သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်၊ အပြောင်းအလဲတွေလုပ်ပြီး သုံးနှစ်အကြာ ဒီမိုကရေစီ ဘယ်လောက် ထွန်းကားလာတယ် မပြောနိုင်သေးပေမယ့် သူခိုးဓားပြတွေ ပေါတဲ့ ခေတ်တခေတ်ကို ရောက်လာတယ်လို့တော့ ပြောနိုင်ပါတယ်။ အခုဆိုရင် မြေပြင်ပေါ်မှာပဲ သူခိုးဓားပြတွေ ရှိတယ်ဆိုတဲ့ အနေအထားမဟုတ်တော့ပါဘူး။ ရေကြောင်း ဓားပြတွေပေါ်လာ၊ ပြစ်မှုကျူးလွန်လို့ လုံခြုံရေးအင်အား ၂၀၀ ကျော်နဲ့ ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းကာကွယ်နေရတဲ့ အနေအထားရောက်နေပါပြီ။
အဲဒီ ရေကြောင်း ဓားပြတွေဆိုတာဟာ ကမ်းမမြင်၊ လမ်းမမြင် ပင်လယ်ပြင်ထဲမှာလည်း မဟုတ်ပါဘူး။ အဲဒီ ရေကြောင်း လုံခြုံရေး တပ်ဖွဲ့စည်းထားတာဟာလည်း ပင်လယ်ပြင် စိုးမိုးဖို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အသည်းနှလုံး မန္တလေး ဝန်းကျင် ဧရာဝတီမြစ်ကြောင်းမှာ ဖြစ်ပါတယ်။ ဒီ ဖြစ်ရပ်တွေဟာ ဘာကိုပြနေသလဲ၊ ဘာကြောင့် ဒီလိုပြဿနာမျိုးတွေ ပေါ်ပေါက်နေတာလဲ၊ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံဟာ ပြဿနာတွေ ပြေလည်သွားစေမှာလားဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
ရာဇဝတ် မှုခင်းတွေနဲ့ ပတ်သက်ပြီး ပြောရရင် သူရဲ့ မူလပင်ရင်း ဇစ်မြစ်ဖြစ်တဲ့ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ ဖြစ်မှု၊ နေစရာ၊ ထိုင်စရာ မရှိမှု စတဲ့အချက်တွေ အားလုံးပေါ်မှာ အခြေခံပါတယ်။ အခု နမူနာပြတဲ့ မတ်လ ၇ ရက်နေ့က ဖမ်းဆီးလိုက်တဲ့သူ ၁၈ ယောက်တောင်ရှိပါတယ်။ အတော်အသင့် အရွယ်အစားရှိတဲ့ ဓားပြဂိုဏ်းပါ။ နောက်ထပ် အဲ့လို အုပ်စုလေးတွေ ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ရှိနေပါသေးတယ်။ အဲဒီ လူအုပ်စုကြီးမှာ နေထိုင်စရာ အိမ်အတည်တကျ မရှိကြပါဘူး။ နဂိုက စစ်ကိုင်းဘက်မှာနေပြီး နောက်ပိုင်း ထွန်းလာတဲ့ ဧရာဝတီ သဲသောင်ခုံတွေပေါ်မှာ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။ တံငါသည်၊ တောင်ယာ အယောင်ဆောင် နေထိုင်ပြီး ညဘက်ရောက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း သွားလာတဲ့ သင်္ဘောတွေ၊ ရေယာဉ်တွေကို အုပ်စုလိုက် ဓားပြ တိုက်ကြတာပါ။
သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး သုံးနှစ်တာ ကာလအရောက် အောက်ခြေပြည်သူလူထုပိုပြီး ဆင်းရဲ မွဲတေလာနေတယ်ဆိုတာ နိုင်ငံတကာ လေ့လာသူတွေကရော၊ ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံ တွေကရော၊ အစိုးရ တာဝန်ရှိသူ တချို့ကပါ ဝန်ခံကြပါတယ်။ အစိုးရဘက်ကတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပေမယ့် အပြောင်းအလဲတွေဟာ သာမန်အောက်ခြေ ပြည်သူတွေဆီအထိ မရောက်သေးလို့ ခုလို ဖြစ်ရတာလို့ အကြောင်းပြကြပါတယ်။
နောက်တချက်က အလုပ်အကိုင်ရှားပါးမှု ပြဿနာပါ။ အစိုးရသစ် တက်လာပြီး နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိန်းကဏန်းတွေကိုကြည့်ရင် အလုပ်အကိုင် ဖန်တီးပေးနိုင်မှု အရည်အတွက် အတော်နည်းတာကို တွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏ များလာသလောက် အလုပ်အကိုင်ဖန်တီးပေးနိုင်မှု နည်းနေတာမျိုးပါ။ အဓိက အကြောင်းအရင်းကတော့ အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေထက် သယံဇာတ ထုတ်ယူရေးလို လုပ်ငန်းမျိုးတွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံကြလို့လည်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နောက်ထပ် နောက်ထပ် သက်သေထူနိုင်တဲ့ အချက်ကတော့ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားထွက် အောက်ခြေသိမ်း အလုပ်တွေ သွားလုပ်နေရတဲ့ အရည်အတွက်ဟာ သုံးနှစ်အတွင်း လျော့ကျသွားတာမျိုး မရှိသေးတာပါ။ အိမ်ဖော်လုပ်ဖို့ အယုအယက် သွားတာမျိုးတောင် ရှိလာပါတယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရက လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကျူးကျော်ပြဿနာ ဖြေရှင်းမှုကလည်း အလုပ်လက်မဲ့နဲ့ ဆင်းရဲမွဲတေမှု ပြဿနာကို မီးလောင်ရာလေပင့် ဖြစ်စေပါတယ်။
ပြီးခဲ့တဲ့ လဆန်းပိုင်းတုန်းကပဲ ရန်ကုန်တိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ရန်ကုန်မှာတင် ကျူးကျော်အိမ် ရှစ်သောင်းလောက်ရှိတယ်။ အဲဒီ အထဲက သုံးသောင်းလောက် ရှင်းပြီးပြီ။ သိမကြာခင် ကျန်တဲ့ ငါးသောင်းလောက်ကို ရှင်းဦးမယ်ဆိုပြီး သတင်းမီဒီယာတွေကို ပြောပါတယ်။ သူတို့ ရှင်းပစ်လိုက်တဲ့ အဲဒီကျူးကျော်တွေဆိုတာ ဘယ်ကိုရောက်သွားပြီး နောက်ပိုင်းဘယ်လိုဆက်ပြီး နေထိုင်ရှင်သန်ကြတယ်၊ ဘာတွေ လုပ်ကိုင်စားနေကြတယ်၊ နောက်ပိုင်း ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုခင်းတွေနဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတာတွေကိုတော့ လုံး၀ စဉ်းစားတွက်ချက်မိတဲ့ပုံ မရပါဘူး။
ကျူးကျော်နေထိုင်သူတွေကို ဖြေရှင်းပုံကတော့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြတဲ့အတိုင်း အကြမ်းဖက် နှိမ်နင်းဖယ်ရှားတဲ့ နည်းကိုပဲ အသုံးပြုခဲ့ကြတာပါ။ ခုချိန်ထိ မပြေလည်သေးတဲ့ သမီးကလေး ကျေးရွာက မိသားစုတွေရဲ့ ပြဿနာကိုကြည့်ရင် စစ်တပ်၊ ဒါမှမဟုတ် အစိုးရရဲ့ သဘောထားကိုရှင်းရှင်းကြီး မြင်နိုင်ပါတယ်။ ရန်ကုန်တိုင်းထဲက သမီးလေးကျေးရွာကို စစ်တပ်ပိုင် မြေမှာကျူးကျော်ထားတယ်ဆိုပြီး နေအိမ်တွေ ဖျက်ဆီး ပစ်ပါတယ်။ နေအိမ်ဖျက်ဆီးခံရတဲ့ မိသားစုတွေ ကားလမ်းနဘေး ယာယီနေထိုင်တော့ အဲလိုနေခွင့်မရှိဘူးဆိုပြီး တိုင်းထဲက မောင်းထုတ်ပါတယ်။
ဒီအခါ ပဲခူးတိုင်းထဲ ရွှေ့ပြန်ပါတယ်။ နောက်ပိုင်း ပဲခူးတိုင်းထဲက အောင်သိန္ဒိ ဘုန်းတော်ကြီးကျောင်းကို ဗဟိုပြုပြီး ခိုလှုံကြပါတယ်။ ဒါလည်း မရပါဘူး။ ပင်မဘုန်းတော်ကြီး ကျောင်းဆောင်ကလွဲပြီး ကျန်တဲ့ ယာယီ အမိုးအကာတွေ ဖျက်ဆီးပြီး ထွက်သွားဖို့ အမိန့်ပေးပါတယ်။ ဒါကို မကြည့်ရက်လို့ သူတို့ထိန်းချုပ်တဲ့ နယ်မြေမှာ နေချင်ရင် နေစရာပေးမယ်ဆိုပြီး လာကမ်းလှမ်း၊ နေရာတွေ သွားပြတဲ့ ဒီကေဘီအေ တပ်ဖွဲ့ကို အဲလို လုပ်ရင် ငြိမ်းချမ်းရေး ထိခိုက်နိုင်တယ်ဆိုပြီး တားပြန်ပါတယ်။ စစ်တပ်နဲ့ အစိုးရ သဘောထားဟာ ဘယ်လိုပါလဲ။
ပြဿနာကို အဲလိုဖြေရှင်းရင်၊ ဒီလိုတိုင်းပြည်မှာ ပြည်သူတွေ မဆင်းရဲရင်၊ အလုပ်လက်မဲ့ မဖြစ်ရင်၊ သူခိုးဓားပြတွေ မဖြစ်ရင် ဘယ်တိုင်းပြည်မှာမှ ဖြစ်စရာအကြောင်း ရှိတော့မှာ မဟုတ်ပါဘူး။ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ အပြောင်းအလဲရဲ့ ကောင်းမွန်မှုတွေကို အောက်ခြေ ပြည်သူတွေဆီအထိ ရောက်အောင် မစွမ်းဆောင်နိုင်ရင် ပြည်သူအများစု အလုပ်လက်မဲ့ ဖြစ်နေကြဦးမှာပါပဲ။ ဆင်းရဲမွဲတေနေကြဦးမှာပါပဲ။ အဲဒီ ပြဿနာကို မီးထိုးပေးနေတဲ့ ကျူးကျော်ဖျက်သိမ်းရေးကို အလုပ်တွေကို အစီအစဉ်မရှိ၊ အမျှော်အမြင်မရှိ၊ သဘောထားမမှန် ဆက်ပြီးလုပ်နေဦးမယ်ဆိုရင် ဒီမိုကရေစီ ထွန်းကား၊ မထွန်းကား ဘာမှ မပြောနိုင်ပေမယ့် အိမ်ခြေယာမဲ့တွေ၊ တောင်းရမ်းစားသောက်သူတွွေ၊ သူခိုးဓားပြတွေကတော့ ခုထက်ပို ပေါများလာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို အပတ်စဉ်ထုတ် သတင်း ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။