သမ္မတ ဦးသိန်းစိန်၏ ပထမဆုံး ကချင်ပြည်နယ် ခရီးစဉ်အတွင်း ဒေသခံပြည်သူများက ၎င်းတို့၏ လိုအပ်ချက်၊ ဆန္ဒ သဘော ထားများကို အပြည့်အစုံ တင်ပြခွင့် မရကြောင်း ပြောဆိုကြသည်။
သမ္မတ ဦးသိန်းစိန် အနေဖြင့် ကချင်ဒေသသို့ လာရောက်သည်ကို ကြိုဆိုကြောင်း၊ သို့သော် ပြည်သူလူထု တင်ပြသည့် ဆန္ဒ သဘောထားများကို အချိန်ပေး နားထောင်၍ ရှင်းပြရန် လိုအပ်သည်ဟု ယူဆကြောင်း၊ ကချင်ပြည်သူများ တင်ပြမည့် အကြောင်းအရာ အများအပြားရှိကြောင်း ကချင်ဒေသခံနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဧရာဝတီကို ပြော သည်။
“သမ္မတ အနေနဲ့ ငြိမ်းချမ်းရေးအတွက် ပြည်သူတွေရဲ့ အသံတွေကို အချိန်ပေး နားထောင်သင့်တယ်၊ ငြိမ်းချမ်းရေး လမ်းစဉ် တွေကိုလည်း သေချာ ရှင်းပြသင့်တယ်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း သွားတုန်းကဆိုရင် ပြည်သူတွေ တင်ပြကြတဲ့ အသံ တွေကို အချိန်ပေးပြီးတော့ သေချာနားထောင်ပေးတယ်၊ ဆွေးနွေးတယ်”ဟုလည်း ၎င်းကဆိုသည်။
သမ္မတသည် ကချင်လူမှုအဖွဲ့ အစည်းများ၊ ဘာသာရေး အဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့သည်။ ဘာသာရေး၊ လူမှုရေး အဖွဲ့များ အနေဖြင့် တွေ့ဆုံချိန် မိနစ် ၃၀ သာ ရကြောင်း၊ မိမိ ဆန္ဒသဘောထားကို အချိန် ၂ မိနစ်ခန့်သာ တင်ပြခွင့်ရကြောင်း ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန် က ဧရာဝတီ ကို ပြော သည်။
၎င်းက“ဧရာဝတီ မြစ်ဆုံ ရပ်ဆိုင်းပေးလို့ ကျေးဇူးတင်တာရယ်၊ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ပေးဖို့ ဆိုတာလောက်ပဲ တင်ပြလိုက်ရပါတယ်၊ လူတယောက်က ၂ မိနစ်လောက်ပဲ ပြောခွင့်ရတော့ ဘာမှ သေချာ တင်ပြခွင့် မရလိုက်ဘူး”ဟု ပြောပြသည်။
ကချင်တိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ မနန်တူးဂျာကလည်း ၎င်းတို့ အနေဖြင့် မြစ်ကြီးနားရှိ မြို့တော် ခန်းမ၌ သမ္မတ ဦးသိန်းစိန် ပြောသည့် မိန့်ခွန်းအား နားထောင်ရုံသာ ရှိခဲ့ပြီး မည်သည့်ကိစ္စကိုမျှ တင်ပြခွင့်မရခဲ့ကြောင်း ပြော သည်။
သမ္မတသည် ၎င်း၏ ခရီးစဉ်တွင် ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စကိုလည်း အလေးထား ပြောဆိုခဲ့သည်။
နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရုံနှင့်မရဘဲ နိုင်ငံရေး နည်း လမ်းများဖြင့် အဖြေရှာပြီး နိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်၍ ဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြစ်ကြီး နားမြို့၌ မတ်လ ၁၆ နေ့က ကချင်ပြည်သူများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
သမ္မတက“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးရင် တိုင်းရင်းသား အားလုံး နှစ်ပေါင်းများစွာ တောင့်တနေ တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်တိုက်သွားတော့မှာ ဖြစ်ပါတယ်”ဟု ကချင်ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့ကြောင်း နိုင် ငံ ပိုင် သတင်းစာများ၌ ရေးသားထားသည်။
ဦးသိန်းစိန်၏ ကချင် ခရီးစဉ်သည် ငြိမ်းချမ်းရေး အတွက် စည်းရုံးရေး ဆင်းသည့် ခရီးစဉ် သို့မဟုတ် ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆွယ် ခရီးစဉ် ဖြစ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးကို ပြောနေခြင်းဖြင့် အချိန်မကုန်စေဘဲ လက်တွေ့ ထိရောက် စွာ လုပ်ဆောင်သင့်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များ က ဧရာဝတီ ကို ပြောသည်။
ဦးသိန်းစိန် အစိုးရသည် သက်တမ်း ၃ နှစ်ကျော်လာသည့်တိုင် တိုင်းရင်းသား အရေးနှင့်ပတ်သက်၍ ထူးခြားသည့် ပြုပြင် ပြောင်းလဲမှု မလုပ်နိုင်သေးကြောင်းလည်း တိုင်းရင်းသား ခေါင်းဆောင်များ က ပြောဆိုသည်။
ကရင်တိုင်းရင်းသား ခေါင်းဆောင်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ဒု ဥက္ကဋ္ဌ ဖြစ်သူ ပဒိုဒေးဗစ် သာကပေါ က “ငြိမ်းချမ်းရေးကို ဟန်ပြလုပ်နေရုံ၊ ပြောနေရုံနဲ့မရဘူး၊ သမ္မတကိုလည်း ငြိမ်းချမ်းရေး လုပ်ဖို့ အတွက် ဥပဒေပြု လွှတ်တော်နဲ့ စစ်တပ်က အာဏာတွေ အပြည့်အ၀ ပေးထားဖို့ လိုအပ်တယ်၊ ဦးသိန်းစိန်ကလည်း ငြိမ်း ချမ်းရေး လုပ်တာ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတာ တွေ့ရတယ်”ဟု ပြောသည်။
ပြည်တွင်း ငြိမ်းချမ်းရေးရရန် စစ်မှန်သည့် ဒီမိုကရေစီ စနစ်ပေါ်ပေါက်ပြီး စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု အဖြစ် တည် ဆောက်နိုင်မှသာ ထာဝရ ငြိမ်းချမ်းရမည်ဟုလည်း ဒေးဗစ် သာကပေါ က ဆက်ပြောသည်။
၎င်းက“တဘက်က ငြိမ်းချမ်းရေး ပြောနေတယ်၊ တဘက်က တိုက်တယ်၊ သေနတ်နဲ့ မတိုက်ရင် စစ်ရေး ပြင်ဆင်မှုတွေဖြစ်တဲ့ နေရာ တိုးချဲ့တာ၊ စစ်သား အင်အားပြတာ၊ ရိက္ခာတွေ ဖြည့်တာ စတာတွေ လုပ်တယ်၊ ဒါတွေဟာ မလုပ်သင့်ဘူး၊ စစ်ဆိုတာ သေနတ်ကြီး၊ အမြောက်ကြီးတွေနဲ့ထုထောင်းမှ စစ်တိုက်တာ မဟုတ်ဘူး”ဟု ဆိုသည်။
ဦးသိန်းစိန်က ပြောရာတွင် တိုင်းရင်းသားများ၏ လိုအပ်ချက် တောင်းဆိုချက်များကို ချန်လှပ် မထားရန်အတွက် ၎င်း၏ မိန့်ခွန်းများတွင် ထည့်သွင်း ပြောဆိုလေ့ရှိကြောင်း မြစ်ကြီးနား၌ ပြောဆိုခဲ့သည်။
သမ္မတ၏ ကချင် ခရီးစဉ်သည် ၎င်း သမ္မတ တာဝန်ယူပြီးနောက် ပထမဆုံးခရီးစဉ်ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစိုးရ အဖွဲ့ ဝန်ကြီးများလည်း ပါဝင်သည်။
ရှမ်းပြည် တိုးတက် ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ၏ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ပိန်ဖ က ပြော ရာတွင် သမ္မတနှင့်အတူ ကာကွယ်ရေး ဦးစီးချုပ် လိုက်လာခြင်းသည် ရုပ်ပြသာဖြစ်ပြီး ဦးသိန်းစိန် အနေဖြင့်လည်း ၎င်း၏ နောက်တွင် စစ်တပ်ရှိကြောင်း ပြသလိုသည့် အတွက် ဖြစ်သည်ဟု ဆိုသည်။
သို့သော် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) အား ထိုးစစ်ဆင်မှု ရပ်တန့်ရန် သမ္မတ က စစ်တပ်ကို အမိန့်ပေးခဲ့သော် လည်း လိုက်နာမှုမရှိခဲ့သည့် သာဓကများရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ကချင်ဒေသတွင်း တိုက်ပွဲများကြောင့် မည်သည့်ဘက်က ထိခိုက် ဆုံးရှုံးသည် ဖြစ်စေ တိုင်းပြည်အတွက် ဆုံးရှုံးခြင်းဖြစ်၍ နိုင်ငံအကြီးအကဲ တဦးအနေဖြင့် ကြေကွဲ ဝမ်းနည်းရကြောင်း၊ ထိခိုက်နစ်နာမှု များကိုလည်း အပြန်အလှန် အပြစ်မတင်ကြဘဲ သင်ခန်းစာယူ ဖြေရှင်းကြရမည်ဟု ဦးသိန်းစိန် က ကချင်လူထုနှင့်တွေ့ဆုံရာတွင် ပြောခဲ့သေးသည်။
ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွွဲ့အနက် ၁၄ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ပဏာမ အ ဆင့် သဘောတူ လက်မှတ် ထိုးထားပြီး ဖြစ်သော်လည်း KIA နှင့် တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှင့် လက်မှတ် ထိုးနိုင်ခြင်း မရှိသေးပေ။
သမ္မတ ဦးသိန်းစိန်သည် ယနေ့တွင် ပူတာအို ဒေသသို့ရောက်ရှိနေပြီး ဒေသခံများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး အတွက် ပြောဆိုသွားကြောင်းလည်း သိရသည်
သမ္မတ၏ ကချင် ခရီးစဉ်တွင် စစ်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရသော ကချင် စစ်ပြေး ဒုက္ခသည်များနှင့် ပတ်သက်၍ တစုံတရာပြောဆိုမှု မရှိခဲ့ကြောင်း၊ ဒုက္ခသည် စခန်းများသို့လည်း သွားရောက်မှုမရှိခဲ့ကြောင်း ကချင် ဒေသခံများက ပြောသည်။
သမ္မတ၏ ကချင်ဒေသ ခရီးစဉ်သည် နိုင်ငံရေး အမြတ်ထုတ်ရန်နှင့်ဟန်ပြ ခရီးစဉ်ဟုသာ ထင်မြင်ကြောင်းလည်း ကချင်ဒေသ ခံများ က ဧရာဝတီ ကို ပြောသည်။