Women

နိုင်ငံတကာ ပြိုင်ပွဲဝင်မယ့် မယ်မြန်မာတွေ အစကောင်းပြီး အနှောင်းလည်း သေချာပါစေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

“ဒါဟာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိခိုက်စေနိုင်ပါတယ်”၊ “နိုင်ငံတကာနဲ့ ဘစ်ကနီနဲ့ Use to ဖြစ်ပေမယ့် မြန်မာအမျိုးကောင်း သမီးတွေနဲ့ ဘယ်လိုမှ မလိုက်ဖက်ပါဘူး” “ ဒီလို ချွတ်ပြမှ မြန်မာပြည်ကို နိုင်ငံတကာက သိမယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ဘူး” “အင်တာနက် ဆုရဖို့အရေး ဖေ့ဘုတ်မှာ Like လုပ်ပေး” စတဲ့ စတဲ့ အသံဗလံတွေနဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာမှ နိုင်ငံတကာ မယ်ပြိုင်ပွဲတွေကို ပြန်ဝင်ခဲ့ရတဲ့၊ ပြန်ဝင်ဝင်ချင်း ကာလတွေမှာလည်း Facebook လူမှုကွန်ရက်ကြီးမှာ ဖြစ်စဉ်ပေါင်းစုံနဲ့ အကြီးအကျယ် ဂရက် ရိုက်သွားခဲ့ရပြီး ကီးဘုတ်တိုက်ပွဲတွေ ဖြစ်သွားခဲ့ကြရတဲ့၊ သွားပြိုင် ရတဲ့ မြန်မာကိုယ်စားပြု မယ်တွေခမျာလည်း အကြီးအကျယ် အဆဲခံ အဆူခံခဲ့ရတဲ့ Miss ဘာပြိုင်ပွဲ၊ ညာ ပြိုင်ပွဲတွေကို မှတ်မိကြဦးမှာပါ။

မစပ်စုကတော့ မှတ်မိလွန်းအားကြီးနေတော့ ကိုယ့်နိုင်ငံက အလှမယ်တွေတင်မက၊ သူတို့နဲ့ အပြိုင်ဖြစ်လာမယ့် တခြားတခြားသော နိုင်ငံတကာက အလှမယ်တွေရဲ့ လှုပ်ရှားမှုတွေ၊ သူတို့ Organization တွေရဲ့ လှုပ်ရှားမှုတွေကို သူတို့ရဲ့ Facebook စာမျက်နှာထက်မှာ စောင့်ကြည့် မိနေလေတော့ သတိထားမိသွားတာ တခုရှိလာပါတယ်။

အဲ့ဒါကတော့ နှစ်တနှစ်ရဲ့ နောက်ဆုံးလများမှာ ကျင်းပ ပြုလုပ်လေ့ရှိတဲ့ နိုင်ငံတကာရဲ့ အလှမယ် ပြိုင်ပွဲ ကြီးတွေကို ဝင်ပြိုင်နိုင်ဖို့ရန် နိုင်ငံတကာက ကိုယ့်နိုင်ငံကို ကိုယ်စားပြုမယ့် အလှမယ်တွေကို နှစ်စက တည်းက ရွေးထုတ်ပြီးလို့ အင်တာနက်က အလှ စာမျက်နှာထက်တွေမှာ၊ Facebook စာမျက်နှာ ထက်တွေ မှာ မိတ်ဆက်လို့နေပါပြီ။

ဒီလို ၂၀၁၄ ရဲ့ အလှမယ်ပြိုင်ပွဲကြီးတွေအတွက် သူ့နိုင်ငံအလိုက် ကိုယ်စားပြု အလှမယ်တွေ ရွေးထုတ် ပြီးလို့ လေ့ကျင့်မှုတွေ အကြီးအကျယ် ပြုလုပ်နေကြပြီဆိုလေတော့ မစပ်စုတို့နိုင်ငံကို ကိုယ်စားပြုမယ့် မြန်မာ အလှမယ်လေးတွေရော ဘယ်ဆီကိုရောက်လို့ ဘယ်ခရီးအထိ ပေါက်နေပြီလဲဆိုတာ သိချင်လာ တာတော့ အမှန်ပါပဲ။ အရင်နှစ်ကလည်း ပထမဆုံး စလုပ်ရတဲ့ နှစ်တွေဆိုတော့ သွားခါနီး လာခါနီးမှ ပြိုင်ပွဲလုပ် အပူတပြင်း လူရွေး ပြီးတော့ တလပဲ သင်တန်းပေးလိုက်ရလို့၊ အချိန်မရလိုက်လို့ ပြင်ဆင်မှုတွေ အားနည်းသွားပါတယ် ဆိုတဲ့ အသံဗလံတွေလည်း ရှိခဲ့တယ်ဆိုတော့လေ။ ဒီနှစ်တော့ ပြင်ဆင်ချိန် ရကောင်းပါရဲ့ပေါ့။

ဆိုတော့ မစပ်စု နားစွင့် ကြည့်မိတာ Miss Supranational Myanmar ၊ Miss Grand International Myanmar၊ Miss Intercontinenal Myanmar စတဲ့ နိုင်ငံတကာအဆင့် အလှမယ်ပြိုင်ပွဲကြီးဆီသို့ မြန်မာ့ အလှမယ်လေးတွေကို စေလွှတ်ယှဉ်ပြိုင်စေမယ့် Miss Golden Land Myanmar Organization ကတော့ ဒီပြိုင်ပွဲ သုံးခုအတွက် လာမယ့် မေလမှာ လူရွေးပွဲကြီးကို လုပ်မယ်ဆိုတဲ့ အသံလေး သဲ့သဲ့တော့  ကြားလာရပါတယ်။

ဒီ ပြိုင်ပွဲကြီး သုံးပွဲမှာ ပါဝင်ယှဉ်ပြိုင်ချင်တဲ့ အလှမယ်တွေကို လျှောက်လွှာများ ခေါ်ယူထားပြီးဖြစ်ကာ ဧပြီ ၁၀ ရက်နေ့မှာတော့ လျှောက်လွှာတွေ အားလုံးပိတ်မယ်လို့ သိရပါတယ်။ ပြိုင်ပွဲကို မေလ တလလုံးနီးပါး ကျင်းပမှာဖြစ်ပြီး ရှေ့ပိုင်းမှာတော့ အကြို ပဏာမ လူရွေးပွဲတွေ အဆင့်ဆင့် ပြုလုပ်မှာပါ။ ဒီလိုရွေးချယ်ပြီး သွားရင်တော့ ဖိုင်နယ်ပွဲကြီးအတွက် ပြိုင်ပွဲဝင်တွေကို Camp သွင်း လေ့ကျင့် သင်ကြားပေးသွားမှာဖြစ် တယ်လို့ သိရပါတယ်။

“ပြိုင်ပွဲဝင် အရေအတွက်ကိုတော့ ကန့်သတ်မထားဘူး။ ပြိုင်ပွဲ လျှောက်လွှာရှင်တွေထဲကနေမှ အရည် အချင်း ပြည့်မီတဲ့သူ၊ စင်မြင့်ထက်မှာ တင်လို့လှမယ့်သူတိုင်းကို စင်ပေါ်တင်သွားမှာဖြစ်တဲ့အတွက် ဥပမာ- အယောက်ငါးဆယ်လုံးက တော်နေတဲ့ဆိုရင်လည်း အယောက် ငါးဆယ်လုံး ကျနော်တို့ Camp သွင်းရင်သွင်းမယ်၊ ဒါမှမဟုတ် အရည်အချင်းပြည့်မီတဲ့သူက ဆယ်ယောက်ပဲရှိတယ်ဆိုရင်လည်း ကျနော်တို့က ဒီဆယ်ယောက်နဲ့ ပွဲဖြစ်အောင်လုပ်သွားမယ်။ အဲဒီအတွက် ကျနော်တို့ လူဦးရေကို ကန့်သတ်မထားဘူး။ နောက်ပြီးတော့ ဖိုင်နယ်ပြိုင်ပွဲ တခုတည်းတင် မဟုတ်ပါဘူး၊ ကျနော်တို့က Body၊ Beauty၊ Brain စတဲ့ ဒီအရည်အချင်းတွေ အားလုံး စစ်ဆေးမှာဖြစ်တဲ့အတွက် ပြိုင်ပွဲကာလကတော့ ကြာမယ်” လို့ Miss Golden Land Myanmar Organization  တည်ထောင်သူ CEO ဦးဝေယံအောင်က ဧရာဝတီကိုပြောပါတယ်။

ဖိုင်နယ်ပြိုင်ပွဲဝင်ကို ဝင်ရောက်ယှဉ်ပြိုင်ကြရမယ့် အလှမယ်တွေကို မေလပထမပတ်က စလို့ Training Camp သွင်းပြီး လေ့ကျင့်ပေးသွားမှာဖြစ်ကာ ဒီကာလအတွင်းမှာ မယ်ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်း အရာများ အစီအစဉ်များကို နိုင်ငံတကာက ပညာရှင်တွေက ဒီအဖွဲ့အစည်းနဲ့အတူ လေ့ကျင့် သင်ကြား ပေးသွားမှာပါ။

Training ကာလ အတောအတွင်းမှာလည်း အလှမယ်တွေအနေနဲ့ Sport Competition ဆိုတဲ့ မယ်တွေရဲ့ ကိုယ်ကာယအလှ ယှဉ်ပြိုင်မယ့် အားကစားပြိုင်ပွဲ၊ မယ်တွေရဲ့ အရည်အချင်းတွေကို စစ်ဆေးတဲ့ Top Model Competition ၊ ဒါ့အပြင် အလှမယ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေး ပင်ကိုယ်ပါရမီ စွမ်းရည်၊ အနုပညာပါရမီစွမ်းရည်ကို စစ်ဆေးတဲ့ Talent ပြိုင်ပွဲ ပဏာမပြိုင်ပွဲတွေနဲ့အတူ အင်တာဗျူး စစ်ဆေးခြင်းတွေ စတာတွေကို မေလတလလုံးမှာ သတ်မှတ်ထားတဲ့ အစီအစဉ်တွေ အတိုင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။  ဖိုင်နယ်ပွဲကြီးကို အမျိုးသား ကဇာတ်ရုံမှာ ကျင်းပနိုင်ဖို့  ခန့်မှန်းထားပြီး အဲဒီပြိုင်ပွဲမှာမှ Miss Supranational 2014၊ Miss Grand International 2014 ၊ Miss Intercontinenal 2014 စတဲ့ နိုင်ငံတကာ ပြိုင်ပွဲကြီး သုံးခုအတွက် သွားရောက်ယှဉ်ပြိုင်ရမယ့် နိုင်ငံ ကိုယ်စားပြုအလှမယ် သုံးယောက်ကို ရွေးထုတ်ပြီး သရဖူ ပေးမယ်လို့ သိရပါတယ်။

“Miss ဖြစ်လာတဲ့ ဒီသုံးယောက် အတွက် ကျနော်တို့ နိုင်ငံတကာက Pageant expert  တွေ၊ ဒီမယ်ပြိုင် ပွဲတွေမှာ အောင်မြင်ကျော်ကြားနေတဲ့ ဖိလစ်ပိုင်နိုင်ငံက ပညာရှင်တွေ သူတို့တွေကို ခေါ်မယ်။ နောက် တောင်အမေရိကဘက်က ပညာရှင်တွေလည်း လာမှာပါ။ ထိုင်းက ပညာရှင်တွေလည်း လာပြီးတော့ မယ်တွေအတွက် သင်တန်းတွေ ပေးမယ်။ ကျနော်တို့ အဖွဲ့အစည်း ဘက်ကလည်း တတ်နိုင်သမျှ ဒီအလှမယ်တွေအတွက် ဝတ်စားဆင်ယင်မှုပိုင်း၊ အပြင်အဆင်ပိုင်းတွေ၊ နောက် မြန်မာနိုင်ငံမှာရှိတဲ့ ဒီဇိုင်းနာလောက၊ မိတ်ကပ်ပညာရှင်တွေ အားလုံးပူးပေါင်းပြီးတော့ ဒီအလှမယ်တွေ အတွက် အောင်နိုင်ရေးအစီအစဉ်တွေ ဆက်ပြီးတော့ ကြိုးစားမှာပါ။ တချိန်တည်းမှာပဲ ကျနော်တို့အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်တွေဖြစ်တဲ့ ပရဟိတ လုပ်ငန်းတွေကို သေချာအားစိုက်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ သင်တန်းတွေပေးမယ်၊ ရသွားတဲ့ မယ်တွေက ကျနော်တို့ ဒီ အဖွဲ့အစည်းမှာပဲ အချိန်ပြည့် Volunteer အနေနဲ့ နေထိုင်သွားရမယ်။ နေထိုင်သွားတဲ့ အချိန်အတွင်းမှာ၊ သူတို့အားလုံးက Miss Myanmar အဖြစ် ဆက်ခံနေစဉ် တနှစ်အတွင်းမှာ ပရဟိတတွေကို အချိန်ပြည့်ပေးဆပ်ပြီးတော့ အလုပ်လုပ်ရမယ်။ Miss Myanmar ရဲ့ ပုံရိပ်ကိုပိုပြီးတော့ မြှင့်တင်သွားဖို့အတွက် ဒီနှစ်မှာတော့ ကြပ်ကြပ်မတ်မတ်နဲ့ ဆောင်ရွက် နေပါတယ်” လို့ ဦးဝေယံအောင်က ဆိုပါတယ်။

လက်ရှိနိုင်ငံတကာက အလှမယ်ပြိုင်ပွဲလောကရဲ့ သရဖူတွေကို စိုးမိုးထားနိုင်တဲ့ နိုင်ငံတော်တော်များ များကို သတိထားကြည့်လိုက်ရင် သူတို့နိုင်ငံရဲ့ အလှမယ်တွေနဲ့ သူတို့ကို ပံ့ပိုးပေးရတဲ့ အဖွဲ့အစည်းေ တွဟာ နှစ်ကုန်ပိုင်းမှာ သွားရောက် ယှဉ်ပြိုင်ကြရမယ့် ပြိုင်ပွဲကြီးအတွက် နှစ်စက စလို့ လူရွေးချယ်ပြီးတာ နဲ့ အဲဒီနိုင်ငံကိုယ်စားပြု အလှမယ်တွေဟာ ပြိုင်ပွဲကြီးသွားရောက် မယှဉ်ပြိုင်ခင် သူတို့ နိုင်ငံရဲ့ လိုအပ်တဲ့ ထောင့်တနေရာကနေ တနှစ်ပတ်လုံး အားဖြည့်စွမ်းဆောင်ပြီးမှသာ သွားရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။

အလှမယ်ဆိုလို့ လှနေရုံနဲ့ ပြီးမယ်လို့ မထင်ပါနဲ့။  ဒီအမျိုးသမီးတယောက်ဟာ အလှအပ ပြီးပြည့်စုံ မှုအပြင် နိုင်ငံနဲ့ လူမျိုးအတွက် ဘယ်လောက်အထိ အရေးပါ အရာရောက်သောသူ၊ မိမိနိုင်ငံအပေါ် ဘယ်လောက်အထိ နားလည် တတ်စွမ်းနိုင်တဲ့သူဖြစ်မလဲဆိုတဲ့ အချက်တွေဟာလည်း အလှမယ်ပြိုင်ပွဲ တခုရဲ့ သရဖူရရှိနိုင်ဖို့ အခွင့်အလမ်းတွေပါပဲ။ တချို့သော နိုင်ငံတကာ အလှမယ်များဟာ နိုင်ငံ ကိုယ်စားပြု အဖြစ် သူ့ကို ရွေးချယ်ခံလိုက်ရတော့မှ ထပြီး လုပ်စရာရှိတာ ထလုပ်၊ ထသင် ခဲ့ကြသူတွေ မဟုတ်ဘဲ ငယ်စဉ်ကတည်းက လိုအပ်တဲ့ ပညာရပ်တွေမှာ သေချာ လေ့လာဆည်းပူး သင်ကြားခဲ့ကြ သူတွေလည်းရှိကြပါတယ်။

အခုလျှောက်လွှာတင် အခုလူရွေး အခု Camp သွင်းပြီး တလသင်တန်းပေး၊ ပြီးတော့ လွှတ်နဲ့ နှစ်ပေါင်း ၃၀ ကျော်အကြာမှာ ပြန်နိုးထခဲ့ရတဲ့ မယ်မြန်မာတွေအနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေမှာတော့ မရင်းနှီးသေးတဲ့ လုပ်ငန်း တခုကို စတင် လိုက်ရပေမယ့် အခု ဒီနှစ်ကစလို့ အရင်နှစ်တွေရဲ့ အားနည်းချက်၊ အားသာ ချက်တွေကို ခွန်အားတခုအနေနဲ့ ပြန်လည်အသုံးချပြီး ခြေလှမ်းအသစ်တွေ စလှမ်းသင့်နေပြီလို့ ထင်ပါတယ်။

ဒီလို နိုင်ငံတကာအနေနဲ့ မြန်ဆန်တဲ့ ခြေလှမ်းတွေကို လှမ်းနေတဲ့အချိန်မှာ နှစ်ပေါင်း ၃၀ ကျော်အကြာမှ အမီလိုက်နေရတဲ့ မြန်မာနိုင်ငံကတော့ အခုမှ လူရွေးဖို့ လျှောက်လွှာခေါ်နေပါပြီဆိုတာ နောက် မကျလွန်း ဘူးလား လို့  မစပ်စု မေးကြည့်တော့

“ကျနော့်အနေနဲ့ကတော့ ဒီပြိုင်ပွဲတွေကို အချိန်ယူပြီးလုပ်ဖို့လိုတယ်လို့ မြင်ပါတယ်။ ကျနော်တို့ ကိုယ်တိုင် ကိုလည်း မေလမှ လုပ်မယ်ဆိုတာ တကယ်တမ်းဆိုရင် တကယ်ကို နောက်ကျပါတယ်။ အနည်းဆုံး မယ်တွေအနေနဲ့ ကိုယ့်နိုင်ငံအတွက် ကိုယ်စားပြုပြီး ပြိုင်ဖို့ဆိုရင်  အရည်အချင်းတွေ ပြည့်မီနေဖို့ သူတို့ကို တနှစ်လောက်တော့ သင်တန်းပေး လေ့ကျင့်ပေးဖို့တော့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီ အဖွဲ့အစည်းဘက် ပိုင်းမှာကျတော့လည်း စပြီးတော့ ကျင်းပတာက အခုမှ တနှစ်ပဲ ရှိသေးတယ်၊ အဲဒီတော့ ကျနော်တို့ဘက်က အခက်အခဲကတော့ ဒီပြိုင်ပွဲတွေ ကျင်းပတဲ့အခါမှာလည်း တကယ့်ကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားနဲ့ ကျင်းပမယ်၊ ငွေးကြေးတွေ အများကြီး အကုန်အကျ ခံရမယ်ပေါ့။ အဲဒီအခါမှာ ကျနော်တို့ ပွဲတွေကို ပူးပေါင်းပါဝင်ဖို့အတွက် စပွန်ဆာ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေကို ဒီပွဲတွေမှာ ပူးပေါင်းပါဝင်ဖို့အတွက် ရှာရပါတယ်။ အဲဒီအတွက် ကျနော်တို့ အချိန် အနည်းငယ် နောက်ကျသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်နှစ်ကစပြီးတော့ ကျနော်တို့တွေ ဇန်နဝါရီလလောက် ဆိုရင် ပွဲတွေကို စပြီးတော့ နှစ်စဉ် ဇန်နဝါရီလ၊ ဒါမှမဟုတ်ရင် ဒီဇင်ဘာလကုန်ပေါ့၊ အဲဒီလိုမျိုးတွေ ကျနော်တို့ ကျင်းပဖို့အတွက် စီစဉ်နေပါတယ်။ ဒီနှစ်ကိုတော့ နည်းနည်း နောက်ကျ သွားတယ်လို့ ပြောလို့ရပါတယ်။ တခြား Organization တွေအနေနဲ့လည်း  သူတို့အခက်အခဲရှိရင် ရှိမှာပေါ့။ ဒါပေမယ့် ကျနော့် အနေနဲ့ကတော့ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီးတော့ အရည်အချင်းတွေ ပြည့်မီဖို့အတွက် Training တွေ အများကြီးပေးဖို့ လိုအပ်တယ်၊ အချိန်တွေအများကြီးယူဖို့ လိုအပ်တယ်” လို့ ဦးဝေယံအောင်က ရှင်းပြပါတယ်။

မနှစ်က အသံဗလံပေါင်းစုံနဲ့ ရုရှနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ကြရတဲ့ Miss Universe Myanmar ကတော့ အခုနှစ်မှာ ဇူလိုင်လအတွင်း ကျင်းပဖို့ လျာထားတုန်းပဲ ရှိသေးတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ နှစ်တုန်းကလည်း အချိန်အတိုင်းအတာအရ အောက်တိုဘာမှ လုပ်လိုက်တယ်။ ဒီနှစ်ကို ကျမတို့ က ရှေ့နည်းနည်းတိုးပြီးတော့ အချိန်ရအောင်လို့ ဇူလိုင်ကို လုပ်တာပါ။ တချို့ကျန်တဲ့သူတွေ တင်ထား တယ်ဆိုတာ သူတို့ကလေ ပွဲတွေဘာတွေ မလုပ်ဘဲနဲ့ ပွဲအသေးလောက်ပဲ လုပ်ပြီးတော့ ရွေးလိုက်တဲ့ သဘောမျိုးပေါ့။ ကျမတို့ကျတော့ ပွဲကလည်း နည်းနည်း ခမ်းခမ်းနားနားလေး လုပ်ချင်တာကြောင့်ပါ။ ကျမတို့က အခုမှ စလုပ်တာ ဒါ ဒုတိယမြောက် နှစ်ပေါ့နော်။ ပထမဆုံးနှစ်မှာ ကျမတို့ တလလောက်ပဲ အချိန်ရတယ်။ အခု ဒုတိမြောက်နှစ်မှာ ဘာပဲပြောပြော နှစ်လ သုံးလလောက်အချိန်ရလာတယ်ပေါ့။  နောက်ပိုင်း လုပ်ရင်း လုပ်ရင်းနဲ့တော့ ကျမတို့ ရှေ့ကို တိုးတိုးသွားမှာပါ။ တခြားနိုင်ငံတကာမှာ လုပ်နေ တာက နှစ်စ ကတည်းကရွေးတယ်၊ ပထမနှစ်ကတည်းက ကြိုရွေးတယ်ဆိုတာ သူတို့က လုပ်လာတာ နှစ် ပေါင်း ၂၅ နှစ် ၃၀ လောက်ရှိပြီ။ ကျမတို့လည်း နောက်နှစ်တွေ ကျရင်တော့ အချိန်ပိုပိုပြီးရလာမယ် ထင်ပါတယ်။ တချို့ နိုင်ငံတွေဆိုရင် စက်တင်ဘာ အောက်တိုဘာလောက်မှ လုပ်တဲ့ နိုင်ငံတွေလည်းရှိ ပါတယ်။ အချိန်ကတော့ အရမ်းကြီး မဟုတ်ဘူး။ ဟိုဘက် ဒီဘက် မျှယူထားတာပေါ့နော်။ ကျမတို့ ဘက် ကလည်း ပြင်ဆင်ချိန်လေးရအောင်၊ ပြီးတော့ သူ့အတွက်လည်းအချိန်ပိုရအောင် ကြားလောက်ကို ချပြီး ဇူလိုင်ကို သတ်မှတ်လိုက်တာပါ” လို့ Miss Universe Myanmar Organization က National Director ဒေါ်စိုးယုဝေက ဧရာဝတီကို ပြောပါတယ်။

ဒါကတော့ ဘယ်လတော့ လုပ်မယ်။ ဘယ်လတော့ လုပ်ဖို့ လျာထားပြီဆိုတဲ့ နိုင်ငံတကာ မယ်ပြိုင်ပွဲ တွေဆီ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ကြမယ့် မယ်မြန်မာတွေရဲ့ ခြေလှမ်းတွေပါ။ ဒီလို လုပ်မယ်၊ လျာထားပြီဆိုတဲ့ ခြေလှမ်းတွေရှိသလို၊ အရင်နှစ်တွေက သွားရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ၂၀၁၄ အတွက်တော့ အခုထက်ထိ ဘာသံမှ မကြားရသေးတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမယ့် မယ်မြန်မာတွေလည်း ရှိနေပါသေးတယ်။ ဒါတွေကလည်း ဘယ်တော့ လူရွေးမှာလဲ၊ ဘယ်တော့ သင်တန်းတွေပေးမလဲ၊ ဘယ်လို လေ့ကျင့်သင်ကြားပေးမလဲ ဆိုတာ သိချင်စမ်းပါဘိ။ ပွဲနားကပ်တော့မှ တလပဲ အချိန်ရလိုက်လို့ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်ဆိုတဲ့ Press Conference နဲ့တင် ပြီးလေဦးမလားပဲ။

နိုင်ငံတကာနဲ့ ယှဉ်ရင် အစစအရာရာမှာ ၁ ကနေ ပြန်စနေရလို့ တိုးတက်မှုနှုန်း အင်မတန် နောက်ကျ လွန်းတဲ့ မစပ်စုတို့ မြန်မာပြည်ကြီး ဆိုတော့လည်း အပြစ်မရှိ အပြစ်ရှာပြီး ဒါကိုပဲ အပြစ်တင် ရလေ မလားပဲ။ ကိုယ့်နိုင်ငံကြီးကို တခြားသော နိုင်ငံတွေနဲ့ တန်းတူရည်တူ အမြန်ဆုံးတိုးတက်ပြောင်းလဲ ချင်နေတဲ့ မစပ်စုရေ … စိတ်လျှော့ဦးမှပါလေ။

Did you find apk for android? You can find new Free Android Games and apps.
Loading