မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ပျံသန်းလာသော မလေးရှားလေကြောင်းလိုင်းမှ MH370 လေယာဉ်ပျောက်ဆုံးမှုကို နိုင်ငံတကာက ပူးပေါင်းရှာဖွေလျက်ရှိရာ ယခုအခါ ပျောက်ဆုံးလေယာဉ်ရှာဖွေမှုကို မြန်မာ့ရေပိုင်နက်တွင်ပါ တိုးချဲ့ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။
ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦး သယ်ဆောင်လာသော မလေးရှားလေကြောင်းလိုင်းမှ MH 370 လေယာဉ်သည် မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် ကွာလာလမ်ပူလေဆိပ်မှ တရုတ်နိုင်ငံ ဘေဂျင်းမြိ့သို့ ပျံသန်းစဉ် လေဆိပ်မှ ထွက်ခွာပြီး ၁ နာရီခန့် အကြာ၌ ပျောက်ဆုံးမှုသည် ၆ ရက်မြောက်လာသော အချိန် အထိ လျှို့ဝှက် ဆန်းကြယ်မှုများနှင့် ရှိနေဆဲ ဖြစ်ပြီး ဘိုးအင်း 777 အမျိုးအစား MH 370 နှင့် ပတ်သက်သော သဲလွန်စ အချက် အလက်များ ယခုအချိန်အထိ မတွေ့ရှိရသေးကြောင်း၊ လေယာဉ်ပေါ်တွင် နိုင်ငံ ၁၄ နိုင်ငံမှ ခရီးသည်များ လိုက်ပါသွားပြီး အများစု မှာ တရုတ်နိုင်ငံသား များဖြစ်ကြောင်း၊ နိုင်ငံတကာအစိုးရက လေယာဉ်ပျောက်ဆုံးမှုကို ဝိုင်းကူညီလျက်ရှိရာ မြန်မာအာဏာပိုင် များကလည်း ပျောက်ဆုံးနေသော MH370 လေယာဉ်ကို မြန်မာ့ရေပိုင်နက်တွင် ရှာဖွေခွင့် ပြုလိုက်ကြောင်း သိရှိရသည်။
လေကြောင်းညွှန်ကြားမှု ဦးစီးဌာန (DCA) ၏ ညွှန်ကြားမှူးချုပ် ဦးတင်နိုင်ထွန်း၏အဆိုအရ မလေးရှား အာဏာပိုင်များက ပျောက်ဆုံးနေသော လေယာဉ်ကို မြန်မာ့ ရေပိုင်နက် အတွင်းတွင် ၇ ရက်ကြာရှာဖွေခွင့်ပြုရန် ခွင့်တောင်းခဲ့ပြီး မြန်မာအစိုးရက ခွင့်ပြုချက်ပေးလိုက်ကြောင်း၊ ပျောက်ဆုံး မလေးရှား လေယာဉ်ရှာဖွေမှုကို အကူအညီပေးရန် မြန်မာအစိုးရ က ကယ်ဆယ်ရေးကော်မတီတခု ဖွဲ့စည်းထားသော်လည်း မလေးရှားနိုင်ငံက တရားဝင် အကူအညီတောင်းခံလာမှသာ ရှာဖွေရေးတွင် ပါဝင်ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
“ပြည်ထောင်စု အဆင့် ကယ်ဆယ်ရေး ကော်မတီဖွဲ့စည်းပြီးပါပြီ။ မလေးရှားအစိုးရက မြန်မာအစိုးရရဲ့ အကူအညီ လိုအပ် လာတဲ့ အချိန်ကျရင် သူတို့တွေနဲ့ ဆက်သွယ်ပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်သွားမှာပါ။ ကျနော်တို့ ဌာနက မြန်မာ ရေပိုင်နက်ထဲမှာ သူတို့ကို ကူညီပေးသွားမှာဖြစ်ပါတယ်။ ” ဟု ဦးတင်နိုင်ထွန်းကပြောသည်။
ပျောက်ဆုံးလေယာဉ်ရှာဖွေမှုကို မြန်မာ့ရေပိုင်နက် အတွင်း ရှာဖွေရာတွင် ကပ္ပလီပင်လယ်ပြင်အနီး တနင်္သာရီတိုင်း ကော့ သောင်းမြို့ ဝန်းကျင်ဒေသကို အဓိကရှာဖွေမည်ဟု သိရသည်။
မလေးရှား လေယာဉ်ရှာဖွေရေးတွင် အနည်းဆုံး နိုင်ငံ ၁၀ နိုင်ငံ ပူးပေါင်းပါဝင်နေပြီး ရေယာဉ် နှင့်လေယာဉ် ဒါဇင် နှစ်ချီ ၍ အသုံးပြု၍ မလေးရှားနိုင်ငံတဝိုက်နှင့် ဗီယက်နမ်တောင်ပိုင်း ပင်လယ်ပြင်တွင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက် နေကြောင်း သိရှိရသည်။
ယခုအပတ် အစောပိုင်းတွင် မလေးရှားနှင့် ဗီယက်နမ် လေကြောင်း အာဏာပိုင်များက မလေးရှား နိုင်ငံနှင့် ဗီယက်နမ် တောင်ပိုင်းကြားကို အဓိကထား၍ ရှာဖွေခဲ့ကြပြီး ထိုနေရာ၌ သံသယဖြစ်ဖွယ်ရာ အပျက်အစီးများ ရှိနေသည်ကို တရုတ်ဂြိုလ်တုမှ ဓာတ်ပုံများတွင် တွေ့ရှိရသော်လည်း ပျောက်ဆုံးလေယာဉ် နှင့် သက်ဆိုင်သော သဲလွန်စ တခုမျှ မတွေ့ ရှိခဲ့ရဟု သိရှိရသည်။
မတ်လ ၁၂ ရက်နေ့ထုတ် Wall Street ဂျာနယ်၏ သတင်းတပုဒ်တွင် လေယာဉ်သည် အဆက်အသွယ်ပြတ်သွားပြီးနောက် ၄ နာရီခန့် ဆက်လက် ပျံသန်းသွားဖွယ်ရှိကြောင်း ဖော်ပြခဲ့ပြီး လက်ရှိရှာဖွေ နေသည့် နေရာထက် မိုင်ပေါင်းရာနှင့်ချီ၍ ဝေးကွာ သွားနိုင်သည်ဟု ရေးသားထားသည်။
လေယာဉ်ပျောက်ဆုံးမှုကို နိုင်ငံစုံက ကူညီ ရှာဖွေပေးနေရာတွင် အိန္ဒိယ နိုင်ငံလည်းပါဝင်လာပြီး အိန္ဒိယ အစိုးရက ဂြိုလ်တု ဓာတ်ပုံများ၊ ရေဒါ ရလဒ်များ အပြင် ရေယာဉ်များ၊ ရေကြောင်း ကင်းထောက် လေယာဉ်များဖြင့် ကူညီရှာ ဖွေပေးသွား မည်ဟု သိရှိရသည်။