မြန်မာနိုင်ငံ တဝန်း လာမယ့် မတ်လ ၃၀ ရက်ကနေ ဧပြီ ၁၂ ရက် အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတော့ပါမယ်။
အာဏာပိုင်တွေက နိုင်ငံတဝန်းရှိ လူဦးရေ စာရင်း အတိအကျ သိရဖို့ သန်းခေါင်စာရင်း ကောက်ခံတာလို့ ဆိုပေမယ့် လူထုရဲ့ အခြေ ခံ စီးပွားရေး ဘယ်လောက်အထိ ရှိပြီး ဝင်ငွေ ဘယ်လောက်ရတယ် ဆိုတာ ကောက်ယူပြီး အခွန် ကောက်ခံဖို့ အတွက် လုပ်ဆောင် တာ ဖြစ်နိုင်တယ်လို့ အများစုက ပြောဆိုနေကြပါတယ်။
အနှစ် ၃၀ ကျော်ကြာမှ ပြန်လည် ကောက်ခံမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုနဲ့ ပတ်သက်ပြီး ပြည်သူလူထု အကြား ဘယ်အတိုင်းအတာ အထိ သိနားလည်ကြလဲ ဆိုတာကို အသက် ၁၅ နှစ် နဲ့ အသက် ၆၀ နှစ် အကြား အလွှာစုံ ၂၀ လူဦးရေ ၂၀ ခန့်ကို မေးမြန်း ကြည့်ရာမှာ သန်းခေါင်စာရင်း ကောက်ယူမှု အပေါ် တကယ်တမ်း မှန်မှန်ကန်ကန် သိရှိနားလည်မှု ရာခိုင်နှုန်းက ၃ ရာခိုင်နှုန်းထက် မပိုတာ တွေ့ရပါတယ်။
အသက် ၆၃ နှစ် အရွယ် အစိုးရ ဝန်ထမ်း အငြိမ်းစား တဦး ဖြစ်သူ ဦးထွန်းဝင်းက “ပြည်ပမှာ အလုပ် သွားလုပ်နေတဲ့ သား တယောက် ရှိတယ်၊ သန်းခေါင်စာရင်း လာကောက်ရင် အဲဒီသားအကြောင်း ထည့်ပြော ရမလား၊ မပြောရဘူးလားကို ဦးလေးလည်း စဉ်းစားနေတာ၊ မတော် ပြောပြလိုက်မှ အခွန်တွေ၊ ဘာတွေ လာကောက်နေရင် ဒုက္ခ ရောက်နေမယ်”လို့ သူ့အမြင်ကို ပြောပါတယ်။
တချို့ မိသားစုများမှာ အိမ်သား တချိူ့က နယ်စပ် ဒေသက တဆင့် အိမ်နီးချင်း တဖက် နိုင်ငံများကို တရားမဝင် သွားရောက် လုပ် ကိုင်နေတဲ့ သူတွေ ရှိကြပါတယ်။ အဲဒီလို တရားဝင်သည် ဖြစ်စေ၊ တရားမဝင်သည် ဖြစ်စေ ဘယ်သူ တဦး တယောက်မှ မသိနိုင် အောင် နိုင်ငံခြား ရောက်ရှိနေသူတွေကို သန်းခေါင်စာရင်း ကောက်ခံချိန်မှာ ပြန်လာဖို့ လိုအပ်၊ မလိုအပ်နဲ့ ထုတ်ဖော်ပြောပြသင့် မသင့် ကို သိလိုနေကြပါတယ်။
အသီးအနှံတွေ ရပ်ကွက်ထဲ အထမ်းနဲ့ လှည့်လည် ရောင်းချနေသူ ကိုသာဦးက သူ့လို နယ်တကာ လိုက်လှည့် ဈေးရောင်းချပြီး ကြုံရာ အိပ်နေရသူ တယောက်က သန်းခေါင်စာရင်း ကောက်ယူချိန်မှာ ဘယ်လို ပါဝင် ရမလဲဆိုတာ မသိရှိကြောင်း ပြောဆိုပါတယ်။
“ကျနော်တို့က နယ်ကလာပြီး ဒီမှာ ဈေးရောင်းနေတာ ဆိုတော့ တရပ်ကွက်ဝင်၊ တမြို့နယ်ပြောင်း သွားနေရတာ၊ တွေ့တဲ့ နေရာမှာ နား၊ ကြုံရာအိပ် နေတဲ့ သူတယောက်က ဘယ်လို စာရင်းပေးရမှာလဲ၊ သန်းခေါင်စာရင်းက ကျနော်တို့လို လမ်းဘေးနေသူတွေနဲ့ရော ဆိုင်ရော ဆိုင်လား”လို့ ကိုသာဦးက ပြောပါတယ်။
အိုးမဲ့အိမ်မဲ့ သွားလာ နေထိုင် နေသူတွေ၊ နယ်တကာ လှည့်လည် ရွှေ့ပြောင်း လုပ်ကိုင် စားသောက်နေသူတွေ အပါအဝင် ဟိုတယ်၊ တည်ခိုခန်း၊ ပင်လယ် ဆိပ်ကမ်းတို့မှာ ခေတ္တ ခဏ ရောက်နေသူတွေ၊ နယ်စပ် ဒေသကို ရောက်ရှိ နေသူတွေကို ဘယ်လို ပုံစံမျိုး ကောက်ယူမှာလည်း ဆိုတာ သိလို နေကြပါတယ်။
သန်းခေါင်စာရင်း ဘာကြောင့် ကောက်ခံသလဲ ဆိုတာကို အစိုးရ ဝန်ထမ်းတွေ ကိုယ်တိုင် ရှင်းရှင်းလင်းလင်း မသိရှိကြသေးဘူးလို့ဝန်ထမ်းတွေကြားမှာလည်း ပြောဆို နေကြပါတယ်။
တက္ကသိုလ် တခုမှာ အလုပ်လုပ်နေတဲ့ အစိုးရ ဝန်ထမ်း အမျိုးသမီး တဦးက “သန်ခေါင်စာရင်း ပညာပေး အစီအစဉ် ရုပ်သံ မှာ လာနေတာတော့ တွေ့တယ်၊ ကိုယ်လည်း အလုပ် မအားလို့ သေချာ မကြည့်ဖြစ်ဘူး၊ ဌာနမှာလည်း သန်းခေါင်စာရင်း ကောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက သေချာ လာရှင်းပြတာမျိုး မတွေ့သေးဘူး၊ ကျမလည်း ကိုယ်ဖြေမယ့် အချက်တွေ အပေါ် စိုးရိမ်စိတ် ရှိတယ်”လို့ ဆိုပါတယ်။
လူတွေကြားထဲမှာ အမှန်တကယ် ဖြစ်ပေါ်နေတာက သန်းခေါင်စာရင်း ကောက်ခံမှုက မေးမြန်းချက်တွေကို အမှန်အတိုင်း ဖြေကြား လိုက်လို့ နောက်ဆက်တွဲ အနေနဲ့ ဘာတွေ ဖြစ်လာမလဲ ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။
မကြာခင်က ပြုလုပ်ခဲ့တဲ့ သန်ခေါင်စာရင်း ကောက်ယူမှုနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည် သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ ကတော့“လူတယောက်ချင်းရဲ့ အချက်တွေ အားလုံးကို ကျနော်တို့က လျှို့ဝှက် ပေးထားပါတယ်၊ ဘယ်တဦး တယောက်၊ ဘယ်အဖွဲ့အစည်းကိုမှ ပြောမှာ မဟုတ်ပါဘူး၊ နောက်ပြီး အခုလို သန်းခေါင်စာရင်း ကောက်တာ အများ ထင်နေသလို အခွန် ကောက်ခံဖို့လည်း မဟုတ်ပါဘူး၊ အရေးယူ ခံရတာမျိုး မဖြစ်အောင် အာမခံချက် ပေးထားပြီးသားပါ”လို့ ပြောပါတယ်။
ဝန်ကြီးက ထွက်ပြေး လွှတ်မြောက်နေတဲ့ ရာဇဝတ်သား တယောက်၊ သို့မဟုတ် ရာဇဝတ်မှု ကျူးလွန်ထားသူ တယောက်က သန်းခေါင်စာရင်း မေးခွန်းတွေကို အမှန်အတိုင်း ဖြေတဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းက သိရှိပြီး ဖမ်းဆီးခံရတာမျိုး မဖြစ် အောင် အာမခံပေးတာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
သန်းခေါင်စာရင်း ကောက်ယူမယ့် အချိန်မှာ မိမိရဲ့ အိမ်ထောင်စုဝင်ထဲ မိသားစုဝင် တဦးဦးက နိုင်ငံခြားကို သွားရောက် နေရင် ကာယံကံရှင် ကိုယ်တိုင် ပြန်လာ စရာ မလိုဘဲ သူ့ရဲ့ အမည်၊ အသက်၊ ကျား/မ အုပ်စု၊ ထွက်ခွာတဲ့ ခုနစ်၊ ရောက်နေတဲ့ နိုင်ငံကို မိသားစုဝင်တွေကသာ အတိအကျ ဖြေကြားပေးဖို့ လိုကြောင်းလည်း ဝန်ကြီး ဦးခင်ရီက ရှင်းပြပါတယ်။
အလားတူ စီးပွားရေး လုပ်ငန်းရှင် တဦးက “စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အနေနဲ့ရော ဒီလို မေးတဲ့ မေးခွန်းတွေကို အမှန်တကယ် ဖြေမယ် ထင်သလား၊ ခရိုနီတွေလည်း မေးခွန်း အမှန်ဖြေဖို့ လိုတယ်ဗျ၊ လေယာဉ် ပိုင်ဆိုင်တယ်ဆို ပိုင်တယ်ပေါ့”လို့ ပြောပါတယ်။
ဆန်လက်လီ၊ လက်ကား ရောင်းဝယ်ရေး လုပ်ကိုင် နေတဲ့ စီးပွားရေး လုပ်ငန်းရှင် တဦးက သူတို့လို စီးပွားရေး လုပ်ကိုင်နေသူတွေ အနေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်လို ထည့်သွင်း ရေးသား ရမယ် ဆိုတာကို မသိကြောင်း ပြောဆိုပါတယ်။
သန်းခေါင်စာရင်း ကောက်ယူမှု မေးခွန်းမှာ ပါဝင်တဲ့ အိမ်ပိုင်ဆိုင်မှု၊ အိမ်တွင်း ပိုင်ဆိုင်မှုကို ဖြေကြားတဲ့အခါ အိမ် ဘယ်နှစ်လုံး ပိုင်ဆိုင်တယ်၊ ကား ဘယ်နှစ်စီး ပိုင်ဆိုင်တယ် ဆိုတာကို ပြောပြရမှာ မဟုတ်ဘဲ အိမ်ပိုင်ရှိရင် ရှိကြောင်း၊ ကားရှိရင် ရှိကြောင်းကိုသာ ဖြေရမှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။
“ကျနော်တို့ သိချင်တာ ကားဘယ်နှစ်စီး၊ အိမ်ဘယ်နှစ်လုံး ရှိတယ် ဆိုတာကို သိချင်တာ မဟုတ်ပါဘူး၊ လူတွေရဲ့ အဆင့်အတန်း ဘယ်လောက် အထိ ရှိလဲ ဆိုတာပဲ သိချင်တာပါ၊ အဲဒီ မေးခွန်း အတွက် အခွန် ရှောင်တာ၊ ဆောင်တာတွေ ကျနော်တို့လည်း သိမှာ မဟုတ်ပါဘူး”လို့ ဦးခင်ရီက ရှင်းပြ ပါတယ်။
သန်းခေါင်စာရင်း ကောက်ခံရေး ပုံစံမှာ မေးခွန်းပေါင်း ၄၁ ခု ပါဝင်မှာ ဖြစ်ပြီး မေးမြန်းထားတဲ့ မေးခွန်း အားလုံးကို ပြန်လည် ဖြေကြားပေးရမှာ ဖြစ်ပါတယ်၊ မေးခွန်း ပုံစံမှာ ရေးသား ဖြည့်သွင်းရာမှာလည်း သက်ဆိုင်ရာက တာဝန် ပေးထားသူတွေကပဲ လုပ်ဆောင် ရမယ်လို့ ဝန်ကြီးက ဆိုပါတယ်။
မေးမြန်းမယ့် မေးခွန်းတွေနဲ့ ပတ်သက်ပြီး သိရှိ နားလည်အောင် အပိုင်းလိုက် ခွဲခြားမယ် ဆိုရင် လူတိုင်းကို မေးမြန်းဖို့ မေးခွန်း ၂၀၊ အိမ်ထောင်ကျဖူးသူ အမျိုးသမီးတိုင်းကို မေးမြန်းဖို့ မေးခွန်း ၄ ခု၊ အိမ်အကြောင်း အရာနဲ့ သက်ဆိုင်တဲ့ မေးခွန်း ၈ ခု၊ အိမ်ထောင်စု လူဦးရေထဲက နိုင်ငံခြား ရောက်နေသူတွေနဲ့ သက်ဆိုင်တဲ့ မေးခွန်း ၅ ခု၊ ပြီးခဲ့တဲ့ ၁၂ လ အတွင်း အိမ်ထောင်စုဝင်တွေထဲမှာ သေ ဆုံး သွားသူတွေနဲ့ သက်ဆိုင်တဲ့ မေးခွန်း ၄ ခု စုစုပေါင်း မေးခွန်း ၄၁ ခု ပါဝင် ပါတယ်။
လူတိုင်းကို မေးမြန်းမယ့် မေးခွန်း ၂၀ ထဲမှာ လူမှုရေးနဲ့ သက်ဆိုင်တဲ့ အမည်၊ အသက်၊ ဘာသာ၊ လူမျိုး၊ နေရပ်၊ စာတတ်မြောက်တဲ့ အခြေအနေ၊ အလုပ်အကိုင် စတဲ့ မေးခွန်းတွေ ပါဝင်ပါတယ်။
မေးခွန်းတွေထဲက တိုင်းရင်းသားတွေ အငြင်းပွား နေတဲ့ လူမျိုး ဆိုတဲ့ မေးခွန်းကို ဖြေကြားတဲ့ အခါမှာ မိမိ လူမျိုးရဲ့အမည်ကို ကိုယ် တိုင် ဖော်ထုတ် ပြောကြားခွင့် ပေးထားပါတယ်။ တကယ်လို့ သန်းခေါင်စာရင်းမှာ သတ်မှတ်ထားတဲ့ လူမျိုး ကုတ် နံပါတ်မုှာ ကိုယ့် လူမျိုးအမည်နဲ့ ကုတ်နံပါတ် မပါတာ၊ ဒါမှမဟုတ် ကုတ်နံပါတ် သတ်မှတ်ချက်ကို မကြိုက်နှစ်သက်ဘူး ဆိုရင် သတ်မှတ်ထားတဲ့ အခြား ဆိုတဲ့ ကွက်လပ်မှာ ဖြည့်သွင်းပေးဖို့ သန်းခေါင်စာရင်း ကောက်ခံသူကို လွတ်လွတ်လပ်လပ် ပြောကြားနိုင်တယ်လို့ လမ်းညွှန် ထားကြောင်း သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးခင်ရီက “လူမျိုး ၁၃၅ မျိုးနဲ့ အခြေခံ သတ်မှတ် ရေးဆွဲထားတဲ့ ကုတ်စနစ်တွေကို မကြိုက်ရင် ပွင့်ပွင့် လင်းလင်းပဲ အခြားဆိုတဲ့ အကွက်မှာ ရေးသွင်း နိုင်ပါတယ်၊ သတ်မှတ်ထားတဲ့ ကုတ် နံပါတ် စနစ်ကို မယူဘဲ ရေးသွင်း နိုင်ပါတယ်” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြန်လည် ဖြေကြား ပါတယ်။
သန်းခေါင်စာရင်း ကောက်ခံမယ့် ကာလကို မတ်လ ၃၀ ရက်မှ ဧပြီ ၁၀ ရက်နေ့အထိလို့ သတ်မှတ်ထားပေမယ့် သန်းခေါင်စာရင်း ကောက်ခံဖို့ သတ်မှတ်ချိန်က ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက် ညသန်းခေါင်ယံ အချိန် ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ မြန်မာနိုင်ငံ အတွင်းက ဘယ်နေရာမှာပဲ ရောက်နေနေ စာရင်း ကောက်ဖို့ အကျုံးဝင်တယ်လို့ ဆိုပါတယ်။ တကယ်လို့ မိမိဟာ နေအိမ်မှာ မဟုတ်ဘဲ တခြားအိမ်၊ ဒါမှမဟုတ် ဒေသ တခုမှာ ရောက်နေရင် ရောက်နေတဲ့ နေရာမှာ ကောက်ခံမယ့် သန်းခေါင်စာရင်းမှာ အကျုံးဝင်တယ်လို့ သိရပါတယ်။
သန်းခေါင်စာရင်းမှာ ထည့်သွင်း ခံရမယ့် သူတွေဟာ သတ်မှတ် ကောက်ခံချိန် အထိ မသေဆုံးသေးတဲ့ ဘယ်သူ့ကိုမဆို ကောက်ခံမှာ ဖြစ်သလို သတ်မှတ်ချိန် အတွင်းမှာ မွေးဖွားလာတဲ့ ကလေးတွေကို ထည့်သွင်း ကောက်ခံမှာ ဖြစ်ပေမယ့် မမွေးသေးတဲ့ ကလေး တွေကို ထည့်သွင်း ကောက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တချို့က သန်းခေါင်စာရင်း လာကောက်ဖို့ သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ ဘုန်းကြီးကျောင်း၊ ဒုက္ခသည် စခန်း၊ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ ရုံးဌာန၊ အလုပ်နေရာ စတဲ့ အဖွဲ့အစည်း တခုခု အောက်မှာ ရောက်ရှိနေရင် သက်ဆိုင်ရာ အဖွဲ့အစည်းက တာဝန်ရှိသူ တွေနဲ့ ပူးပေါင်းပြီး စာရင်း ကောက်ခံရမှာ ဖြစ်ပါတယ်။
သန်းခေါင်စာရင်း ကောက်ခံမယ့် ကာလ (ရက်) အတွင်း ခရီးထွက်မယ် ဆိုရင် သက်ဆိုင်ရာ ဌာနတွေကို အသီးသီး အသိ ပေးထား ဖို့ လိုအပ်တယ်လို့ သန်းခေါင်စာရင်း ကောက်ခံမှု ဆိုင်ရာ လက်ကမ်း စာအုပ်တွေမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု အတွက် စုစုပေါင်း ကုန်ကျ စရိတ်က အမေရိကန် ဒေါ်လာ ၅၈.၆ သန်း ဖြစ်ပါတယ်။
သန်းခေါင်စာရင်း ကောက်ခံမှု အကောင်အထည် ဖော်နိုင်ဖို့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့(UNFPA) က အမေရိကန် ဒေါ်လာ ၅ သန်း ထောင်ပံ့မှာ ဖြစ်ပြီး ကျန်အလှူရှင် နိုင်ငံတွေ ဖြစ်တဲ့ သြစတြေးလျ၊ ဖင်လန်၊ ဂျာမနီ၊ နော်ဝေ၊ ဗြိတိန်၊ ဆွီဒင်နဲ့ ဆွစ်ဇာလန် နိုင်ငံတွေက အမေရိကန် ဒေါ်လာ ၄၁ သန်း ထည့်ဝင်ကူညီ ပေးဖို့ အဆိုပြု ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း တသိန်းခန့်ဖြင့် ပိုင်းခြားထားပြီး ဝန်ထမ်းအင်အား တသိန်း လေးသောင်းက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လူဦးရေနဲ့ သန်းခေါင်စာရင်း ဆိုင်ရာ ဥပဒေပါ ဖော်ပြချက် အရ မြန်မာနိုင်ငံ အတွင်း သန်းခေါင်စာရင်း ကောက်ခံနေစဉ် မေးမြန်းတဲ့ မေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေကြားဖို့နဲ့ ဖြေကြားဖို့ကို ငြင်းဆန်မယ် ဆိုရင် ဥပဒေ အတိုင်း အရေးယူနိုင်တယ်လို့ ဖော်ပြထား ပါတယ်။ ။