ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ရငွေ၊ သုံးငွေ ဘတ်ဂျတ် စာရင်းနှင့်ပတ်သက်၍ ရှင်းလင်းမှု မရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။
လွှတ်တော် အစည်းအဝေးများ၌ မရှင်းလင်းသည့် အချက်များ မေးမြန်းမှုကို တာဝန်ရှိသူများက တိကျစွာ ရှင်းလင်းဖြေကြားခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောသည်။
“ဗဟိုအဖွဲ့အစည်းများ အသုံးစရိတ် ခေါင်းစဉ်အောက်မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အသုံးစရိတ်ဆိုပြီး ပါပါတယ်၊ တောင်းတဲ့ ပမာဏ ကလည်း သန်း သောင်းနဲ့ ချီပြီးရှိတယ်၊ ခက်တာက ဘယ်ကိစ္စတွေမှာ ဘာသုံးမယ်ဆိုတာ မေးခဲ့တာ ဘယ်တော့မှမဖြေ ဘူး၊ အဲ့ဒီ အဖွဲ့ အသုံးစရိတ်ထဲမှာ ခေါင်းစဉ်တွေ အကုန်ပါနိုင်တယ်လို့တော့ ဝန်ကြီး ဖြေဖူးတယ်၊ သဘာ၀ ဘေးအန္တရာယ် တို့က အစပေါ့၊ တကယ်လို့ မကြုံခဲ့ရင် ဒုတိယ အစီအစဉ် ဘာသုံးမှာလဲ ဆိုတာ မသိရဘူး၊ မေးရင် မဖြေဘူး”ဟုလည်း ၎င်းက ပြောပြ သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အသုံးစရိတ်သည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျက် စာရင်းအရ ကျပ် သန်းပေါင်း ၂၆၄၄၇.၂၅၆ ဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန အသုံးစရိတ်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အသုံးစရိတ်ပြီးလျှင် အများဆုံးဖြစ်သည်ကို တွေ့ရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန အသုံးစရိတ်မှာ ကျပ် သန်းပေါင်း ၂၉၃၁၂.၂၁၄ ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အသုံစရိတ်မှာ ကျပ် သန်းပေါင်း ၁၅၄၅၇၀.၄၂၆ ဖြစ်သည်။
တခြားကျန်ရှိသော ဝန်ကြီးဌာနများ၏ အသုံးစရိတ်မှာ အစိုးရအဖွဲ့ရုံး အသုံးစရိတ်အောက် များစွားနည်းပါးသည်ကို တိုင်းဒေသကြီး အစိုးရ ဘတ်ဂျက် စာရင်းတွင် တွေ့ရသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီသစ် ပါတီမှ ဦးကျော် ကလည်း ဘတ်ဂျက် စာရင်းနှင့် ပတ်သက်၍ မရှင်းလင်းသည်များ ရှိသည်ဟု ပြောသည်။
“အစိုးရအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်ကြားမှာ ဘတ်ဂျက်နဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း မရှိဘူး ဖြစ်နေတယ်၊ ပွင့်ပွင့်လင်း လင်း မရှိဘူးဗျ၊ ဘယ်ဟာကတော့ ပြည်ထောင်စုကို သွင်းရတယ်ပေါ့၊ ရောချသွားတာ၊ တိုင်းဒေသကြီအစိုးရက ကြီးကြပ်ပိုင်ခွင့်ရှိတဲ့ အခွန်တွေ ဘယ်ကိုဝင်သွားသလဲ၊ ပြည်ထောင်စုအစိုးရက ယူသွားသလား ပေါ့”ဟုလည်း ဦးကျော်က ပြောပြသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဒု ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးကမူ အစိုးရအဖွဲ့အနေဖြင့် ဘတ်ဂျက်နှင့်ပတ်သက်၍ ၎င်း တို့ ဘက်မှ လွှတ်တော်ထဲတွင် ကိုယ်စားလှယ်များကို ရှင်းလင်းကြောင်းနှင့် အတည်ပြုချက်ရမှသာ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီး ပြန်လည် ကျရောက်လာသော ဘတ်ဂျက်ကို ခေါင်းစဉ်အလိုက် သုံးစွဲရကြောင်း ပြောဆိုသည်။
“အစိုးရအဖွဲ့အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ မေးတာကို သေချာရှင်းပါတယ်၊ ရှင်းလို့ သူတို့က ခွင့်ပြုချက်နဲ့ အတည်ပြုမှသာ ပြည်ထောင်စုကို တင်တယ်၊ ပြည်ထောင်စုက ခွင့်ပြုလို့ ဘောင်ထဲကနေ ခေါင်းစဉ်နဲ့သုံးရတာ”ဟုလည်း ၎င်းက ပြောသည်။
တိုင်းဒေသကြီး အလိုက် ဘတ်ဂျက်မှာ လွှတ်တော် ကိုယ်စားလှယ်များက မဲခွဲအတည်ပြုရလေ့ရှိပြီး ပြည်ထောင်စု လွှတ်တော် သို့ တင်၍ တဆင့်ပြန်လည် ကျရောက်လာသည်ကို အတည်ပြုသုံးစွဲရခြင်းလည်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကိုယ်စားလှယ် အရေအတွက် ၁၂၃ ဦး ဖြစ်ပြီး ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၅ ဦး သာ ရှိသည်။
အခြားကျန်ရှိသည့် အရေအတွက်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် တပ်မတော် ကိုယ်စာလှယ်များ ဖြစ်သည်။
နှစ်စဉ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်း(ဘတ်ဂျက်)၊ အမျိုးသား စီမံကိန်းနှင့် အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်းများမှာ ပြည် ထောင်စု အစိုးရကသာ တင်သွင်းခွင့် ရှိသည့် ကဏ္ဍများ ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်၏ နှစ်စဉ် ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်း ကိုလည်း တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ် အစိုးရက သာ တင်သွင်းခွင့် ရှိသည်။