မြန်မာစစ်တပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့တွင် ပါဝင်ရန် ကမ်းလှမ်းခဲ့မှုနှင့် ပတ်သက်ပြီး အမေရိကန် နိုင်ငံ နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (HRW) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။
မကြာသေးခင်က မြန်မာနိုင်ငံသို့သွားရောက်ခဲ့သော ကုလသမဂ္ဂ အတွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံ ပေး မစ္စတာ ဗီဂျေနမ်ဘီယာက မြန်မာ့တပ်မတော်အား ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွင် ပါဝင်ရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကမ်းလှမ်းခဲ့သည်။
မြန်မာစစ်တပ်သည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုအများဆုံး ဖြစ်ပြီး အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေး စစ်သား အသုံးပြုမှု၊ လိင် အကြမ်းဖက်မှု၊ နှိပ်စက် ညှဉ်းပန်းမှုနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများ၊ အခြားသော ကျူးလွန်မှုများ ရှိနေကြောင်း HRW က မတ်လ ၁၃ ရက်နေ့ ရက်စွဲဖြင့် ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသို့ ပေးပို့သော ထုတ်ပြန်ချက် စာ တွင် ဖော်ပြထားသည်။
ထို့အပြင် မြန်မာအစိုးရသည် မြန်မာစစ်သားများ၏ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းများအပေါ် တာဝန်ယူကိုင်တွယ် ဖြေရှင်းမှုလည်း မရှိသေးကြောင်း HRW က ထောက်ပြသည်။
“မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် အကာအကွယ်ပေးမှုနဲ့ လူ့အခွင့်အရေး မှတ်တမ်း ဆိုးဆိုးဝါးဝါး ရှိနေမှုတွေက ကမ္ဘာတခွင် အကာအကွယ်ပေးဖို့ မျှော်လင့်ချက်နဲ့ ဖွဲ့ထားတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဆိုတဲ့ စံကို အကြီးအကျယ် ထိခိုက်ပုံပျက် သွားစေ တယ်”ဟု HRW ၏ အမှုဆောင် ဒါရိုက်တာ ကင်းနက် ရို့သ်က ပြောသည်။
သူက ဆက်ပြီး ကုလသမဂ္ဂအနေနှင့် မြန်မာစစ်တပ်ကို ငြိမ်းချမ်းရေးတပ်တွင် ထည့်သွင်းလိုက်မည်ဆိုပါက ကုလသမဂ္ဂ၏ ပဋိညာဉ် လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများကို ပျက်စီး ယိုယွင်းသွားရန် စွန့်စားလိုက်ခြင်းဖြစ်၍ စိုးရိမ်စရာ အခြေအနေ ဖြစ်လာနိုင်ကြောင်း လည်း သတိပေးထားသည်။
မြန်မာစစ်တပ်သည် ၁၉၆၂ ခုနှစ်က တိုင်းပြည်အာဏာကို သိမ်းပြီးကတည်းက စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး ချိုး ဖောက်မှုများကို ကျူးလွန်နေကြောင်းလည်း HRW ကြေညာချက်က ဆိုသည်။
ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးအောက်ရှိခဲ့သော မြန်မာနိုင်ငံတွင် မကြာမီက စတင်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သော် လည်း မြန်မာစစ်တပ်က ပြုပြင်ပြောင်းလဲရေး မလုပ်ဆောင်သေးကြောင်းလည်း HRW က ပြောသည်။
စစ်အစိုးရ ရေးဆွဲထားသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း မြန်မာစစ်တပ်၏ အတိတ်ကကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ အပေါ် တရားဝင် အကာအကွယ် ပေးထားကြောင်း၊ ထို့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် စစ်တပ်အတွင်း ယဉ်ကျေးမှု တခုကဲ့သို့ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေကြောင်း HRW က ဆက်လက်ပြောဆိုသည်။
ထို့အပြင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုများယနေ့အထိ ဆက်တိုက် ကျူးလွန်နေဆဲဖြစ်ပြီး အထူးသဖြင့် ကချင်ပြည်နယ်တွင်းရှိ အရပ်သားများအပေါ် ကျူးလွန်မှုများလည်း ရှိ
နေဆဲဖြစ်ကြောင်း HRW က ထောက်ပြသည်။
ယခုကဲ့သို့ နှစ်ပေါင်းများစွာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုများ အထင်အရှား ရှိနေသည်ကို ကုလသမဂ္ဂ၏ အစီ အစဉ်တွင် မြန်မာစစ်သားများ ထည့်သွင်းမည်ဆိုပါက အလွန်စွန့်စားခြင်းဖြစ်ပြီး ကုလ သမဂ္ဂ အလံတော်အောက်တွင် လူ့အခွင့် အရေးချိုးဖောက်မှုများကို ကာကွယ်ရန် တာဝန်ထမ်းဆောင်ရမှု ပျက်ကွက်မည်ဟုလည်း HRW က ဆိုသည်။
မြန်မာစစ်တပ်၏ ကလေးစစ်သား အသုံးပြုနေမှုသည် စိုးရိမ်စရာတခုလည်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဇွန်လက မြန်မာအစိုးရသည် ကုလသမဂ္ဂနှင့် ကလေး စစ်သား အဆုံးသတ်ရေး လုပ်ငန်းစီမံကိန်းတခုကို လက်မှတ်ရေး ထိုးခဲ့ကြောင်းလည်း ပါရှိသည်။
အဆိုပါ စီမံချက်မှာ ၂ဝ၁၃ ခုနှစ် နှစ်ကုန်တွင် ကလေးစစ်သားများကို ပြန်လွှတ်ပေးပြီး ကလေးစစ်သား တပ်သားသစ် စုဆောင်းမှုကိုလည်း အဆုံးသတ်ရေး သဘောတူညီမှုဖြစ်သည်။
ထို့နောက်ပိုင်း မြန်မာစစ်တပ်အတွင်းမှ ကလေးစစ်သား အနည်းငယ်ကိုသာ ပြန်လွှတ်ပြခဲ့ကြောင်း၊ သို့သော် ကလေးစစ်သား တပ် သားသစ် စုဆောင်မှုများ ဆက်လုပ်နေသည့် အထောက်အထားများ ကုလသမဂ္ဂ၌ ရှိကြောင်း HRW ထုတ်ပြန်ချက်က ဆိုသည်။
ထို့အပြင် ကလေးစစ်သား အဖြစ် ဟန်ဆောင်ခိုင်းကာ အိမ် ပြန်ပို့ ပေးသည်ဟု အခမ်းအနားပြုလုပ် လှည့်ဖျားခြင်းများကို ILO နှင့် အခြား အဖွဲ့အစည်းများက တွေ့ရှိထားကြောင်း HRW ၏ ပြောရေးဆိုခွင့် ရှိသူ Brad Adams ၏ ပြောကြားချက်ကိုလည်း ဘီဘီစီ သတင်းတရပ်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ အခြေအနေဆိုးများ ဆက်လက်ရှိနေဆဲ မြန်မာစစ်တပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့သည့် ကုလသမဂ္ဂအနေဖြင့် ရှက်ဖွယ်ကောင်းသည့် လုပ်ဆောင်ချက်များ အဆုံးသတ်သင့်ကြောင်း HRW ၏ အမှုဆောင် ဒါရိုက်တာ ရို့သ် က ပြောဆိုသည်။