ပဟေဠိဆန်ဆန် ပျောက်ဆုံးနေဆဲ ဖြစ်တဲ့ မလေးရှား လေယာဉ် နံပါတ် MH 370နဲ့ ခရီးသည် ၂၃၉ ဦး အရေအတွက် နံပါတ် တွေကို ထိုင်း- မြန်မာ ချဲထီဒိုင် တချို့က လောင်းကစားခွင့် မပေးဘဲ ပိတ်ပင် ထားတယ်လို့ သိရပါတယ်။
ယနေ့တိုင် ရှာဖွေနေဆဲ မလေးရှား MH 370 လေယာဉ် ပျောက်ဆုံးမှုဟာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံမှာလည်း စိတ်ဝင်စားစရာ ဖြစ်ရပ် တခု ဖြစ်ပါတယ်။
မလေးရှား လေယာဉ် ဖြစ်ရပ်ကို တလ နှစ်ကြိမ်ဖွင့်တဲ့ ချဲထီ လောင်းကစား ဈေးကွက်မှာ စိတ်ဝင်တစားနဲ့ လောင်းကစား လုပ် လာကြတာကြောင့် ချဲထီ ဒိုင်တွေက ၃၇၀ နဲ့ ၂၃၉ နံပါတ် နှစ်ခုကို ကြိုတင် ပိတ်ထားတာ ဖြစ်တယ်လို့ ချဲထီ ရောင်းချသူတွေနဲ့ ချဲထီထိုးကြသူတွေက ပြောပါတယ်။
တာမွေ မြို့နယ်မှာ ချဲထီ ကော်မရှင်စား ရောင်းနေသူ တဦးက“၃၇၀ နဲ့ ၂၃၉ က မတ် ၁၀ ရက်လောက် ကတည်းက ထိုးတဲ့ လူတွေ များလာလို့ ဒိုင်က လှမ်းပိတ်ခိုင်းတာ၊ ကျနော်တို့ပဲ မဟုတ်ဘူး၊ တခြားဒိုင်တွေမှာလည်း အဲ့ဒီ ဂဏန်းတွေ ထိုးလို့ မရဘူး၊ အကုန် ပိတ်တယ်”လို့ သူက ဧရာဝတီကို ပြောပါတယ်။
သုံးလုံးတိုက် ချဲထီဟာ ထိုင်း အစိုးရက နှစ်ပတ် တကြိမ် ဖွင့်ပေးတဲ့ ၆ လုံးတိုက် ထီရဲ့ နောက်ဆုံး သုံးလုံး ဖြစ်ပြီး အဲ့ဒီ့ တရား မဝင် သုံးလုံးတိုက် ချဲထီကို ထိုင်းနိုင်ငံမှာလည်း လောင်းကစား လုပ်ကြပြီး မြန်မာနိုင်ငံရဲ့ ဒေသ ပေါင်းစုံမှာလည်း တရားမဝင် ကျယ်ကျယ်ပြန့်ပြန့် လောင်းကစား လုပ်ကြပါတယ်။
နှစ်ပတ် တကြိမ်ဖွင့်တဲ့ ထိုင်း ၆ လုံးထီက မတ် ၁၆ ရက်က တကြိမ်ထွက်သွားပြီ ဖြစ်ပြီး ချဲထီ ထိုးသားတွေနဲ့ ဒိုင်တွေ အကြား မှာ ရေပန်းစား နံပါတ် မဟုတ်တဲ့“၅၃၁ ၄၀၄” ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ၃၇၀ နဲ့ ၂၃၉ ဂဏန်းတွေဟာ ချဲထီ ထိုးသားတွေ လတ်တလော လူကြိုက်များနေတဲ့ ဂဏန်းတွေ ဖြစ်တာကြောင့် နောက်တပတ် အတွက် ထိုးခွင့်ပိတ်ထားတယ်လို့ ချဲထီ ရောင်းချသူတွေ က ပြောပါတယ်။
“ဒီဂဏန်းက အရမ်းဟော့နေတော့ ဒိုင်ဘက်က ကြိုတင် ကာထားတဲ့ သဘောပါ၊ ဟော့ဂဏန်း ထွက်သွားရင် ဒိုင်က ကွဲပြီ လေ၊ ကျနော်တို့ ကော်မရှင်သမားတွေတောင် တခြား ဒိုင်တွေဆီမှာ လှမ်းပြီး ထိုးတာမရဘူး၊ သူတို့လည်း ကာကြတာပဲ”လို့ ပြည်တွင်း ချဲထီ ရောင်းချသူ တဦးက ဆိုပါတယ်။
ပျောက်ဆုံး မလေရှား လေယာဉ်နဲ့ ပတ်သက်တဲ့ ၃၇၀ နဲ့ ၂၃၉ ဂဏန်းတွေကို ထိုင်းနိုင်ငံက ချဲထီ ဒိုင်တွေက ထိုးခွင့် ပိတ်ပင် ထားတယ်လို့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ သုံးလုံးတိုက် ချဲထီ ရောင်းနေတဲ့ ထိုင်းအမျိုးသမီး တဦးက ပြောပါတယ်။
“မနေ့က ထွက်သွားတဲ့ ၄၀၄ က ဝန်ကြီးချုပ် ယင့်လတ်ရဲ့ ကားနံပါတ်လေ၊ အရင်တုန်းက ကိုယ်ကိုယ်တိုင်တောင် အမြဲတမ်း ထိုးတယ်၊ အခုမှ ထွက်သွားတာ၊ ၂၃၉ နဲ့ ၃၇၀ ဂဏန်းတွေက ဒိုင်ကကို ပိတ်ထားတာ၊ နောက်တပတ်လည်း ပိတ်တယ်”လို့ သူက ဧရာဝတီကို ပြောပါတယ်။
ချင်းမိုင်မြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတဦးဖြစ်တဲ့ ကိုဝင်းက“မနေ့က ချဲမထွက်ခင် ကျနော်လိုက်ထိုးတာ အရောင်းဒိုင် ၁၀ ခု တောင် မကဘူး၊ တခြားဂဏန်းတွေ ရတယ်၊ ၃၇၀ နဲ့ ၂၃၉ က လုံးဝမရဘူး”လို့ ဧရာဝတီ ကို ပြောပါတယ်။
သုံးလုံးတိုက် ချဲထီ လောင်းကစား လုပ်တဲ့သူ တချို့က ကိန်းဂဏန်းတွေ တွက်ချက်ပြီး လောင်းကစား လုပ်ကြသလို၊ တချို့က နတ်ကတော်၊ ဗေဒင်ဆရာ၊ ဘုန်းကြီး၊ ဘိုးတော် စတဲ့သူတွေက ပေးတဲ့ ဂဏန်းတွေကို ထိုးကြတာလည်း ရှိပါတယ်။
တချို့က သက်ရှိသက်မဲ့တွေရဲ့ ထူးခြား ဖြစ်စဉ် တချို့ကို အတိတ် ကောက်ယူပြီး သုံးလုံးတိုက် ဂဏန်းအဖြစ် လောင်းကစား လုပ်ကြ ပါတယ်။ အဲဒီ့လို အတိတ် ကောက်ယူပြီး ချဲထီ ကစားကြတဲ့ နေရာမှာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ ဟာ အများအားဖြင့် အယူအဆ တူညီကြတာကို တွေ့ရပါတယ်။
ခရီးသည် ၂၂၇ ဦး၊ လေယာဉ် ဝန်ထမ်း ၁၂ ဦး စုစုပေါင်း လူ ၂၃၉ ဦး ပါဝင်တဲ့ မလေးရှား လေယာဉ် MH 370 ဟာ မတ်လ ၈ ရက် မနက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ပျံသန်းရာမှာ လေဆိပ်က ထွက်ပြီး ၁ နာရီအကြာမှာ အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးသွားတာ ဒီနေ့ အချိန် အထိ ရှာဖွေ မတွေ့ရှိသေးပါ။