မြန်မာနိုင်ငံတဝန်း သန်းခေါင်စာရင်း ကောက်ယူမှုကို မတ် ၃၀ မှ ဧပြီ ၁၂ ရက်နေ့အထိ လုပ်ဆောင်မည် ဖြစ်ရာ ပြည်ပရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားများနှင့် မိသားစုများသည် မြန်မာပြည် လူဦးရေနှင့် အိမ်ထောင်စု စာရင်း၌ ပါဝင်ခြင်း မရှိမည်ကို စိုးရိမ် နေကြကြောင်း သိရှိရသည်။
“တချို့လည်း သန်းခေါင်စာရင်းကိစ္စနဲ့ မြန်မာပြည်ကို ပြန်သွားတာ ရှိတယ်၊ မိသားစုဝင် အားလုံးက ထိုင်းမှာ လာရောက် အလုပ် လုပ် တော့ မြန်မာပြည်မှာ အိမ်ထောင်စု စာရင်း မဝင်မှာ စိုးလို့ ပြန်ကြတယ်”ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (BAT) မှ တာဝန်ခံ မဦးက ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန(လဝက) ဒု ညွန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်ညိုကမူ သန်းခေါင်စာရင်း အတွက် ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မြန်မာပြည် ပြန်လာရန် မလိုကြောင်း ဧရာဝတီ ကို ပြောပြသည်။
“ပြန်လာရင် လမ်းစရိတ်ကုန်မယ်၊ ပြန်သွားရင် အလုပ်ဆက်ရ မရ ဆိုတာလည်း မသေချာဘူး၊ သူတို့တွေ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင် တယ်၊ မြန်မာပြည်မှာ ကျန်တဲ့မိသားစုတွေကို သန်းခေါင်စာရင်း လာကောက်ရင် သေချာ ပြောပြဖို့တော့ လိုတယ်”ဟု ဒေါ်ခင်ခင်ညိုက ပြောသည်။
သန်းခေါင်စာရင်း ကောက်သည့်အချိန်တွင် အိမ်ထောင်စုဝင်ထဲမှ နိုင်ငံခြားသို့ သွားရောက်သူများရှိပါက အမည်၊ အသက်၊ ကျား/မ၊ ထွက်ခွာသည့် ခုနစ်၊ ရောက်နေသည့် နိုင်ငံကို အတိအကျ ဖြေကြားပေးရန် လိုကြောင်းလည်း ၎င်းက ရှင်းပြသည်။
သို့သော် ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းမောင်က ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများနှင့် မိသားစုများသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး သတင်း အချက် အလက် အပြည့်အစုံကို မသိရှိကြသဖြင့် မြန်မာပြည်သို့ ပြန်လာရန် ပြုလုပ်နေကြောင်း၊ နိုင်ငံခြားသို့ အိမ်ထောင်စုလိုက် သွားရောက် အလုပ်လုပ်နေသည့် အိမ်ထောင်စု တစုလျှင် တဦး မြန်မာပြည်သို့ ပြန်လာသင့်ကြောင်း ဧရာဝတီသို့ ပြောသည်။
“သန်းခေါင်စာရင်းနဲ့ ပြန်လာချင်လည်း ရသလို မပြန်ချင်လည်း ရတယ်လို့တော့ ပြောထားပါတယ်၊ ဒါပေမယ့် ရှမ်းတွေက မိသားစု လိုက် ထိုင်းနိုင်ငံကို ရောက်နေတော့ တအိမ်တယောက်တော့ ပြန်လာရင် ပိုကောင်းတယ်လို့ ပြောထားပါတယ်”ဟု ဦးစိုင်းသန်းမောင် က ဆိုသည်။
ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမား ၁ သန်းကျော်ရှိပြီး မလေးရှားနိုင်ငံတွင် မြန်မာ အလုပ်သမား ၅ သိန်းခန့် ရှိကြောင်း၊ သန်းခေါင် စာရင်း ကောက်သည့်အချိန် ကျေးရွာတွင် လူဦးရေ နည်းနေမည်ဆိုပါက နောက်ပိုင်းတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက် သွယ် ရေး၊ အမျိုးသားရေး ကဏ္ဍများ၌ အစိုးရ ထောက်ပံ့ရေးအစီအစဉ်တွင် အခက်အခဲဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆက်ပြော သည်။
မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၉၈၃ ခုနစ်တွင် နောက်ဆုံးအကြိမ် ကောက်ယူခဲ့ပြီး ယခု နှစ်ပေါင်း ၃၀ ကျော် ကြာမှ ပြန်လည် ကောက်ယူခြင်း ဖြစ်သည်။