံတကာကို မြင်အောင်လုပ်တာပါပဲ´´ ဟု ဦးလနန်က ဆိုသည်။

အစိုးရစစ်တပ်က လာဘ်ယူပြီး သစ်မှောင်ခိုများ ခွင့်ပြုနေချိန် အစိုးရဝန်ကြီးဌာနများက သစ်များ တရားဝင် တင်ပို့ခွင့် ပါမစ်များ ထုတ်ပေးလျက်ရှိကြောင်း၊ တရားဝင်တင်ပို့ခွင့်ရရှိသော သစ်များမှာလည်း တရုတ်ပြည် ဈေးကွက်သို့သာ ဝင်ရောက် ကြောင်း၊ သစ်မှောင်ခိုမှုကို အကြောင်းပြု၍ တိုက်ပွဲများလည်း ဖြစ်ပွား လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“ မန်စီမြို့နယ်မှာလည်း အစိုးရက သစ်ကုမ္ပဏီတချို့ကို ပါမစ်ပေးတာရှိတယ်။ သစ်ပါမစ်ပေးတယ် ဆိုတာ ကလည်း တော်တာ် များများ တရုတ်ပြည်ကို ဝင်သွားတယ်။တရုတ်ပြည်ကိုသွားတဲ့သစ်တွေဟာ အစိုးရ ပါမစ် ရပြီးသား သစ်တော ဦးစီးဌာန ရထားတဲ့ပါမစ်တွေပါ။ သစ်တွေက မန်စီမြို့နယ်ကနေ တရုတ်ပြည်ကို ဝင်တာ အကောင်းဆုံးလမ်းကြောင်းပါပဲ။ သစ်ကို အကြောင်းပြပြီး တော့ တိုက်ပွဲဖြစ်နေတာ တိုက်ပွဲကြိမ် ၂၀လောက်ရှိပါတယ်။၂၀၁၃ နှစ်ကုန်ကနေ အခုထိပေါ့´´ ဟု  ဦးလနန်က ရှင်းပြသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အစိုးရစစ်တပ်က သစ်ခိုးထုတ်သူများကို နှိမ်နင်းသည်ဟုဆိုကာ KIA ရှေ့တန်း စစ်စခန်း တခုကို သိမ်းပိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုတွင် KIA တပ်သား တချို့ ကျဆုံးခဲ့ကြောင်း  KIA က သတင်းထုတ်ပြန်ခဲ့ပြီး အစိုးရ ကမူ သစ်ခိုးထုတ်သူများကို နှိမ်နင်းခဲ့သည်ဟု တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

Loading