မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှ တရုတ်နိုင်ငံ၊ ပီကင်းသို့အသွား ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးအင်းလေယာဉ်ပေါ်၌ ခိုးယူနိုင်ငံကူး လက်မှတ်သုံး ခရီးသည် ၂ ဦး လိုက်ပါသွားသည်ဟု အတည်ပြုချက် ထွက်ပေါ်ပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံကူးလက်မှတ်ဈေးကွက်တွင် အကြီးအကျယ် ရိုက်ခတ်သွားသည်ဟု စုံစမ်းသိရှိရသည်။
အင်တာပိုလ်ခေါ် အပြည်ပြည်ဆိုင်ရာ မူခင်းစုံစမ်းဖော်ထုတ်ရေး ရဲတပ်ဖွဲ့၏ အဆိုအရ MH370 မလေးရှား လေယာဉ်ပျောက်ပေါ်တွင် လိုက်ပါသွားသည့် အီရန် လူငယ် ၂ ဦးသည် သြစတြီးယားနှင့် အီတလီ နိုင်ငံကူးလက်မှတ်တို့ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရရှိသွားခဲ့သည်ဟူသည့် စုံစမ်းဖော်ထုတ်မှုများကြောင့် ဘန်ကောက်မြို့ရှိ ပတ်စ်ပို့ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများ ထွက်ပြေး တိမ်းရှောင်မှု ရှိကြောင်း သိရသည်။
“ပတ်စ်ပို့ အရောင်းအဝယ်လုပ်တဲ့ ဈေးကွက်ထဲက အခုတော့ တချို့လည်း ထိုင်းရဲတွေ မေးတာ ဖြေပေးနေရတာတွေ ရှိသလို တချို့လည်း အစစ်အမေး မခံချင်လို့ ထွက်ပြေးကုန်တယ် ကြားတယ်” ဟု ဘန်ကောက်မြို့နေ ပတ်စ်ပို့ အရောင်းအဝယ် လုပ်သူများနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
မလေးရှား လေယာဉ်ပျောက်ဆုံးမှု ပြဿနာဖြစ်ပြီးနောက် ဘန်ကောက်မြို့ ပတ်စ်ပို့ ဈေးကွက်ရှိ ပွဲစားများအား ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန၊ ထိုင်းရဲတပ်ဖွဲ့များ အပါအဝင် နိုင်ငံတကာ လုံခြုံရေး အဖွဲ့များက စုံစမ်းမေးမြန်းမှုများ လုပ်ဆောင်လာနေကြောင်း၊ မြန်မာနိုင်ငံသား တချို့လည်း အဆိုပါလုပ်ငန်း လုပ်ဆောင်မှုများရှိကြောင်း သူက ဆက်ပြောသည်။
ယခင်က မြန်မာပတ်စ်ပို့ တခုလျှင် ထိုင်း ဘတ်ငွေ ၄ သောင်း (ကျပ်ငွေ ၁၂ သိန်းဝန်းကျင်) မှ ၆ သောင်း( ကျပ်ငွေ ၁၈ သိန်း ဝန်းကျင်) အထိ ပေါက်ဈေးရှိပြီး အမေရိကန်ပတ်စ်ပို့ တခုလျှင် ဘတ်ငွေ ၁ သိန်း (ကျပ်ငွေ သိန်း ၃၀) နှင့် အထက်ရှိကြောင်း၊ ဥရောပ နိုင်ငံများ၏ ပတ်စ်ပို့များသည်လည်း အနည်းဆုံး ဘတ်ငွေ ၈ သောင်း (ကျပ်ငွေ ၂၄ သိန်းဝန်းကျင်) ဈေးပေါက်ကြကြောင်း စုံစမ်းသိရှိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံကူးလက်မှတ် မှောင်ခိုဈေးကွက်တွင် ခိုးယူထားသည့် ပတ်စ်ပို့များ၊ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ကိုယ်တိုင် အခက်အခဲ တစုံတရာရှိ၍ ပြန်လည်ရောင်းချသော နိုင်ငံကူးလက်မှတ်များနှင့် အတုပြုလုပ်ထားသည့် နိုင်ငံကူးလက်မှတ်များဟူ၍ ၃ မျိုး ရှိကြောင်း သိရသည်။
“Original ပတ်စ်ပို့တွေကို ကပ်ခွာ လုပ်တာမျိုးလည်း ရှိသလို ဒီအတိုင်း ရောင်းတာမျိုးလည်း ရှိတယ်” ဟု ပတ်စ်ပို့ ပွဲစားတဦးက ရှင်းပြသည်။
အတုပြုလုပ်ထားသည့် နိုင်ငံကူးလက်မှတ်များသည် စနစ်တကျ စစ်ဆေးလိုက်မည်ဆိုပါက အလွယ်တကူ အတုအဖြစ် သိနိုင်ကြောင်း၊ သို့သော် ခိုးယူထားခြင်း သို့မဟုတ် ဝယ်ယူထားသည့် နိုင်ငံကူး လက်မှတ်များမှာမူ အချက်အလက်နှင့် စာရွက်များက အစစ်အမှန် ဖြစ်နေပြီး အဆိုပါ ပတ်စ်ပို့ စာအုပ်အား ပယ်ဖျက်ထားသည်ကို အလွယ်တကူ သိနိုင်ရန် ခဲယဉ်းကြောင်း သူက ဆက်ပြောသည်။
နိုင်ငံကူးလက်မှတ် အရောင်းအဝယ် လုပ်ကြရာဝယ် ပွဲစားများက ဝယ်ယူလိုသည့်သူအား တယ်လီဖုန်း နံပါတ်တခုကို ပေးပြီး နေရာတနေရာတွင် ချိန်းဆိုကြောင်း၊ ထို့နောက် တခါသာ အဆိုပါ ဖုန်းကတ်ကို အသုံးပြုပြီး ဖုန်းကတ်ကို ဖျက်ဆီးပစ်လေ့ရှိကြောင်းလည်း စုံစမ်းသိရသည်။
ပတ်စ်ပို့ မှောင်ခိုလုပ်ငန်းသည် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း လုပ်ဆောင်သည်များလည်း ရှိပြီး အဆိုပါ ကိစ္စသည် အကြီးစား ရာဇဝတ်မှုဖြစ်၍ အလွန်လျို့ဝှက်စွာ လုပ်ဆောင်ကြကြောင်း သိရသည်။ အသက် ၁၉ နှစ်ရှိ အီရန် နိုင်ငံသား Pouria Nur Mohammad Mahrdad သည် ထိုင်းနိုင်ငံသို့ အီရန် နိုင်ငံကူး လက်မှတ်ဖြင့် ဝင်ရောက်လာပြီး မလေးရှားသို့ အီရန် နိုင်ငံကူးလက်မှတ်ဖြင့် ထွက်မသွားခင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ပီကင်းသို့ သွားမည့် လေယာဉ်လက်မှတ်ကို သြစတြီးယားနိုင်ငံကူး လက်မှတ်ဖြင့် ဝယ်ယူခဲ့သူဖြစ်ကြောင်း နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်နှင့် မလေးရှား အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
အလားတူ အီရန် နိုင်ငံသား နောက်တဦးကလည်း ထိုင်းနိုင်ငံသို့ အီရန်နိုင်ငံကူး လက်မှတ်ဖြင့် ဝင်ရောက်လာပြီး မလေးရှားသို့ အီရန်နိုင်ငံကူး လက်မှတ်ဖြင့်ပင် ထွက်မသွားခင် အီတလီနိုင်ငံကူး လက်မှတ်ဖြင့် လေယာဉ်လက်မှတ် ဝယ်ခြင်းဖြစ်သည်။
အသက် ၃၇ နှစ် ရှိ အီတလီ နိုင်ငံသား Luigi Maraldi ၏ ပတ်စ်ပို့သည် လွန်ခဲ့သည့်နှစ် သြဂုတ်လ ၁ ရက်နေ့က ထိုင်းနိုင်ငံတွင် ခိုးယူခံခဲ့ရကြောင်း၊ ထို့နောက် အီတလီသို့ ပြန်သွားကာ နိုင်ငံကူး လက်မှတ်အသစ် ပြန်လည် လျှောက်ထားခဲ့ပြီး သူ၏ ပတ်စ်ပို့သစ်ဖြင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။
သြစတြီးယားနိုင်ငံသား Christian Kozel သည် လွန်ခဲ့သည့် ၂ နှစ်ခန့်က ထိုင်းနိုင်ငံသို့ အလည်အပတ်သွားစဉ် ၎င်း၏ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခဲ့ကြောင်း၊ ယခုအခါ သြစတြီးယားနိုင်ငံတွင် ကျန်းမာစွာ ရှိကြောင်း သိရသည်။
၂ဝဝ၂ ခုနှစ်မှ စပြီး အင်တာပိုလ်၏ အချက်အလက် စုဆောင်းမှုဌာန မှတ်တမ်းများအရ ပျောက်ဆုံး ပတ်စ်ပို့နှင့် ခရီးသွားလက်မှတ် Traval Document စုစုပေါင်း သန်း ၄ဝ ကျော် ရှိကြောင်း မကြာခင်က ထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံသည် ပတ်စ်ပို့ အခိုးခံရခြင်း သို့မဟုတ် ပျောက်ဆုံးမှု အများဆုံး ဖြစ်သည်ဟု အင်တာပိုလ်က ဆိုသည်။
ထိုင်းနိုင်ငံတွင် ပျောက်ဆုံးမှုနှင့် ခိုးယူခံရမှု အများဆုံး ပတ်စ်ပို့များမှာ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံတို့၏ နိုင်ငံကူးလက်မှတ်များ ဖြစ်ကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံသည် နိုင်ငံခြားသား ခရီးသွားအများဆုံး ဝင်ထွက်သွားလာသည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံကူးလက်မှတ် ခိုးယူမှုအတွက် အမျိုးသမီးနှင့် မူးယစ်ဆေးများကို ငါးစာချကာ စနစ်တကျ ခိုးယူမှုများလည်း ရှိကြောင်း စုံစမ်းသိရသည်။
“ကျနော်တို့ သိချင်တာက သူတို့ ပတ်စ်ပို့တွေ ပျောက်တာလား၊ အခိုးခံရတာလား၊ ဒါမှမဟုတ် ထိုင်းနိုင်ငံပြင်ပက ဂိုဏ်းဖွဲ့လုပ်နေတာလား ဆိုတာပါပဲ” ဟု ထိုင်းရဲဗိုလ်ချုပ် Pynya က ဘန်ကောက်ပို့စ်တွင် ပြောထားသည်။
အရှေ့တောင်အာရှ ဒေသတွင်း အကြမ်းဖက်မှုဆိုင်ရာ သုံးသပ်ဝေဖန်သူ Rommel Banlaoi ကလည်း နိုင်ငံတကာမှ အကြမ်းဖက်အုပ်စုတချို့သည် အကြမ်းဖက်မှု အစီအစဉ်ရေးဆွဲရန်နှင့် ရန်ပုံငွေရရှိရေး ကိစ္စများ လုပ်ဆောင်ရန် လှုပ်ရှား နယ်မြေတခုအဖြစ် ထိုင်းနိုင်ငံကို အသုံးချနေကြကြောင်း သြစတေးလျ အခြေစိုက် News.com.au သို့ ပြော ထားသည်။
အမေရိကန်၊ တက္ကဆပ် ပြည်နယ် ဟူစတန်ရှိ Rice University ၏ Baker Institute for Public Policy မှ နိုင်ငံကူး လက်မှတ် နည်းပညာကျွမ်းကျင်ပညာရှင် Chris Bronk က နိုင်ငံကူးလက်မှတ်များတွင် e-Chip ဟုခေါ်သော အီလက်ထရွန်နစ် နည်းပညာ ချစ်ပ်ပြား ထည့်သွင်းအသုံးပြုသော နိုင်ငံပေါင်း ၃၈ နိုင်ငံသာ ရှိကြောင်း၊ အမေရိကန် အနေဖြင့် လွန်ခဲ့သည့် ၁၀ နှစ် ၁၅ နှစ်ကျော်မှစပြီး အတုလုပ်ရန် ပိုမိုခက်ခဲသည့် နည်းပညာများ ပတ်စ်ပို့များတွင် ထည့်သွင်းထားကြောင်း ဗီအိုအေသတင်းဌာနကို ပြောဆိုထားသည်။
ခိုးယူ နိုင်ငံကူးလက်မှတ်ဈေးကွက် အားနည်းသွားစေရန် သက်ဆိုင်ရာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနများနှင့် နိုင်ငံတကာ လေကြောင်းလိုင်းများ အနေဖြင့် နိုင်ငံကူးလက်မှတ်များကို သေချာစွာ စစ်ဆေးခြင်း အပါအဝင် အင်တာပိုလ်မှတ်တမ်းဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြကြသည်။