ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ်ရှိ ဦးစံဖေရပ်ကွက် အနော်ရထာလမ်းမြေပေါ်တွင် စည်ပင်သာယာရေး ကော်မတီက အဆောက်အအုံ ဆောက်လုပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ရပ်ကွက်နေသူများနှင့် ဈေးသူဈေးသားများက လာမည့် အပတ်မှစ၍ တရားစွဲဆိုမှု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
“စည်ပင်သာယာရေး ကော်မတီက ဈေးများဌာနနဲ့ အောင်ကောင်းကျော် ကုမ္ပဏီတို့ကို နိုင်ငံတော် သမ္မတရုံးအထိ စာတင်ပြသွားမယ်၊ ပြီးရင် ဥပဒေအရ တရားစွဲဆိုသွားမယ်”ဟု ရပ်ကွက်နေ ဒေသခံ ဦးချမ်းစိန်က ဧရာဝတီသို့ ပြောသည်။
တရားစွဲဆိုမှုများ ပြုလုပ်ရာ၌ စာချွန်တော် အမိန့်ပေး ဥပဒေ ၅ မျိုး ရှိသည့်အနက် အာဏာပိုင်ပေး စာချွန်တော်အမိန့်(Mandamus) ဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်း၊ တရားစွဲဆိုရာတွင် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနနှင့် အောင်ကောင်းကျော် ကုမ္ပဏီ တို့ကို ဦးစံဖေရပ်ကွက် နေသူများနှင့် ဈေးသူဈေးသားများက တရားလိုပြုလုပ်၍ တိုင်ကြားသွားမည်ဖြစ်ကြောင်း ဦးချမ်းစိန်က ပြော ဆို သည်။
အာဏာပေး စာချွန်တော်အမိန့်၌ ပါရှိချက်များအရ နိုင်ငံသားတဦးဦးသည် ပြည်သူ့ လွှတ်တော်တွင် ဖြစ်စေ၊ အမျိုးသား လွှတ်တော် တွင် ဖြစ်စေ၊ ပြည်နယ်(သို့မဟုတ်) တိုင်း လွှတ်တော်တွင် ဖြစ်စေ၊ အခြားသော အစိုးရဌာန တခုခုသည် ဥပဒေအရ လုပ်သင့် လုပ် ထိုက်သည်တို့ကို မပြုလုပ်လျှင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဟု အာဏာပေးသော စာချွန်တော်ဖြစ်ကြောင်း သိရ သည်။
တိုင်းဒေသကြီး အဆင့်နှင့် ပြည်ထောင်စု အဆင့်များတွင် ဖြေရှင်းဆောင်ရွက်ခဲ့သော်လည်း ပြေလည်မှု မရှိသည့်အတွက် စာချွန်တော် အမိန့်ပေး ဥပဒေအရ တရားစွဲဆိုခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ယင်းအငြင်းပွားမှု ပြဿနာမှာ ၄ လကျော် ကြာပြီ ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်း နှစ်ကြိမ်ဆန္ဒပြ တောင်းဆိုမှုများ ရှိခဲ့သော် လည်း အဆောက်အအုံကို ဆက်လက် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ကြားဝင် ဖြေရှင်းပေးသော် လည်း ပြေလည်မှု မရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဈေးတွင် ဈေးရောင်းချသူ ကိုသိန်းလွင်က “၂ လပိုင်း ၂၈ ရက်နေ့လောက်က ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဒု ဝန်ကြီး ဒေါက်တာ ဝင်းမြင့် ကိုယ်တိုင် ပြည်ထောင်စု အဆင့် အနေနဲ့ ညှိနှိုင်း ဖြေရှင်းပေး သေးတယ်၊ ဒါပေမယ့် အဆင်မပြေခဲ့ဘူး၊ စည်ပင် ဘက်က ပြောတာက လုပ်ငန်းလိုအပ်ချက်အရ ဆောင်ရွက်တာပါ၊ အထက်က ခိုင်းလို့ လုပ်တာပါလို့ပဲ ပြောတယ်”ဟု ပြောသည်။
လုပ်ငန်း လိုအပ်ချက်အရ ဆိုသည့် စကားမှာ ဥပဒေနှင့် မကိုက်ညီကြောင်း၊ ထို့ကြောင့် ဥပဒေနှင့် အညီ တရားစွဲဆို၍ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ကိုသိန်းလွင်က ထပ်မံပြောဆိုသည်။
ယင်း အဆောက်အအုံ ဆောက်လုပ်ထားသော နေရာသည် လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်ကပင် လမ်းနေရာ ဖြစ်ကြောင်း၊ တရားဝင် ထုတ်ပြန်ထားသော မြေပုံတွင် သာမက၊ မြို့ရွာနှင့် အိုးအိမ် ဦးစီးဌာနမှ ထုတ်ပြန်သော မြို့နယ်မြေပုံညွှန်း၌ တရားဝင် ပါရှိကြောင်း သင်္ဃန်းကျွန်း ဈေးသာယာရေး ဒု ဥက္က္ကဋ္ဌ ဦးကျင်သိန်းက ဧရာဝတီကို ပြောသည်။
အဆိုပါ လမ်းပိုင်းသည် လေးထောင့်ကန် လမ်းမကြီးနှင့် ဆက်သွယ်ပေးထားသည့် လမ်းပိုင်းတခုလည်း ဖြစ်ပြီး အကျယ် ပေ ၅၀ နှင့် အရှည် ပေ၂၅၀ ခန့်ရှိကြောင်း၊ ရပ်ကွက်အတွင်း မီးဘေးအန္တရာယ် ကြုံတွေ့ပါက အလွယ်တကူ အသုံးပြုနိုင်သည့် လမ်းပိုင်းတခု ဖြစ်ကြောင်း၊ ထို့ကြောင့် ရပ်ကွက်တွင်းနေထိုင်သူများက လမ်းမြေအဖြစ် ပြန်လည်ရရှိရန် ကန့်ကွက်တောင်းဆိုနေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သင်္ဃန်းကျွန်းဈေးမှ ဈေးတာဝန်ခံ ဒေါ်သင်းသင်းညွှန့် ကမူ“အစ်မတို့ ကတော့ အဆောက်အအုံကို ရပ်ဆိုင်းဖို့ ဆိုတာ မပြောနိုင်ဘူး၊ အထက်က အမိန့်အတိုင်း ဆောင်ရွက်နေတာပါ”ဟု ပြောသည်။
အဆိုပါလမ်းနေရာသည် လွန်ခဲ့သည့် ၁၉၅၈ ခုနှစ်ခန့်ကပင် ဈေးအဖြစ်အသုံးပြုခဲ့သည့် နေရာဖြစ်ကြောင်း၊ ဈေးသစ်ကြီး တည်ဆောက် ပြီးချိန်တွင် ဌာန၏လိုအပ်ချက်အရ ဧရိယာ၏ ၁၀ ပုံ ၁ ပုံခန့်ကို ဈေးတာဝန်ခံရုံး နှင့် ခရိုင်ရုံးအဖြစ် အသုံးပြုရန် တည် ဆောက်ခြင်း ဖြစ်ကြောင်း၊ ကျန်ရှိသည့် နေရာများကို ဈေးသူဈေးသားများအတွက် ယာဉ်ရပ်နား နေရာနှင့် ယာဉ်ဝင်၊ ယာဉ်ထွက် လမ်းအဖြစ် အသုံးပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးဌာနမှူး ဦးစံရွှေထွန်းက ပြောသည်။
ယခုအခါ ထို အဆောက်အအုံ ဆောက်လုပ်မှု ၉၉ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။