နယ်စည်းမခြား ဆရာဝန်များ အဖွဲ့(MSF) လုပ်ငန်းများ ရပ်ဆိုင်းပြီး နောက်ပိုင်း ရခိုင်ပြည်နယ် အတွင်း HIV Positive ပိုးရှိသူများအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ARV စင်တာ ၄ ခု ဖွင့်လှစ်ပြီး ဆေးဝါးများ ထုတ်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။
ARV စင်တာ ၄ ခု ဖွင့်လှစ်ပြီး ဖြန့်ဝေပေးရန် အတွက် ဆေးများ လုံလောက်စွာ ရှိကြောင်း အမျိုးသား ခုခံအားကျဆင်းမှု ကူးစက် ရောဂါ တိုက်ဖျက်ရေး စီမံချက်၏ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် အတွင်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့(MSF-ဟော်လန်)၏ ကူညီ ထောက်ပံ့ရေး လုပ်ငန်းများ ရပ်ဆိုင်းရန် သက် ဆိုင်ရာ အာဏာပိုင်များက သတင်းထုတ်ပြန်မှု အပြီး MSF ထံမှ ဆေးဝါး ထောက်ပံ့မှု ရယူနေရသည့် လူနာပေါင်း ၇၀၀ အတွက် ကျန်းမာရေး ဝန်ကြီးဌာနက လိုအပ်သည့် ဆေးဝါးများအား ထောက်ပံ့ပေးရန် စီစဉ်ခြင်း ဖြစ်သည်။
စစ်တွေ ပြည်သူ့ဆေးရုံကြီး၊ ဒေသန္တရ ဆေးပေးခန်း၊ ဘူးသီးတောင် ပြည်သူ့ ဆေးရုံနှင့် မောင်တော ပြည်သူ့ဆေးရုံများတွင် ARV စင်တာများ ဖွင့်ပြီး ဆေးဝါးများ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်းလည်း ဒေါက်တာ ထွန်းညွှန့်ဦးက ပြောပြသည်။
“MSF မှာ ဆေးယူနေတဲ့ လူနာတွေကို စစ်တွေဆေးရုံနဲ့ ဒေသန္တရ ဆေးခန်းတွေမှာ လက်ခံနေပြီ၊ ဘူးသီးတောင်နဲ့ မောင်တောမှာတော့ ဒီရက်ပိုင်း စပေးမယ်၊ Second Line လူနာတွေ အတွက်လည်း ဆေးမှာ ထားပြီးပြီ”ဟု ၎င်းက ဆိုသည်။
Second Line လူနာ ဆိုသည်မှာ ARV ဆေး သောက်သုံးနေရပြီး ဆေးမတိုးသည့်အတွက် ARV ဆေး အာနိသင် ဒုတိယ အဆင့်မြှင့် ၍ ဆက်လက် သောက်သုံးနေရသည့် လူနာ ဖြစ်သည်။
ရခိုင်ပြည်နယ် အတွင်း HIV/AIDS ကာကွယ် တားဆီးရေး လုပ်ငန်းများကို လုပ်ကိုင်နေသည့် MSF – ဟော်လန် သည် လူမျိုးရေး ခွဲခြားမှုနှင့် ဘက်လိုက်မှု ရှိသည်ဟု ရခိုင် တိုင်းရင်းသားများက ဆန္ဒ ထုတ်ဖော်မှုကြောင့် ၎င်းတို့၏ လုပ်ငန်းများကို ဖေဖော်ဝါရီ ၂၇ ရက် က စတင် ရပ်နားပြီ ဖြစ်ကြောင်း MSF က သတင်းထုတ်ပြန် ကြေညာခဲ့သည်။
ကျန်းမာရေးဝန်ကြီး ဌာနက HIV Positive ဝေဒနာရှင်များ အတွက် လိုအပ်သည့် ဆေးဝါးများ အသုံးပြုရန် ယခုနှစ် အတွက် နိုင်ငံတော်က ချပေးထားသည့် ကျန်းမာရေး ဘတ်ဂျက်အပြင် အသုံးစရိတ်များ ပိုမို ချထားပေးသဖြင့် လာမည့် ၂၀၁၆ ခုနှစ် အထိ HIV Positive ဆေးလိုအပ်သူ ၁ သိန်းကျော် အတွက် ဆေးဝါး လုံလောက်စွာ ရှိနေကြောင်း ဒေါက်တာ ထွန်းညွှန်ဦးက ဆိုသည်။
ဆေးဝါးထောက်ပံ့ ပေးရာတွင် လူနာတဦးလျှင် ဆေး ၁ လစာ ထုတ်ပေးထားကြောင်း၊ MSF ၏ ထောက်ပံ့ ကူညီရေး လုပ်ငန်းများ ရပ်ဆိုင်းသွားသော်လည်း ဝေဒနာရှင်များ လက်ထဲတွင် ဆေးများ ၁ လစာ ကျန်ရှိနေသေးသဖြင့် ၎င်းတို့၏ နောက်ဆက်တွဲ အခြေ အနေကို မသိရှိရသေးကြောင်း ရခိုင်ပြည်နယ်ရှိ မြန်မာ ပေါ့စတစ် ဂရုဖ်(MPG) မှ တာဝန်ရှိသူများက ပြောသည်။
စစ်တွေမြို့တွင် ARV ဆေးဝါး သောက်သုံးရန် လိုအပ်နေသည့် HIV Positive ရှိသူ ၃၉၄ ဦး ရှိပြီး ကလေးငယ် ၂၃ ဦးနှင့် Second Line အဆင့် ဆေးဝါးများ သောက်သုံး နေရသည့် လူနာများ ပါဝင်ကြောင်း MPG ၏ စာရင်းဇယားများ အရ သိရသည်။
ရခိုင်ပြည်နယ် အတွင်းရှိ HIV Positive လူနာများ အတွက် အစိုးရ ဆေးရုံများမှ ဆေးပေးမည့် အစီအစဉ်တွင် ဘဝတူ ကိုယ့်အား ကိုယ်ကိုး ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက် လုပ်ဆောင်သင့်ကြောင်း MPG ၏ တာဝန်ရှိသူတဦးက အကြံပြုသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ HIV Positive လူနာများအား ကျန်းမာရေး ဝန်ကြီးဌာနက ဆေးဝါး ဆက်လက် ထောက်ပံ့မည့် အစီ အစဉ်တွင် လူနာများကို နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ ဆေးသောက် မှန်စေရန် စောင့်ရှောက်ပေးခြင်းနှင့် ဆေးဝါး ထုတ်ယူစဉ် အခက်အခဲ မရှိစေရန် စသည့် ကူညီ ဝန်ဆောင်မှုများကို MPG က ဆောင်ရွက် ပေးသွားမည်ဟု MPG ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က လည်း ပြောဆိုသည်။
“NGO တွေနဲ့ INGO တွေက အချိန်တန်ရင် အိမ်ပြန်ကြမှာ၊ ပြည်တွင်း အဖွဲ့အစည်းတွေပဲ ကျန်ခဲ့မယ်၊ အရင်တုန်းက HIV/ AIDS တားဆီးရေး လုပ်ငန်းတွေမှာ ကျနော်တို့က အစိုးရကိုပဲ လက်ညှိုး ထိုးနေတယ်လို့ အပြောခံခဲ့ ရတယ်၊ အားမရလို့ ပြောနေရတာ၊ အခု အစိုးရက တာဝန်ယူမယ် ဆိုတော့ ကျနော်တို့ ဝိုင်းကူ ရမှာပေါ့”ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က MSF ၏ ကျန်းမာရေး စောင့်ရှောက်မှုများ ရပ်ဆိုင်းရန် နှုတ်မိန့်ဖြင့် ပြောဆိုခဲ့ပြီး ဖေဖော်ဝါရီ ၂၇ရက်မှ စတင်ပြီး လုပ်ငန်းများ ရပ်နားခဲ့သည်။
MSF က ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု၏ ကျန်းမာရေး စောင့်ရှောက်မှု မရသည့် လူနာများကို ကုသ ပေးနေသည့် ဆေးခန်း များ ရပ်ဆိုင်းခဲ့ရကြောင်း MSF က လူမျိုးရေး၊ ဘာသာရေးကို အခြေခံခြင်း မရှိဘဲ ကျန်းမာရေး လိုအပ်ချက် တခုတည်းသာ အခြေ ခံ ခဲ့ကြောင်း စသည့် သတင်းထုတ်ပြန်ချက်ကို မတ်လ ၁ ရက်က ထုတ်ပြန်ခဲ့သည်။