သတင်း

သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ဟောပြောသူများ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရ

This article has been converted from Zawgyi One to Unicode

ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ဒီရေကာတော စားကျက်မြေများ အရေးပါသည့် အကြောင်း စီစဉ် ဟောပြောသူ ၄ ဦးအား နယ်မြေခံ ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် တရားစွဲဆို ထားကြောင်း သိရသည်။

“သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက အရေးကြီးကြောင်း၊ ပင်လယ် ကမ်းဘေးနေတဲ့ လူတွေ အတွက် ဒီရေကာတော စားကျက်မြေတွေဟာ အသက်တမျှ အရေးကြီးတဲ့အကြောင်း ရွာတွေမှာ လိုက်လံ ရှင်းပြတယ်၊ အဲဒါကို ကျုံဒါး ရဲစခန်းက မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် ရဲမှူး ညွှန်ကြားချက်အရ ဆိုပြီး ကျနော်တို့ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့် တရားစွဲတာ”ဟု တရားစွဲ ခံရသည့် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN) မှ ဦးထွန်းထွန်းဦးက ဧရာဝတီကို ပြောသည်။

သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး မတ်လ ၁၀ ရက်၊ ၁၁ ရက်များတွင် လိုက်လံ ဟောပြောခဲ့ခြင်း ဖြစ် သည်ဟုလည်း ဆိုသည်။

ဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲ ခံရသူများမှာ HRWDN မှ ဦးထွန်းထွန်းဦး၊ ဒေသခံ ဦးချိုလွင်၊ ဦးမြင့်လွင်နှင့် နေအိမ်ဝိုင်း အတွင်း ဟောပြောရန် စီစဉ်ပေးသူ ချောင်းသစ်ပေါက် ကျေးရွာမှ ဦးခင်ရွှေတို့ ဖြစ်ကြောင်း သိရသည်။

ဦးထွန်းထွန်းဦးကို ကျုံးဒါး ရဲစခန်းမှ စခန်းမှူး ရဲအုပ် နိုင်မွန်ထွန်းက မတ်လ ၁၂ ရက်က ရဲစခန်းသို့ ခေါ်ယူ၍ စစ်ချက် ယူခဲ့ကြောင်းနှင့် ဒေသခံ ၃ ဦးကို ယနေ့ ကျုံဒါးရဲစခန်း၌ စစ်ချက်ယူမည်ဖြစ်ကြောင်း တရားစွဲခံထားရသူ ဦးချိုလွင်က ပြောသည်။

“ကျနော်တို့က ဦးထွန်းထွန်းဦး လိုက်လံ ဟောပြောတဲ့ နေရာမှာ ဒေသခံတွေနဲ့ မိတ်ဆက် ပေးတာ၊ နောက်က လိုက်တာပဲ ရှိပါတယ်၊ ဝင်ရောက် ဟောပြောတာ လုံး၀ မရှိခဲ့ပါဘူး၊ အဲဒါကို ပုဒ်မ ၁၈ နဲ့ ထည့်စွဲ ထားတာ”ဟုလည်း ၎င်းက ပြောပြသည်။

တရားစွဲ ဆိုခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် သိနိုင်ရန် ကျုံဒါး ရဲစခန်း စခန်းမှူး ရဲအုပ် နိုင်မွန်ထွန်း အား ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။

အဆိုပါ ဒေသသည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ပယ်လယ်ရေ တိုက်စားပြီး ကမ်းပါးပြိုမှုများ ဆိုးဝါးစွာ ဖြစ်ပေါ်နေ ကြောင်း၊ ၂၀၈၄ ဧက ရှိသည့် ကျုံတက် ဒီရေကာတော စားကျက်မြေမှာ ပင်လယ်ရေ တိုက်စားသဖြင့် ဧက ၁၀၀၀ ခန့် ပင် လယ် ထဲ ကျသွားခဲ့ပြီ ဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။

“သူတို့ ရွာတွေက မုတ္တမ ပင်လယ်ကွေ့ ကပ္ပလီ ပင်လယ်ဘေးမှာ ရှိနေတာ၊ အင်္ဂလိပ် လက်ထက်တုန်းက ဒီရေကာတော စားကျက်မြေ ဧက ၂၀၀၀ ကျော် သတ်မှတ်ပြီး သဘာ၀ ဘေးဒဏ်ခံနိုင်အောင် စီစဉ်ခဲ့တာ တွေ့ရတယ်၊ အဲဒီ ဒီရေကာတော တွေကို ကျေးရွာ အာဏာပိုင်တွေက ရောင်းစားပစ်တော့ ငွေရှိတဲ့ လယ်သမားတွေက လယ်ဝင်လုပ်ပစ်တာ ဒီရေကာတော တွေ အကုန်ပြုန်းတီး သွားပြီ”ဟုလည်း ၎င်းက ပြောဆိုသည်။

လယ်ယာမြေ ဖြစ်နေသည့် ဒီရေကာတော စားကျက်မြေများကို ပြန်လည်ဖော်ထုတ်ပြီး ဒေသခံတို့၏ အသက်အန္တရာယ် လုံခြုံ မှုအတွက် သဘာ၀ ဒီရေကာတောများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးရန် လိုအပ်နေကြောင်း ဟောပြောခဲ့သည်ဟု ဦးထွန်းထွန်း ဦးက ဆိုသည်။

ဒေးဒရဲမြို့နယ်ရှိ ကျုံဒါတ်၊ မရမ်း၊ လိပ်ကျွန်း၊ ဆူးကလပ်၊ ရှမ်းကန် စသည့် ကျေးရွာ အုပ်စုများသည် ဒေးဒရဲမြို့ တောင် ဘက်တွင် တည်ရှိပြီး ကျေးရွာပေါင်း ၄၆ ရွာ ပါဝင်ကာ လူပေါင်း ၄ သောင်းကျော် အခြေချ နေထိုင်ကြသည့် ပင်လယ် ကမ်းစပ် ဒေသ ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း တိုက်ခတ်စဉ်က ပင်လယ် ဒီရေကာတောများ မရှိသည့်အတွက် လူပေါင်းများစွာ သေကြေခဲ့ရပြီး နေအိမ် အဆောက်အအုံနှင့် စီးပွား ဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကျုံဒါတ် ကျေးရွာအုပ်စု တော်ကနိ – ညောင်လိန်ကုန်း ကျေးရွာမှ ဦးအောင်ကြည်ညွန့်က ပြောသည်။

“နာဂစ် တိုက်တုန်းက ဆိုရင် ရေတွေက ပင်လယ်ကနေ အတားအဆီး မရှိဘဲ လှိုင်းလုံးတွေနဲ့ တဟုန်ထိုး တက်လာတာ၊ ကျနော်တို့ ရွာတင် လူပေါင်း ၅၃ ဦး သေတယ်၊ အိမ်ခြေ ၁၆၀ မှာ အိမ် ၁၄၃ လုံးက အလုံးလိုက်ကို ကျွတ်ထွက် သွားတာ၊ အုတ် ဖိနပ်တောင် မကျန်ဘူး၊ ဒါကြောင့် ကျနော်တို့ သားစဉ် မြေးဆက် အသက်အန္တရာယ် လုံခြုံရေး အတွက် ဒီရေကာတော စားကျက်မြေ ပြန်လည် ဖော်ထုတ် ပေးစေချင်ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ဒီရေကာတော စားကျက်မြေ ပြန်လည် ဖော်ထုတ်ပေးရန် ကျုံတက် ကျေးရွာအုပ်စုမှ ဒေသခံ ၁၅၀ ကျော်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်က ဒေးဒရဲမြို့ပေါ်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသေးသည်။

ပုဒ်မ ၁၈ သည် ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ဖြစ်သည်။

ယင်း ဥပဒေ ကို သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သည်။ ပြစ်မှု ထင်ရှားပါက ၁ နှစ် ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။

မကြာသေးခင်က ယင်းပြစ်ဒဏ်ကို တနှစ်ထက် မပိုသော ထောင်ဒဏ်အစား ခြောက်လထက် မပိုသော ထောင်ဒဏ် သို့ လျှော့ပေါ့ ပြောင်းလဲ ထားသည်။

Loading