ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မြန်မာ အစိုးရ၏ ဆောင်ရွက်မှု များသည် စနစ်ပြောင်းပြန် ဖြစ်နေကြောင်း မြန်မာ့ အရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တ်နာက ဝေဖန် ပြောဆို လိုက်သည်။
“အခု လုပ်ဆောင်နေတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ကြည့်မယ် ဆိုရင် တကယ်တမ်း ဖြစ်သင့်တာက စကား ပြောပြီးမှ သဘောတူ လက်မှတ်ထိုးတဲ့ ကိစ္စမျိုး ဖြစ်ရမှာပါ၊ အခုတော့ အရင် လက်မှတ် ထိုးမယ်၊ ပြီးမှ နိုင်ငံရေးအရ စကားပြောမယ် ဆိုတဲ့ ကိစ္စက စကားပုံ အနေနဲ့ပြောမယ် ဆိုရင် နွားရှေ့ ထွန်ကျူး သလို၊ မြင်းရှေ့ လှည်းရောက်နေသလို ဖြစ်နေပါတယ်”ဟု ၎င်းက ပြော ဆို သည်။
ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ယမန်နေ့က ကျင်းပသည့် “ငြိမ်းချမ်းရေး ဖြစ်စဉ်၊ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးနှင့် တိုင်းရင်းသား တို့၏ အခန်းကဏ္ဍ”ဟောပြောပွဲတွင် ဘာတေးလ် လင့်တ်နာ(Bertil Lintner)က အထက်ပါအတိုင်း မြန်မာ စကားပုံ တချို့နှင့် ခိုင်းနှိုင်း၍ ဝေဖန် ပြောကြားခြင်း ဖြစ်သည်။
ဆွီဒင် သတင်းစာဆရာ ဘာတေးလ် လင့်တ်နာက အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် အထောက်အပံ့ အများအပြား ရနေသော်လည်း ထင် သလောက် ခရီးမရောက်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် ယခုအထိ ယုံကြည်မှု မရှိသေးကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားသည်။
“ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အခြေအနေကို ကြည့်မယ် ဆိုရင် သူတို့ အနေနဲ့ ရွေးကောက်ပွဲတွေ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ်လို့ ပြောခဲ့ပါတယ်၊ အခုလည်း ၂၀၁၀ ရွေးကောက်ပွဲ ပြီးဆုံး သွားပေမယ့် အဲဒီ နောက်ပိုင်းမှာလည်း တိုက်ပွဲတွေနဲ့ ထိုး စစ် ဆင်တာတွေ တွေ့ခဲ့ရပါတယ်၊ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အဲဒီအပေါ် ယုံကြည်ဖွယ် မရှိဘူးဆိုတာ ယုံမှားသံသယ ရှိစရာ မလိုပါဘူး”ဟု ဘာတေးလ် လင့်တ်နာက ပြောသည်။
နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လက်ရှိ လုပ်ငန်းများတွင် စီးပွားရေးဇုန် တခု ကဲ့သို့ သဘောထားပြီး အသုံးချနေသည်ဟုလည်း ၎င်းက ပြောဆိုသည်။
“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက်မယ် ဆိုတဲ့ ကိစ္စက တကယ့် စီးပွားရေးကြီး တခုလို ဖြစ်လာပါတယ်၊ ဘာဖြစ်လို့လည်း ဆိုရင် နိုင်ငံတကာ အဖွဲ့တွေ အများကြီး ရောက်လာ ကြတယ်၊ အဲဒီ အဖွဲ့တွေက တိုးဝှေ့ ပြီးတော့ နေရာ ရအောင် လုပ်နေကြတယ်၊ ရေရှည်မှာ ဘာဖြစ်လာမလဲ ဆိုရင် သူတို့တွေဟာ မြန်မာပြည်ကိုထားပြီး တခြားနေရာ အသီးသီးကို ဆက်လက် သွားကြမှာပါ၊ ဒီမှာ သူတို့ လုပ်ခဲ့တဲ့ ကိစ္စတွေ ရှုပ်ထွွေးမှုတွေ ကျန်နေခဲ့ပါမယ်၊ ကျနော်တို့ အနေနဲ့ ဒီအပေါ် ခွဲခြမ်း စိတ်ဖြာပြီး ပြန်လည် သုံးသပ်ဖို့ လိုပါတယ်”ဟု ဘာတေးလ် လင့်တ်နာ က ထောက်ပြသည်။
ယခုရက်ပိုင်းအတွင်း သမ္မတ ဦးသိန်းစိန်၏ ကချင်ပြည်နယ် ခရီးစဉ်တွင် ကချင် ပြည်သူလူထုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သော ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် ပြောကြားမှုများ အပေါ် နိုင်ငံရေး လှုပ်ရှားသူများကို မေးမြန်းချက်များ အရ ယုံကြည်မှု နည်းပါးနေသည်ကို တွေ့ရကြောင်းလည်း ၎င်းက ပြောဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ၏ ဆွေးနွေးမှု အခြေအနေများကို စောင့်ကြည့် လေ့လာချက်များမှ တွေ့ရှိချက်များ အရ “ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်၏ စစ်လက်နက် အင်အား တောင့်တင်းသည့် အခြေအနေများကို ကြည့်ခြင်း အားဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ ပါဝင်မှုသည်လည်း အရေးပါကြောင်း ၎င်းက ထောက်ပြ ပြောဆိုသွားသည်။
စာရေးဆရာ၊ သတင်းစာဆရာ ဘာတေးလ် လင့်တ်နာသည် နှစ်ပေါင်း ၄၀ ကျော်ကြာ မြန်မာပြည် အကြောင်း အပါအဝင် အာရှရေးရာ သတင်း၊ ဆောင်းပါးနှင့် စာအုပ်များ ရေးသားခဲ့သူဖြစ်ပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်၊ စစ်အစိုးရ လက်ထက် တို့တွင် မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခံခဲ့ရသူ နိုင်ငံခြား သတင်းစာဆရာ တဦး ဖြစ်သည်။ ယခု ဦးသိန်းစိန် အစိုးရ လက်ထက်တွင်မှ ဗီဇာ ပြန်လည် ရရှိခဲ့သည်။