မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံးလျက်ရှိသော MH 370 လေယာဉ်ကို မြန်မာ့ ရေပိုင်နက်တွင်လည်း ရှာဖွေရန် မလေးရှားအာဏာပိုင်များ၏ ခွင့်တောင်းခြင်းကို ခွင့်ပြုကြောင်း အကြောင်းကြားထားသော်လည်း ယနေ့အထိ ပြန်လည် ဆက်သွယ်ခြင်း မပြုသေးကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။
မလေးရှား အာဏာပိုင်များက မြန်မာ့ရေပိုင်နက်တွင် ၇ ရက်ကြာ ရှာဖွေခွင့်ပြုရန် ခွင့်တောင်းသည့် အတွက် မတ်လ ၁၁ ရက်နေ့က လေကြောင်းလိုင်း တာဝန်ရှိသူများသို့ အကြောင်းကြားခြင်း ဖြစ်ကြောင်း၊ ထပ်မံရှာဖွေလို ပါက နောက်ထပ် ၇ ရက် တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ဧရာဝတီ ကို ပြောပြသည်။
“မြန်မာ့ ရေပိုင်နက်မှာလည်း ဖြစ်နိုင်တယ်လို့ မှန်းခြေ တွက်ထားသလို၊ မဖြစ်နိုင်ဘူးလို့လည်း တွက်ထားပြီးသားပါ၊ မလေးရှားဘက် က ရှာဖွေမယ်လို့ အကြောင်းပြန်လာရင်တော့ မြန်မာနိုင်ငံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကလည်း ပူးပေါင်း ပါဝင်မှာပါ”ဟုလည်း ၎င်းက ရှင်းပြသည်။
လေယာဉ်ပျောက်ဆုံးမှုကို နိုင်ငံစုံက ကူညီ ရှာဖွေပေးနေရာတွင် မြန်မာ့ ရေပိုင်နက်အတွင်း ရှာဖွေမည်ဆိုပါက ဘင်္ဂလား ပင်လယ်အော် အတွင်း အဓိကထား ရှာဖွေရန် စီစဉ်ထားကြောင်း၊ အိန္ဒိယ နိုင်ငံကလည်း ဂြိုဟ်တု ဓာတ်ပုံများ၊ ရေဒါ ရလဒ်များ အပြင် ရေယာဉ်များ၊ ရေကြောင်း ကင်းထောက် လေယာဉ်များဖြင့် ကူညီရှာဖွေပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
မလေးရှား လေယာဉ် ပြန်လည်တွေ့ရှိရေး အတွက် နိုင်ငံ ၁၀ ခုမှ အဖွဲ့အစည်းများ ပူးပေါင်းကာ ရေယာဉ်၊ လေယာဉ် ဒါဇင်နှင့် ချီအသုံးပြုလျက်ရှိကြောင်း၊ ယခုအပတ် အစောပိုင်းတွင် မလေးရှား နိုင်ငံနှင့် ဗီယက်နမ် တောင်ပိုင်း ဒေသများကို အဓိကထား၍ ရှာဖွေခဲ့ရာ သံသယဖြစ်ဖွယ် အပျက်အစီးတချို့ကို တရုတ်ဂြိုဟ်တု ဓာတ်ပုံများတွင် တွေ့ရှိရသော်လည်း ပျောက်ဆုံးလေယာဉ် နှင့် သက်ဆိုင်သော သဲလွန်စ ဟူ၍ မတွေ့ရချေ။
မလေးရှား လေကြောင်းလိုင်း၏ ယနေ့ မွန်းတည့် ၁၂ နာရီ အချိန် ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် စနေနေ့ မနက်ပိုင်းက ပျောက်ဆုံး သွားခဲ့သည့် လေယာဉ်ကို ယနေ့ ၇ ရက်မြောက် သောကြာနေ့ အထိ ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။
ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦး သယ်ဆောင်လာသော မလေးရှား လေကြောင်းလိုင်းမှ MH 370 လေယာဉ်သည် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကွာလာလမ်ပူ လေဆိပ်မှ တရုတ်နိုင်ငံ ဘေဂျင်းမြိ့သို့ ပျံသန်းစဉ် လေဆိပ်မှ ထွက်ခွာပြီး ၁ နာရီ ခန့် အကြာ၌ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။