မလေးရှား ရဲတွေက ပျောက်ဆုံး နေဆဲ မလေးရှား လေယာဉ် MH 370 ပေါ်က ခရီးသည်တွေ အထဲမှာ ပါသွားတဲ့ လေ ယာဉ် အင်ဂျင်နီယာ တဦးနဲ့ ပတ်သက်ပြီး စုံစမ်းမှု လုပ်နေပြီလို့ မလေးရှား ရဲအရာကြီး တဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Reuters သတင်း တပုဒ်မှာ ဖော်ပြ ထားပါတယ်။
ပျောက်ဆုံး မလေးရှား လေယာဉ်ပေါ်မှာ လေယာဉ်နဲ့ ပတ်သက်ပြီး နည်းပညာ ဆိုင်ရာ ပျံသန်းမှု ဗဟုသုတ ရှိတဲ့ လေယာဉ် မှူးတွေနဲ့ နောက်တယောက်ကို အာရုံစိုက် စုံစမ်းလေ့လာမှုတွေ လုပ်နေတာ ဖြစ်တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။
“ဟုတ်ပါတယ်၊ ကျနော်တို့ဟာ လေယာဉ် အမှုထမ်းတွေနဲ့ အခြား ခရီးသည်တွေလိုမျိုး Mohd Khairul နဲ့ ပတ်သက်တာကို လည်း စောင့်ကြည့် နေပါတယ်၊ အဓိက အာရုံစိုက် ကြည့်နေတာကတော့ လေယာဉ်ပေါ်မှာ လေကြောင်း ကျွမ်းကျင်မှု ရှိတယ်လို့ ယူဆလို့ ရတဲ့ ဘယ်သူ့ကို မဆိုပါပဲ”လို့ စုံစမ်း စစ်ဆေးရေး အတွေ့အကြုံရင့်တဲ့ မလေးရှား ရဲအရာရှိကြီးက Reuters ကို ပြောပါတယ်။
ရဲအရာရှိ ပြောဆိုတဲ့ Mohd Khairul Amri Selamat ဟာ ဆိုရှယ် မီဒီယာမှာ ပုဂ္ဂလိက ဂျက်လေယာဉ် ကုမ္ပဏီ တခုမှာ အလုပ် လုပ်ခဲ့တယ်လို့ ပြောခဲ့တဲ့ အသက် ၂၉ နှစ် အရွယ် မလေးရှား လူမျိုး လေကြောင်း အင်ဂျင်နီယာ တဦး ဖြစ်ပါတယ်။
လေယာဉ်နဲ့ မြေပြင် အဆက်အသွယ် ပြတ်ကာ ရေဒါမှ ပျောက်သွားပြီးနောက် မိုင် ရာနှင့်ချီ ဆက်လက် ပျံသန်း သွားခဲ့ တယ် ဆိုတဲ့ အထောက်အထား တွေ့ရှိမှုအပေါ်မူတည်ပြီး လေယာဉ်ပေါ်က တစုံတဦးက လေယာဉ်ကိုထိန်းချုပ်တဲ့ သဲလွန် စ အပေါ် အခြေခံပြီး ပျောက်ဆုံး လေယာဉ်နဲ့ ပတ်သက်ပြီး အလုပ်လုပ်နေကြသူ မြေပြင် ဝန်ထမ်းတွေ၊ လေယာဉ် အမှုထမ်း တွေနဲ့ လေယာဉ်မှူးတွေရဲ့ နောက်ကြောင်း ရာဇဝင်တွေကို မလေးရှား စုံစမ်းရေး သမားတွေက သေချာ စစ်ဆေး စုံစမ်းမှုတွေ လုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပျောက်ဆုံး မလေးရှား လေယာဉ်ရဲ့ ဆက်သွယ်ရေး အချက်ပြ ခလုတ်တွေကို စနစ်တကျ ရည်ရွယ်ချက် ရှိရှိ ပိတ်ပစ်ပြီး ရေဒါမှ လေယာဉ် ပျောက်ကွယ် သွားခဲ့ပြီးနောက် လေယာဉ် လမ်းကြောင်း ပြောင်းသွားခဲ့တာကို တွေ့ရှိရတယ်လို့ သိရပါတယ်။
အခုအချိန် အထိ လေယာဉ်နဲ့ ပတ်သက်တဲ့ သဲလွန်စကို ရှာမတွေ့တာကြောင့် စုံစမ်းရေး သမားတွေက ဒီကိစ္စဟာ လေကြောင်းနဲ့ ပတ်သက်တာ၊ လေယာဉ် ဆိုင်ရာ ကျွမ်းကျင်သူ တစုံတဦးက လုပ်ဆောင်ခဲ့တာ ဖြစ်မယ်လို့ မလေးရှား အာဏာ ပိုင်တွေက ပြောဆို နေတယ်လို့ ရေးသားထား ပါတယ်။
မတ်လ ၁၅ ရက်က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မလေးရှား ဝန်ကြီးချုပ်က မူလ လမ်းကြောင်း ဖြစ်တဲ့ ကွာလာလမ် ပူ ကနေ ပီကင်း သွားမယ့် အစား အနောက်ဘက် ယွန်းယွန်းကို သိသိသာသာ လှည့်ပျံသန်း သွားခဲ့တာက လေယာဉ် လမ်းကြောင်းကို ရည်ရွယ်ချက် ရှိရှိ ထိန်းချုပ်သွားတဲ့ အထောက်အထားတွေ ရှိတယ်လို့ ပြောသွား ပါတယ်။
သံသယ ရှိနေတဲ့ လေယာဉ် အင်ဂျင်နီယာ တဦး ဆိုတာက ယင်းလေယာဉ်မှာ မဖြစ်မနေ ပြင်ဆင်ဖို့ လိုအပ်တာ ရှိရင် ပြင် ဆင်ဖို့၊ လေယာဉ် မောင်းနေစဉ်မှာ စက်ပစ္စည်းတွေ မှန်မှန် ကန်ကန် အလုပ်လုပ်တာ သေချာမှု ရှိ၊မရှိ စစ်ဆေးဖို့ အပြင် လေယာဉ်နဲ့ ပတ်သက်တဲ့ စနစ်တွေ အားလုံး ကောင်းမွန်မှု ရှိ၊ မရှိ ခြုံငုံ စစ်ဆေးဖို့ တာဝန်ရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။
သူက Execujet Aviation Group ဆိုတဲ့ ဆွစ် အခြေစိုက် ဂျက်လေယာဉ် လုပ်ငန်းစုမှာ အလုပ် လုပ်ခဲ့ဖူးတယ်လို့ ပြော ဆိုထားပေမယ့် ကုမ္ပဏီကတော့ သူ့ကို အခုထိ အလုပ် ခန့်ဖူးတယ် ဆိုတာ ပြောဖို့ ငြင်းဆို ထားပါတယ်။
Mr Khairul ၂ဝ၁၁ ခုနှစ်က စတင် ဖွင့်ထားတဲ့ ဖေ့စ်ဘုတ် အကောင့်မှာ သူဟာ မလေးရှား ဂျက် လေယာဉ်တွေရဲ့ Execujet’s Malaysian operations က ဝန်ထမ်း တဦး အဖြစ် ဖော်ပြထားတယ်လို့ ဆိုပါတယ်။်
“ကျနော်တို့ ဘာမှ ထုတ်မပြော နိုင်ပါဘူး၊ မိသားစုရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ကျနော်တို့ ကာကွယ် ချင်ပါတယ်”လို့ Execujet’s Malaysian operations ကုမ္ပဏီရဲ့ မလေးရှားရုံး အရာရှိ တဦးက ပြောပါတယ်။
Mr Khairul ဟာ သမီးတဦး ဖခင်ဖြစ်ပါတယ်။ မကြာသေးခင်က မြို့တော် ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးမှာ အိမ်တလုံး ဝယ်ထား ခဲ့ပြီး လေယာဉ် အင်ဂျင်နီယာတဦး အဖြစ် ၁ဝ နှစ် ထက်မနည်း အတွေ့အကြုံရှိသူလည်း ဖြစ်တယ်လို့ သူ့ဖခင် Selamat Omar က Reuters သတင်းဌာနကို ပြောပါတယ်။
Selamat Omar က အခု လေယာဉ် ပျောက်ဆုံးမှု ကိစ္စမှာ သူ့သား ပါဝင် ပတ်သက်တယ်၊ မပတ်သက်ဘူး ဆိုတဲ့ မှတ်ချက် စကား ပြောဆိုဖို့တော့ သူက ငြင်းဆို ပါတယ်။ Mr Selamat က သူနဲ့ သူ့မိသားစုဝင်တွေ Mr Khairul ရဲ့ အိမ်သစ်ကို ဒီလမှာပဲ အလည် သွားဖို့ ရှိတယ်လို့ ပြောပါတယ်။
သူ့ရဲ့ သားဖြစ်သူ Mr Khairul နောက်ဆုံး ပြောသွားတာက ပီကင်းမှာ အလုပ်တခု အတွက် သွားရမှာ ဖြစ်လို့ သူတို့ အစီအစဉ် ဆွဲကြမယ်လို့ လေယာဉ် ပျောက်ဆုံးမှု မတိုင်ခင်နေ့က ပြောဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
Mr. Selamat က သူရဲ့ သားနဲ့ ပတ်သက်ပြီး “သူက သူ့အလုပ်ကို ကောင်းကောင်းလုပ်တဲ့ သားလိမ္မာ တဦးပါ၊ တလမှာ အနည်း ဆုံး တခါတော့ သူ ကျနော်တို့ဆီ အလည် လာတယ်”လို့ ပြောပါတယ်။